ဆိုက်ဘာလုံခြုံရေး အသိပညာပေးရေး စတင်လှုပ်ရှား
2019.10.04
မြန်မာနိုင်ငံမှာ အစိုးရဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွေ တိုက်ခိုက်ခံရမှု မြင့်မားနေပြီး E-government လုပ်ငန်းစဉ် ပီပြင်လာချိန်မှာ ဆိုက်ဘာလုံခြုံရေးစနစ် အားနည်းချက်ကြောင့် အစိုးရလုပ်ငန်းစဉ်တစ်ခုလုံး ရပ်တန့်သွားနိုင်တယ်လို့ ဆိုက်ဘာလုံခြုံရေးဦးစီးဌာနက သတိပေးလိုက်ပါတယ်။
RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ဆက်ထားပါတယ်။
■ အစိုးရဝန်ကြီးဌာနဝက်ဘ်ဆိုက်တွေဟာ လက်သည်မပေါ်တဲ့ ဆိုင်ဘာတိုက်ခိုက်မှု တစ်နှစ်မှာ ပျမ်းမျှ ၂၅ ကြိမ်ခန့်ကြုံတွေ့နေရကြောင်း၊ သတင်းအချက်အလက် နည်းပညာနဲ့ ဆိုက်ဘာလုံခြုံရေးဦးစီးဌာနက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒီနေ့ ရန်ကုန်မြို့မှာကျင်းပတဲ့ မြန်မာပြည်သူတွေနဲ့ အဖွဲ့အစည်းတွေကို ဆိုက်ဘာလုံခြုံရေး အသိပညာပေးမြှင့်တင်တဲ့အနေနဲ့ အောက်တိုဘာလကို Myanmar Cybersecurity Month အဖြစ် ကျင်းပတဲ့ပွဲမှာ အခုလို ပြောကြားလိုက်တာပါ။
ဆိုက်ဘာလုံခြုံရေး တိုက်ခိုက်ခံရမှုတွေကို လေ့လာကြည့်တဲ့အခါ မြန်မာနိုင်ငံမှာ အစိုးရဝန်ကြီးဌာနတွေ၊ ဘဏ်တွေ၊ နာမည်ကျော်ကြားသူတွေရဲ့ ဖေ့စ်ဘွတ်အကောင့်တွေ တိုက်ခိုက်ခံရမှုတွေဟာ အများဆုံးဖြစ်တယ်လို့ သတင်းအချက်အလက်နည်းပညာနဲ့ ဆိုက်ဘာလုံခြုံရေးဦးစီဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးရန်နောင်စိုးက က ပြောပါတယ်။
"ဝန်ကြီးဌာနတစ်ခုရဲ့ ဝက်ဘ်ဆိုက်ကိုပဲ ကွက်ပြီးတိုက်ခိုက်တာတွေ ကျွန်တော်တို့ ကြုံရပါတယ်၊ နောက်တစ်ခုကတော့ အွန်လိုင်းကနေ သုံးတဲ့အကောင့် ဟက်ဖို့ကြိုးစားတဲ့ ဖစ်ရှင်တို့ ဆိုရှယ်အင်ဂျင်နီးယားရင်းနည်းနဲ့ တိုက်ခိုက်တာတွေဖြစ်တယ်၊ နောက်တစ်ခုက ၂၀၁၄ ခုနှစ်မှာ ပုဂ္ဂလိက ဘဏ်တွေတချို့ရဲ့ ATM ကတ်အတုနဲ့ ငွေခိုးထုတ်တာတွေ ကြုံရတယ် အများစုက ကျွန်တော်တို့ဆီမှာ အဲဒါတွေ များပါတယ်"
အဲဒီလို တိုက်ခံရမှုများပေမယ့် အများစုက အစိုးရဆိုက်ဘာလုံခြုံရေး ဦးစီဌာနဆီတင်ပြလာတာ နည်းပါးကြောင်းနဲ့ အထူးသဖြင့် တိုက်ခိုက်ခံရတဲ့ဌာန၊ အဖွဲ့အစည်း၊ စီးပွားရေးတွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှာစိုးရိမ်ပြီး တိတ်တဆိတ်ဖြေရှင်းနေတာတွေရှိတာမို့ ကိန်းဂဏန်းအချက်အလက်တွေ မပြည့်စုံနိုင်ဘူးလို့လည်း ဦးရန်နောင်စိုးက သုံးသပ်ပါတယ်။
ဒါ့အပြင် အစိုးရရဲ့ လုပ်ငန်းစဉ်တွေကို E-government စနစ်နဲ့ အွန်လိုင်းကနေ အပြည့်အဝလုပ်ဆောင်နိုင်တဲ့ အချိန်ရောက်လာခဲ့ရင် ဆိုက်ဘာလုံခြုံရေးစနစ် အားနည်းချက်ကြောင့် အစိုးရလုပ်ငန်းစဉ်တစ်ခုလုံး ရပ်တန့်သွားနိုင်တဲ့ အခြေအနေရှိတာမို့ အရမ်းအန္တရာယ်များတယ်လို့လည်း ဦးရန်နောင်စိုးက ပြောပါတယ်။
"အစိုးရရဲ့လုပ်ငန်းတွေ E-Government ကို အကောင်အထည်ဖော်တဲ့အခါ အချက်အလက်တွေ အစိုးရရဲ့ စာပေးစာယူတွေ အပြည့်အဝလုပ်ဆောင်ပြီဆိုရင် ဒေတာစင်တာတွေရဲ့ ဆာဗာထဲမှာထားမယ် ကျွန်တော်တို့က လုံခြုံအောင်မလုပ်နိုင်ရင် ဟက်ကာတွေက ကိုယ့်ရဲ့ အချက်အလက်တွေကို ရယူတာ၊ ဖျက်တာတွေ ပြောင်းတာတွေ အများကြီးကြုံနိုင်တယ်၊ အကယ်လို့များ ဆိုက်ဘာလုံခြုံရေးက အားနည်းနေရင် အစိုးရရဲ့ လုပ်ငန်းစဉ်တွေတောင် ရပ်တန့်သွားနိုင်ပါတယ်၊ အရမ်းအန္တရာယ်များပါတယ်"
သတင်းအချက်အလက်နည်းပညာနဲ့ ဆိုက်ဘာလုံခြုံရေးဦးစီးဌာနအနေနဲ့ ဆိုက်ဘာဥပဒေ မူကြမ်းရေးဆွဲဖို့ လုပ်ဆောင်နေပြီး အဲဒီမူကြမ်းအတွက် ဝန်ကြီးဌာန အသီးအသီးက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွားဖို့ရှိတယ်လို့လည်း ပြောပါတယ်။
လူမှုကွန်ရက်တွေပေါ်မှာ ခြိမ်းခြောက်တာတွေ၊ ငွေညှစ်တာတွေ၊ အွန်လိုင်း ငွေပေးချေမှုတွေကနေ လိမ်လည်မှုတွေ ရှိနေတာကြောင့် အွန်လိုင်းမသမာမှုတွေက ဆက်ရှိနေဦးမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။
"ဆိုရှယ်မီဒီယာပေါ်မှာဆိုရင် အနိုင်ကျင့်ခံရတာတွေ၊ ခြိမ်းခြောက်ခံရတာတွေ အဲလိုမျိုးတွေရှိပါတယ်၊ နောက်တစ်ခုက Payment တွေမှာ မြန်မာလူမျိုးက ယုံလွယ်တယ်လေ ယုံလွယ်တဲ့အတွက်ကြောင့် ညာပြီးတော့ ငွေလွှဲပေးဆိုရင် ကိုယ်ဘယ်လောက်ရပါမယ်၊ ထီပေါက်တယ်ဆိုရင် လောဘနဲ့ပေါ့နော် ကိုယ်ကအရင်လွှဲပေးလိုက်ရပြီး မသိလိုက်ဘဲ ငွေတွေပေးလိုက်ရတယ် လိမ်ခံလိုက်ရတယ် အဲဒါမျိုးတွေရှိတယ်ပေါ့နော်၊ အဲဒီတော့ ဆိုက်ဘာနဲ့ ပတ်သက်ပြီး မသမာမှုတွေကတော့ ရှိနေပါတယ်"
ဆိုက်ဘာမသာမှုတွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို တိုင်ကြားနိုင်ကြောင်း၊ ဆိုက်ဘာတိုက်ခိုက်မှုတွေကိုတော့ အမျိုးသားဆိုက်ဘာလုံခြုံရေးဌာန အောက်မှာရှိတဲ့ မြန်မာနိုင်ငံ ကွန်ပျူတာအရေးပေါ် တုံ့ပြန်ရေးအဖွဲ့ကို သတင်းပေးပို့ရင် ကူညီဖြေရှင်းပေးသွားမယ်လို့ သိရပါတယ်။
ဆိုက်ဘာလုံခြုံရေးကာလမှာ အသိပညာပေးတာတွေကို အပိုင်း ၂ ပိုင်းနဲ့ လုပ်ဆောင်သွားမှာဖြစ်ပြီး ပြည်သူလူထုကို အသိပညာပေးလုပ်ဆောင်တာနဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို ဆိုက်ဘာ တိုက်ခိုက်ခံရမှုတွေ ကြုံလာရင်တုံ့ပြန်ရမယ့် အချက်တွေကို အသိပေးမယ့်အပိုင်းပါဝင်ကြောင်း သိရပါတယ်။
ဒီကနေ့ပွဲကို မြန်မာနိုင်ငံရဲ့ပထမဦးဆုံး နိုင်ငံလုံးဆိုင်ရာ ဆိုက်ဘာလုံခြုံရေးအသိပညာပေးလအဖြစ် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်၊ မြန်မာသတင်းအချက်အလက် လုံခြုံရေးအဖွဲ့အစည်း၊ မြန်မာနိုင်ငံဆိုင်ရာ US ICT တို့က ပူးတွဲကျင်းပတာဖြစ်ပါတယ်။
အောက်တိုဘာလ တစ်လလုံးကို ကမ္ဘာတစ်ဝှမ်းလုံးမှာ ဆိုက်ဘာလုံခြုံရေး အသိပညာပေးရေး လှုပ်ရှားမှုတွေ ပြုလုပ်နေကြပြီး မြန်မာအနေနဲ့လည်း အမေရိကန်၊ ကနေဒါ၊ ဂါနာနဲ့ အခြားဥရောပ နိုင်ငံတွေနည်းတူ ဆိုက်ဘာလုံခြုံရေး လှုပ်ရှားမှုကို တစ်လကြာ ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။
(RFA သတင်းထောက် ကိုနေမျိုးထွန်း စုစည်းတင်ပြသည်။)