ကုန်ကြမ်းရှားပါးနေတဲ့ ဒါးပိန်က ပန်းပုလုပ်ငန်း

2022.06.15
ကုန်ကြမ်းရှားပါးနေတဲ့ ဒါးပိန်က ပန်းပုလုပ်ငန်း ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်း ဒါးပိန်တိုက်နယ်မှက ပန်းပုလုပ်ငန်းကို ၂၀၂၂ ခုနှစ် ဇွန်လ ၃ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဒါးပိန်တိုက်နယ်ကျေးရွာဟာ ပန်းပုလုပ်ငန်းနဲ့ အစဉ်အဆက် ရပ်တည်နေကြတဲ့ ကျေးရွာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပန်းပုပညာရှင်တွေကို အဓိကမွေးထုတ်ပေးရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

သစ်ပန်းပု ထုလုပ်ရာမှာ ကျွန်း၊ ပျဉ်းကတိုး၊ ကုက္ကို၊ ပိတောက်၊ ယင်းတိုက် စတဲ့ သစ်သား၊ သစ်မြစ်ဆုံတွေနဲ့ ကြိုက်နှစ်သက်ရာ ပုံဖော်ထုဆစ်ကြရတာပါ။

အခုနောက်ပိုင်း ကုန်ကြမ်း သစ်တွေ ရှားပါးလာတာကြောင့် သစ်ရှိတဲ့နေရာတွေကို သွားရောက်ထုဆစ်နေရတယ် လို့ ဒါးပိန်တိုက်နယ်က ပန်းပုပညာရှင် ကိုပြည့်စုံအောင်က ပြောပါတယ်။

“တုံးလေးတွေ ဒီကုန်ကြမ်းတွေက နည်းနည်းရှားပါးတဲ့အတွက်ကြောင့်၊ ရှာဖွေရတာလည်း ခက်တဲ့အတွက်ကြောင့် တချို့ဆိုရင် အခု ဘေးနယ်တွေမှာ သွားထုကြတယ်ပေါ့နော်။ ဘေးကိုသွားပြီး အလုပ် သွားလုပ်ကြတယ်ပေါ့။ ပန်းပုနဲ့ပဲ သွားလုပ်တဲ့သူရှိတယ်။ အခု ဒီမှာထုကြတဲ့သူလည်း ဒီမှာ ထုကြတယ်ပေါ့။ တစ်ဝက်လောက်ကျတော့ ဘေးမှာ သွားထုတဲ့လူလည်းရှိပါတယ်။ အခုဒီမှာလည်း လုပ်နေတဲ့အခါကျတော့ လုပ်ငန်း ဒီမှာကောင်းတဲ့သူကျတော့လည်း ဒီမှာလုပ်ကြတာပေါ့”

ဒါးပိန်တိုက်နယ်က ပန်းပုလက်ရာတွေဟာ ပန်းပုပြိုင်ပွဲတွေမှာ ဆုတွေမျိုးစုံ ရရှိခဲ့တာကြောင့် ပြည်တွင်းမှာ ထင်ရှားတဲ့ လက်ရာတွေကို ဖန်တီးနိုင်တဲ့ဒေသ ဖြစ်ပါတယ်။

ဒါးပိန်တိုက်နယ်ကထွက်တဲ့ ပန်းပုတွေဟာ နိုင်ငံခြားသားတွေရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိထားတာပါ။ ပြည်တွင်းမှာလည်း ဆိုင်တွေ၊ အိမ်တွေမှာ အလှထားဖို့ မှာယူကြသလို ကိုးကွယ်ယုံကြည်မှုအနေနဲ့ ဘုရားဆင်းတုတော်တွေ၊ ဆရာတော်တွေရဲ့ ပုံတူရုပ်တုတွေကို မှာယူလေ့ရှိကြတယ်လို့ ကိုပြည့်စုံအောင်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ဘေးနဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပန်းပုအတွက် သစ်သားကုန်ကြမ်းတွေ ရရှိဖို့ ခက်ခဲလာတာကြောင့် ပန်းပုလုပ်ငန်းလုပ်ကိုင်သူတွေဟာ ဒါးပိန်တိုက်နယ်ထဲကနေ တခြားမြို့တွေမှာ သွားရောက်လုပ်ကိုင်လာကြရပါတယ်။ ဒါကြောင့် ပန်းပုလုပ်ငန်းလုပ်ကိုင်သူပေါင်း ၃၀၀ ကျော်အထိရှိခဲ့တဲ့ ဒါးပိန်တိုက်နယ်မှာ အခုဆို လူ ၁၀၀ လောက်ပဲ ကျန်တော့တယ်လို့ ရွာသားတွေက ပြောပါတယ်။

"ကုန်ကြမ်းဖြစ်တဲ့ သစ်ဝယ်ယူရတဲ့ အခက်အခဲတွေလည်း တော်တော် များများကို ကြုံတွေ့လာရတယ်။"

ဖခင်ရဲ့ ပန်းပုအမွေကို ဆယ်ကျော်သက်အရွယ်ကနေ ဆက်ခံလာခဲ့တဲ့ ကိုကျော်စွာကတော့ ဒါးပိန် တိုက်နယ်ထဲမှာ ပန်းပုပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတာ ၂၅ နှစ်လောက်ရှိခဲ့ပါပြီ။ အခုတော့ လုပ်ငန်းအပ်နှံမှုတွေ ရပ်ဆိုင်းနေရပြီး လက်ခံထားတဲ့လုပ်ငန်းတွေအတွက်လည်း ကုန်ကြမ်း ရှားပါးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကိုကျော်စွာက ပြောပါတယ်။

“အော်ဒါအပ်နှံမှုတွေ ရပ်ဆိုင်းသွားတာရယ်၊ ရှိတဲ့အော်ဒါကို လက်ခံထုဆစ်တဲ့အခါမှာလည်း ဒီကုန်ကြမ်းဖြစ်တဲ့ သစ်ဝယ်ယူရတဲ့ အခက်အခဲတွေလည်း တော်တော်များများကို ကြုံတွေ့လာရတယ်။ ကျန်းမာရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေအရလည်း ဒါတွေက လမ်းကြောင်းတွေရဲ့ ခက်ခဲမှုတွေရှိလာတဲ့အခါကျတော့ သယ်ယူတဲ့နေရာတွေမှာလည်း အဲ့လိုအခက်အခဲတွေကြောင့်လည်း ဒီလိုကုန်ကြမ်းတွေက ခက်ခဲမှုဖြစ်သွားတယ်လို့ ယူဆရပါတယ်”

အသက် ၈၀ အရွယ် ပန်းပုပညာရှင် ဦးသိန်းလှိုင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက်က ရန်ကုန်မြို့မှာ ပန်းပုပညာသင်ယူပြီး ဒါးပိန်တိုက်နယ်ထဲကို ပညာလက်ဆင့်ကမ်းခဲ့သူတစ်ဦး ဖြစ်ပါတယ်။ လောလောဆယ် ကုန်ကြမ်းရှားပါးမှုကြောင့် အခြားနေရာတွေမှာ ပန်းပုပညာသည်တွေ သွားရောက် လုပ်ကိုင်နေကြရပေမယ့် ဒါးပိန်တိုက်နယ်ရဲ့ ဂုဏ်သတင်းကိုတော့ ဆက်ထိန်းထားနိုင်မယ်လို့ ဦးသိန်းလှိုင် ယုံကြည်ထားပါတယ်။

dar pane wood carving business
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်း ဒါးပိန်တိုက်နယ်မှက ပန်းပုလုပ်ငန်းကို ၂၀၂၂ ခုနှစ် ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

“ပြောရရင်တော့ စိုးရိမ်စရာလို့ပြောပေမယ့် ဒါပေမဲ့ စိတ်ထဲမှာတော့ စိုးရိမ်စိတ်တော့မရှိဘူး။ ဘာလို့လဲဆိုတော့ အကုန်လုံးက ဒီမြို့၊ ဒီရွာသားဆိုတော့ သူတို့ ဘဝရပ်တည်ရေးအတွက် ခေတ္တထွက်တယ်လို့ပဲ ယူဆရမှာပါ။ တော်ကြာ ပြန်ရောက်လာကြမှာပဲ။ ပြန်ရောက်လာတဲ့ အခါကျတော့လည်း သူတို့ တပည့်တပန်းနဲ့ သူတို့ရဲ့ တခြားတစ်နေရာမှာ အောင်မြင်မှုနဲ့ ဆက်ပြီးတော့ ထိန်းနိုင်မယ်လို့ပဲ ယူဆတယ်လေ။ အခုဒါက အလုပ်လုပ်ရင်း ပညာထွက်ရှာတယ်လို့ပဲ စိတ်ထဲမှာ ထင်တယ်”

သစ်ပန်းပုပညာရပ်ကို ဝမ်းရေးအတွက်သာမက ရှေးခေတ်က ဘုရားနဲ့ ကျောင်းတော်တွေမှာ ကျန်ရှိနေတဲ့ လက်ရာမြောက်ပန်းပုတွေလို အခုခေတ် ဘာသာရေးအဆောက်အအုံတွေမှာလည်း ထုဆစ်စေချင်တယ်လို့ လူငယ်တွေကို ဦးသိန်းလှိုင်က တိုက်တွန်းပါတယ်။

ဒီတိုက်နယ်မှာ အလှဆင် ပန်းပုရုပ်တွေသာမကဘဲ ခေတ်ပေါ်ပန်းပုတွေနဲ့ ရုပ်ပုံတူပန်းပုတွေကိုပါ ထုလုပ်ကြပါတယ်။

မြန်မာနိုင်ငံက ပန်းပုလက်ရာတွေဟာ တရုတ်နိုင်ငံဈေးကွက် တစ်ခုလောက်ပဲ အနည်းငယ် ထိုးဖောက်နိုင်ပါသေးတယ်။ ကမ္ဘာ့နိုင်ငံတွေကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ကျွမ်းကျင်မှုတွေကို ပိုင်ဆိုင်ထားကြပေမယ့် ထောက်ပံ့ပေးနိုင်မယ့် အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေရှိဖို့ လိုအပ်နေတယ်လို့ ဒါးပိန်က ပန်းပုပညာရှင်တွေက ဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။