မန္တလေးမှာ ကျည်ဆံထိမှန်ကျဆုံးခဲ့တဲ့ ကိုသီဟဖြိုး

2021.03.19

မန္တလေး အောင်မြေသာစံမြို့နယ်၊ အုပ်စက်ရပ်ကွက်ထဲက လူငယ်တစ်ဦး မတ်လ ၁၈ ရက်နေ့ ၈ နာရီကျော်မှာ သေနတ်ကျည် ထိမှန်သေဆုံးခဲ့ပါတယ်။ သေဆုံးသူကတော့ အသက် ၂၃ နှစ်အရွယ် ကိုသီဟဖြိုး ပန်းရန် အလုပ်လုပ်သူ ဖြစ်ပါတယ်။

ည ၈ နာရီထိုးပြီးချိန် လူငယ်တွေ စုဝေးနေစဉ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ယာဉ်တန်းတွေ ရောက်ရှိလာပြီး သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တာဖြစ်ပြီး နေအိမ်တွေလည်း သေနတ်ကျည် ထိမှန်ခဲ့ပါတယ်။

သံပုံးတီးတာ ထိုင်သပိတ်လုပ်တာတွေ ဘာတခုမှ မပြုလုပ်တဲ့ ရပ်ကွက်ထဲကို အာဏာသိမ်း စစ်ကောင်စီတပ်တွေက အကြောင်းမဲ့ ပစ်ခတ်သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ပစ်ခတ်နေတဲ့အချိန် လုံခြုံတဲ့နေရာကို သွားနိုင်ဖို့ ကြိုးစားနေချိန်မှာပဲ ကိုသီဟဖြိုးကို ကျည်ဆန် ထိမှန်ခဲ့တာလို့ အခင်းဖြစ်ချိန် အတူရှိနေခဲ့သူ တဦးက RFA ကို ပြောပါတယ်။

ကိုသီဟဖြိုးရဲ့ နာရေးကို မတ်လ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီမှာ အေးရိပ်ငြိမ် သုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်ခဲ့ပါတယ်။ မန္တလေးမြို့မှာ ဒီကနေ့အထိ အာဏာသိမ်းစစ်တပ်က ပစ်ခတ်မှုကြောင့် ကျဆုံးသူ ၂၅ ယောက်ကျော်ရှိနေပါပြီ။ ဒီလို ပစ်ခတ်ဖြိုခွင်း ခံနေရတဲ့ကြားကပဲ မန္တလေးမြို့က ဆန္ဒပြသူတွေဟာ ဆိုင်ကယ်နဲ့ မြို့ကို ပတ်ခဲ့ကြသလို မကြာခဏ ဖြိုခွင်းခံရတဲ့ မြတောင် သပိတ်စစ်ကြောင်းနဲ့ ဆန္ဒပြသပိတ်စစ်ကြောင်း အသီးသီးကလည်း ဆက်လက်ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်တာ ဖမ်းဆီး ရိုက်နှက်တာတွေကြောင့် သေဆုံးရတဲ့ အရပ်သားပြည်သူ ၂ဝ၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။