တစ်ရှူးငှက်ပျောခြံအနီးကချောင်းထဲမှာ ငါးတွေသေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ (၂) ကျေးရွာက တစ်ရှူးငှက်ပျောခြံအနီး နမ်မိန်ခချောင်းမှာ ငါးတွေသေဆုံးနေတဲ့အတွက် အဲဒီချောင်းရေကို အသုံးပြုနေရတဲ့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာက တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တစ်ရှူးငှက်ပျောခြံအနီးကချောင်းထဲမှာ ငါးတွေသေဆုံး
(အဲလိဇဘက်ဂျန်မာ)
နမ်မိန်ခ ချောင်းဟာ ဝိုင်းမော်မြို့နယ် အောင်မြေ ၁ ကျေးရွာ၊ အောင်မြေ ၂ ကျေးရွာ နဲ့ ညောင်ပင်ကျေးရွာက ဒေသခံတွေ အဓိက အသုံးပြုနေတဲ့ တောင်ကျချောင်းရေ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီချောင်းရေကို စိုက်ပျိုးရေးအတွက် အသုံးပြုသလို သောက်သုံးရေအဖြစ်လည်း အသုံးပြုနေကြတာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၆ ရက်နေ့ကစပြီး အဲဒီချောင်းထဲမှာ ငါးတွေ အကြောင်းမဲ့ သေဆုံးနေတဲ့အတွက် ဒေသခံတွေက စိုးရိမ်ပူပန်နေကြတာပါ။ ငါးတွေ ဘာကြောင့် သေဆုံးရတယ်ဆိုတာကို အတိအကျ မသိနိုင်သေးပေမယ့် ချောင်းအနီးက ငှက်ပျောခြံမှာ အသုံးပြုတဲ့ ပိုးသတ်ဆေးတွေ ချောင်းအတွင်း ယိုဖိတ်မှုတွေကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။
"ငါးတွေ သေတဲ့ ဒေသကတော့ ငှက်ပျောကုမ္ပဏီရှိတဲ့ သူတို့က မြစ်ကမ်းဘေးမှာပဲ ငှက်ပျောစိုက်တယ်။ အဲဒီကုမ္ပဏီနားမှာပဲ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ သူတို့ကိုလည်း မညိုးနိုင်ဘူးလေ။ တအားစိုးရိမ်တယ်၊ ဒီရေတွင်းကတော့ ချောင်းနဲ့ နီးတာလည်း ရှိတယ်။ ဝေးတာလည်း ရှိတယ် ၊ နီးတဲ့ရေတွင်းမှာတောင်မှ သေနေတယ်ဆိုတော့ ကျွန်တော်တို့ ကြောက်ရွံ့တာပေါ့။ ကျွန်တော်တို့ ဆိတ်မွေးတယ်။ ကျွဲ၊ နွားရှိတယ်။ ရေတွင်းမရှိတော့ သောက်သုံးတာရှိတယ် ။ ဒါကြောင့် လူမှာထိခိုက်လာမှာ နောက်ပြီးတော့ လယ်ကလည်း ရှိတယ်။ မြစ်ကမ်းဘေးမှာရှိတဲ့ ရေတွေ ဆည်မြောင်းတွေကို လာတာလည်း ရှိတယ်။ အကုန်လုံး အန္တရာယ် တအားဖြစ်လာမှာကို စိုးရိမ်တယ်"
ဒေသခံ ဦးလဂွေတိန့်ယိန်း ပြောသွားတာပါ။
အဲဒီ နမ်မိန်ချောင်းကနေတစ်ဆင့် နိမ်လုံခချောင်းကို စီးဆင်းပြီး အဲကနေတစ်ဆင့် ဧရာဝတီမြစ်ကို စီးဝင်နေတာဖြစ်တယ်လို့ သိရပါတယ်။
အောင်မြေ(၂)ဒေသခံ ဦးနော်လောန် က အခုလိုပြောပါတယ်။
"လောလောဆယ်ကတော့ အခုဒီရေကို သွယ်ပြီးမှ ကျွန်တော်တို့ ဆည်မြောင်း၊ ဆည်မြောင်းကနေပြီေးတာ့ သွယ်ပြီးမှ ကျွန်တော်တို့ရွာရဲ့ အထက်မှာ၊ ဒီရေကို တိုက်ရိုက်မသုံးရင်တောင်မှ သူရဲ့ စိမ့်စမ်းရေ ၊ သူ့ရဲ့ အစိုဓာတ်ရှိအောင် ရွာမှာ အဲဒီအစိုဓာတ်ရှိအောင် ဒီရေကို သုံးတာဖြစ်တယ်။ ဒီလိုမျိုး အားလုံးက ဝိုင်းသုံးနေတဲ့ ရေကို တစ်ဦးဦးကပဲ လုပ်လုပ် ၊ ကုမ္ပဏီကပဲ လုပ်လုပ် ဘယ်သူပဲဖြစ်ဖြစ် ဒါမျိုးမလုပ်သင့်ဘူးလို့တော့ ယူဆတာပေါ့နော။ လုပ်တဲ့သူကိုလည်း သိလို့ရှိရင်တော့ ဥပဒေအရ အရေးယူချင်တယ်"
အောင်မြေ(၂)ကျေးရွာက ဒေသခံတွေဟာ ငွေရေးကြေးရေး အခက်အခဲကြောင့် တရုတ်ကုမ္ပဏီတွေကို စိုက်ခင်းတွေ ဌားရမ်းထားတာရှိပေမယ့် ကုမ္ပဏီနဲ့ဒေသခံတွေကြား မြစ်၊ ချောင်း နဲ့ မြစ်ချောင်းအတွင်းမှာရှိတဲ့ ရေနေသတ္တဝါတွေ မထိခိုက်၊ မပျက်စီးဖို့နဲ့ ထိန်းသိမ်းစောင်ရှောက်ပေးဖို့ ဆိုတဲ့ ကတိကဝတ်ပြု စာချုပ် ချုပ်ဆိုထားတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တရုတ်ငှက်ပျောကုမ္ပဏီက တာဝန်ရှိသူတစ်ဦးကတော့ ငါးတွေသေဆုံးတာဟာ သူတို့လုပ်တာ မဟုတ်ကြောင်း မြစ်ကြီးနား သတင်းဂျာနယ်နဲ့ တွေ့ဆုံရာမှာ ငြင်းဆိုထားပါတယ်။
တစ်ရှူးငှက်ပျော စိုက်ပျိုးမှုကြောင့် ဒေသခံတောင်သူတွေရဲ့ စိုက်ပျိုးမြေပျက်စီးဆုံးရူံးမှု၊ သစ်တောပြုန်းတီးမှု၊ သားရဲ အိမ်မွေးတိရိစ္ဆာန်တွေ သေဆုံးပျောက်ကွယ်မှုနဲ့ ငါးသေဆုံးတာတွေ ဖြစ်ပေါ်နေတယ်လို့ ငှက်ပျောစိုက်ပျိုးမှုနဲ့ ပတ်သက်ပြီး သုတေသန ပြုလုပ်နေသူတွေက ပြောထားပါတယ်။
တရုတ်ကုမ္ပဏီတွေဟာ မြေစတင်ဌားရမ်းရာမှာတော့ နှမ်း၊ ပြောင်း၊ ဖရဲ စိုက်ပျိုးဖို့အတွက် ဌားရမ်းကြပြီး နောက်ပိုင်းမှာ တစ်ရှူးငှက်ပျော ပြောင်းလဲစိုက်ပျိုးတာတွေ ဖြစ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိအောင်မြေ(၂)ကျေးရွာမှာ တစ်ရှူးငှက်ပျောစိုက်ခင်း ဧက ၂၀၀ ခန့်ရှိနေပြီး ၂၀၁၈ ခုနှစ်မှ စတင်စိုက်ပျိုးတာဖြစ်တယ်လို့သိရပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်နဲ့ ဗန်မော်ခရိုင်မှာ တစ်ရှူးငှက်ပျော စိုက်ပျိုးမှု ဧက တစ်သိန်းကျော်ရှိနေတယ်လို့ မြေယာလုံခြုံမှုနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကွန်ယက်အဖွဲ့သုတေသန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လက်ရှိ နမ်မိန်ခချောင်းမှာ ငါးသေတွေဟာ ပုပ်ပွပြီး အနံ့ထွက်နေတာကြောင့် ချောင်းရေပြန်လည် သန့်ရှင်းလာအောင် လုပ်ဆောင်နိုင်ခြင်း မရှိသေးတဲ့အတွက် ဒေသခံတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်ရှင်။