မြစ်ဝကျွန်းပေါ်က ပျောက်ကွယ်လုနီး ရိုးရာစန္ဒား ငါးဖမ်းလုပ်ငန်း
2023.08.14

အသက် ခြောက်ဆယ်ဝန်းကျင်အရွယ် ဦးကျော်ဝင်းဟာ သူ့ဘဝတစ်လျှောက်လုံး စန္ဒားငါးဖမ်းလုပ်ငန်းနဲ့ မိသားစုကို ကျွေးမွေးစောင့်ရှောက်လာခဲ့သူပါ။ သူဟာ ဒီလုပ်ငန်းကို မိဘတွေဆီက လက်ဆင့်ကမ်း ဆက်ခံလာခဲ့တာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာဝန်းကျင်လောက်က စတင်လုပ်ကိုင်လာခဲ့တဲ့ ရိုးရာစန္ဒားငါးဖမ်းလုပ်ငန်းကို အခုဆိုရင် ဘိုကလေးမြို့နယ်မှာပဲ မြင်တွေ့ရတော့တာပါ။
ဒါပေမဲ့ အရင်က ကဒုံကနိနဲ့ ဧရာကျေးရွာတွေမှာ စန္ဒားစင်အလုံးရေ တစ်ရာလောက်အထိ လုပ်ကိုင်ခဲ့ပေမယ့် အခုတော့ ကဒုံကနိကျေးရွာက ဦးကျော်ဝင်းရဲ့ စန္ဒားငါးဖမ်းလုပ်ငန်း တစ်ခုပဲကျန်ပါတော့တယ်။
အခုတော့ ဒီလုပ်ငန်းက ခေတ်နဲ့ လိုက်လျောညီထွေ မဖြစ်တော့သလို စန္ဒားစင်တည်ဆောက်ဖို့ သစ်ဝါးတွေ ရှားပါးလာတဲ့အပြင် ကျွမ်းကျင်လုပ်သားတွေလည်း နည်းပါးလာတာကြောင့် ဒီလုပ်ငန်းကို ဖျက်သိမ်းဖို့ ဦးကျော်ဝင်း စဉ်းစားနေပါတယ်။
"အားလုံးအရှုံးတွေနဲ့ ရင်ဆိုင်ကြရတော့ တဖြည်းဖြည်းနဲ့ ဒီလုပ်ငန်းကြီးကို ဖြုတ်လာကြရတာ။ ဦးလေးတို့လည်း အခုဒီလုပ်ငန်းကို ဖြုတ်ဖို့ပဲ စဉ်းစားတာ။ ဦးလေးတို့ အသက်လည်း ငါးဆယ်ကျော်ခြောက်ဆယ် ဖြစ်လာပြီဆိုတော့ ဦးလေးတို့လည်း ပင်လယ်နဲ့ပတ်သက်လို့ သွားတာလာတာလည်း လုပ်နိုင်တဲ့ အနေအထားက နောက်ပိုင်း လုပ်နိုင်လည်း တစ်နှစ် နှစ်နှစ်ပဲ။ အဲတော့ ဦးလေးတို့လည်း ဒီလုပ်ငန်းကိုသိမ်းမယ်လို့ စဉ်းစားထားတယ်။ ဦးလေးတို့ကတော့ ဒီလုပ်ငန်းနဲ့ ပတ်သက်လို့ သိသလောက်ပြောရမယ်ဆိုရင် ဒါနောက်ဆုံး ဦးလေးတစ်ဦးပဲ ကျန်တယ်လို့ ပြောရမှာပဲ"
စန္ဒားငါးဖမ်းလုပ်ငန်းအတွက် ပင်လယ်ပြင်မှာ အုန်းပင်တွေ၊ ဝါးတွေနဲ့ နေအိမ် တည်ဆောက်ရပါတယ်။ ခြောက်တိုင်လို့ခေါ်တဲ့ ဝါးတွေကို ပင်လယ်ပြင်မှာ များများစိုက်ရပြီး ရေစီးနဲ့ ငါးတွေကို စန္ဒားဆီရောက်အောင် ခြောက်လှန့်ရသလို ပိုက်ပေါ်တက်လာတဲ့ ငါး၊ ပုစွန်တွေကို သဲ့ယူဖမ်းဆီးရတဲ့ ငါးဖမ်းလုပ်ငန်းတစ်မျိုး ဖြစ်ပါတယ်။
"ဒီလုပ်ငန်း ဖြုတ်ရမယ် ဆိုတော့လည်း နည်းနည်းတော့ စိတ်ထဲမကောင်းဘူးပေါ့"
အဲဒီစန္ဒားစင်ကို တည်ဆောက်ဖို့အတွက် ခြောက်တိုင်ဝါးတွေကို ပုသိမ်နဲ့ မြောင်းမြမြို့တွေ ကနေ မှာယူရပြီး တဖြည်းဖြည်း မြင့်တက်လာတဲ့ ဝါးစျေးတွေကြောင့် တွက်ခြေ မကိုက်တော့ဘူးလို့လည်း ဦးကျော်ဝင်းက ပြောပါတယ်။
ဦးကျော်ဝင်းမှာ သမီးလေးဦးအနက် အကြီးဆုံးသမီးဖြစ်တဲ့ မနှင်းနှင်းလှိုင်ကလည်း ဒီလုပ်ငန်းနဲ့ ရေရှည်ရပ်ဖို့ ခက်ခဲတယ်လို့ပြောပါတယ်။
"ဒီရေလုပ်ငန်းဆိုတာက အဆင်မပြေကြတော့ အရှင်းဆုံးပြောရရင် မတည်ရင်းနှီးရတဲ့ အရင်းအနှီးကလည်း များတယ်။ အလုပ်သမား အခက်အခဲတွေကလည်း ရှိတယ်။လုပ်ဆိုရင်တော့ လုပ်တော့လုပ်ချင်တာပေါ့။ သံယောဇဉ်ရှိတာပေါ့။ ကိုယ်ငယ်စဉ်တောင်ကျေး ကလေးဘဝတည်းက လုပ်လာတာလေ။ မိဘ လက်ငုတ်လက်ရင်း လုပ်ငန်းတွေဆိုတော့ ဒါပေမဲ့ လုပ်ဖို့က အလုပ်သမား အခက်အခဲ။ ဘယ်လိုခေါ်မလဲ အခုက စက်ယန္တရားတွေနဲ့ ပိုက်တွေက မျိုးစုံ။ ဒီလုပ်ငန်းက ကျောက်ချပြီး အသေလုပ်ထားတဲ့ လုပ်ငန်းဆိုတော့ လုပ်ဖို့က အဆင်မပြေတော့ဘူး။ မပြေတော့ ကိုယ်လည်း သံယောဇဉ်တော့ ရှိတာပေါ့။ မလုပ်ဖြစ်တော့ပါဘူး။ သံယောဇဉ် ရှိပေမယ့်လည်း"
စန္ဒားငါးဖမ်းလုပ်ငန်းဟာ တစ်ချိန်က အလွန်အောင်မြင်တဲ့ လုပ်ငန်းဖြစ်တာကြောင့် ဦးကျော်ဝင်းတို့မိသားစု ရပ်တည်ရေး အဆင်ပြေခဲ့ကြပါတယ်။ ဒီလုပ်ငန်းနဲ့ သားသမီးတွေကိုပါ ပညာတတ်အောင် ထောက်ပံ့နိုင်ခဲ့တာမို့ တစ်ချိန်က အကျိုးများခဲ့တဲ့ လုပ်ငန်းဖြစ်တယ်လို့ အိမ်နီးချင်းဖြစ်သူ ဒေါ်ရွှေမိက ပြောပြပါတယ်။
"ဒီလုပ်ငန်းနဲ့ပဲ သူတို့လည်း အကျိုးဖြစ်ခဲ့တာလေ။ ဒီလုပ်ငန်းနဲ့ပဲ သူတို့တွေ ကောင်းကောင်းမွန်မွန် နေကြ ထိုင်ကြတယ်။ ပြေပြေလည်လည် ရှိတယ်ပေါ့။ ဒီလုပ်ငန်းပဲ လုပ်တာလေ သူတို့က။ အရင်တုန်းကတော့ သူတို့လည်းရတော့ အောင်မြင်တယ်။ ငါးတို့ ဘာတို့ အကောင်ကြီးကြီးလည်း ရတယ်။ အကြမ်းဘာညာလည်း တက်တယ်။ အခုကတော့ အရအမိက သိပ်မရှိဘူး"
ကဒုံကနိကျေးရွာမှာနေထိုင်တဲ့ ကိုစန်းဝင်းအောင်ကတော့ စန္ဒားငါးဖမ်းလုပ်ငန်းမှာ ရေလုပ်သားအဖြစ် လုပ်ကိုင်လာတာ ခုနစ်နှစ်ရှိပါပြီ။ သူကတော့ နောက်ဆုံးတစ်ခုသာ ကျန်တော့တဲ့ စန္ဒားငါးဖမ်းလုပ်ငန်းကို မပျောက်ပျက်စေချင်ဘူးလို့ ပြောပါတယ်။
"နောက်ဆုံးစန္ဒားဆိုတော့လည်း ရေရှည်တည်တံ့ခိုင်မြဲချင်တဲ့စိတ်တော့ ကျွန်တော့်မှာ ရှိပါတယ်။ ဒီအလုပ်တွေကလည်း တော်တော်များများက ပျောက်ပျက်လာတယ် ဆိုတော့လေ။ နောက်ဆုံးအလုပ်လည်း ဖြစ်နေတယ်ဆိုတော့။ အခုက ပေါ်လစီအလုပ်တွေပဲ လိုက်ကြတာလေ စာရင်းဒိုင် များသောအားဖြင့်။ ကိုယ်ကတော့ ဟိုးတုန်းတည်းက ထောင်လာတဲ့ စန္ဒားဆိုတော့ မပျောက်တော့ မပျောက်ပျက် ချင်ဘူးပေါ့ဗျာ။ နောက်ပေါ်လာမယ့် လူငယ်တွေလည်း မြင်ဖူးအောင်လို့။ နောက်ပိုင်းဆို ဒီဟာတွေက မြင်ဖူးမှာ မဟုတ်တော့ဘူး"
စန္ဒားငါးဖမ်းလုပ်ငန်းကို မိဘအမွေအနှစ်အဖြစ် လက်ဆင့်ကမ်း ထိန်းသိမ်း လုပ်ကိုင်လာပေမယ့် နောက်ဆုံး မျိုးဆက်ဖြစ်တဲ့ ဦးကျော်ဝင်းတို့ မိသားစုမှာ လက်ဆင့်ကမ်းလုပ်ကိုင်မယ့်သူ မရှိတော့ပါဘူး။
ဦးကျော်ဝင်းကတော့ သူအနှစ်သုံးဆယ်လောက် လုပ်လာတဲ့ စန္ဒားလုပ်ငန်း ဖျက်သိမ်းရမှာကို စိတ်မကောင်း ဖြစ်ရပေမယ့် ရေရှည်ရပ်တည်ရေး အခက်အခဲကြောင့် ရပ်နားဖို့ ဆုံးဖြတ်ထားရတာလို့ ပြောပါတယ်။
"နည်းနည်းတော့ ခံစားရတာပေါ့လေ။ ခံစားမိတာပေါ့။ ဘာခံစားရလဲဆိုတော့ ဒီ့ပြင်လုပ်ငန်းနဲ့ မတူဘူးလေ ကိုယ်တွေလုပ်ငန်းက။ ပေါပေါလေးလည်း စားရတယ်။ သားငါးနဲ့ပတ်သက်လို့ လတ်လတ်ဆတ်ဆတ် စားလို့ရတယ်။ ကိုယ်တွေမိသားစုလည်း ခုနပြောသလိုပေါ့ မိသားစု သုံးလေးယောက်၊ လေးငါးယောက်က ပြောမယ်ဆိုရင် ကိုယ့်သားသမီးလေးတွေ ပညာသင်ပေးရတယ်။ ဒီလုပ်ငန်းနဲ့ပဲ လုပ်လာတာဆိုတော့။ ဒီလုပ်ငန်း ဖြုတ်ရမယ် ဆိုတော့လည်း နည်းနည်းတော့ စိတ်ထဲမကောင်းဘူးပေါ့"
၂ဝဝ၈ နာဂစ်မုန်တိုင်းအပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အစိုးရလက်ထက်တုန်းကတော့ ဒီ စန္ဒားလုပ်ငန်းသမားတွေ အဆင်ပြေရေးအတွက် ငွေကြေးကူညီထောက်ပံ့ခဲ့ဖူးတယ်လို့ သိရပါတယ်။
ကမ္ဘာ့နိုင်ငံအများအပြားမှာလည်း အခုလို ရပ်တည်ရေးခက်ခဲ့တဲ့ ကဏ္ဍပေါင်းစုံကို ရေရှည်ရှင်သန်ရေးအတွက် သက်ဆိုင်ရာ အစိုးရတွေက အမတော်ကြေးလို ချေးငွေ သို့မဟုတ် ထောက်ပံ့ငွေတွေနဲ့ ကျားကန်ပေးလေ့ရှိပါတယ်။
မြန်မာပြည်မှာတော့ အခု နောက်ဆုံးကျန်ရှိနေတဲ့ ဦးကျော်ဝင်းရဲ့ စန္ဒားငါးဖမ်းလုပ်ငန်းကို ဖျက်သိမ်းပြီးနောက် စန္ဒားငါးဖမ်းစင်တွေကို ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ မြင်တွေ့ရမှာ မဟုတ်တော့ပါဘူး။