ရခိုင်မှာ စစ်ဘေးဒုက္ခသည်တွေ ရိက္ခာခက်ခဲနေ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲ စစ်ဘေးဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်ကစလို့ စစ်ကောင်စီက ရိက္ခာမထောက်ပံ့တော့တာကြောင့် အခက် အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။
ဒီစခန်းမှာ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ ကျေးရွာ ရှစ်ရွာက အိမ်ထောင်စု ၁၁၇ စု၊ လူဦးရေ ၅၆၀ ကျော် ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလက စစ်တပ်နဲ့ ရက္ခိုင့် တပ်တော် (AA) တို့ တိုက်ပွဲတွေ စတင်ဖြစ်ပွားကတည်းက ထွက်ပြေးခိုလှုံနေကြတာပါ။
“စားမယ့်ဟာလည်း မရှိတော့ဘူး။ ဆန်မရောက်တာလည်း နှစ်လကျော်ပြီ"
အခုတော့ ရိက္ခာအထောက်အပံ့တွေလည်း မရတော့လို့ ဒုက္ခသည် ဒေါ်မလှဦးဟာ မိသားစု စားသောက်ဖို့ ဆန်ချေးငှားနေရပါတယ်။
“စားမယ့်ဟာလည်း မရှိတော့ဘူး။ ဆန်မရောက်တာလည်း နှစ်လကျော်ပြီ။ WFP က ထောက်ပံ့တဲ့ ပိုက်ဆံရောက်လာမယ်ဆိုပြီးစောင့်တာ အဲဒီပိုက်ဆံလည်း ရောက်မလာဘူး။ ဒီလိုပဲနေရတာပဲ။ သူများတွေဆီက ချေးငှားလို့လည်း မရတော့ဘူး။ သူတို့မှာလည်း မရှိတော့ဘူးလေ။ အခု ဒီဆန်ကလည်း အဘွား တစ်ယောက်က ချေးပေးတာ။ ကျမတို့ ဆွေမျိုးတွေမှာလည်း မရှိတော့ဘူး”
သူ့ခင်ပွန်းကလည်း အလုပ်အကိုင်မရှိတာကြောင့် သူတို့မိသားစုအတွက် အခက်အခဲ ပိုကြုံနေရတာပါ။
ဒီစခန်းက စစ်ဘေးဒုက္ခသည် ဦးမောင်လှဦးတို့ မိသားစုမှာလည်း စားဖို့ဆန် နှစ်ရက်စာပဲ ကျန်ပါတော့တယ်။
“ကျနော်တို့မှာ မိသားစုကများတယ်။ မိသားစု ခုနစ်ယောက်တောင်ရှိတယ်။ ဒါကြောင့် စားဝတ်နေရေးကလည်း မဖူလုံတော့ဘူး။ သားသမီးတွေကလည်း ကလေးပဲရှိသေးတယ်။ ဒါကုန်သွားရင် ဘယ်လိုဆက်ပြီး ရှာရမလဲဆိုတာကို စဉ်းစားမရဖြစ်နေတယ်”
ဦးမောင်လှဦးမှာ အရွယ်မရောက်သေးတဲ့ သားသမီးလေးဦး ရှိပါတယ်။ အကြီးဆုံးသားက ၁၃ နှစ်ပါ။ မိသားစု စားဝတ်နေရေးအတွက် သူတစ်ယောက်တည်း ကြုံရာကျပန်းလုပ်ရင်း ရုန်းကန်လာခဲ့ပေမယ့် အခုတော့ အလုပ်လည်း မရှိတော့တာကြောင့် အခက်အခဲနဲ့ ပိုကြုံ နေရတယ်လို့ ဆိုပါတယ်။
ဒုက္ခသည်တွေကတော့ စားနပ်ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေကြရပေမယ့် နေရပ်ကိုတော့ မပြန်ရဲကြသေးပါဘူး။
ထွက်ပြေးလာရတာ အချိန်ကြာလာတာနဲ့အမျှ ရွာကအိမ်တွေ ပျက်စီးသွားကြပြီဖြစ်သလို မိုင်းအန္တရာယ်ကလည်း ရှိနေသေးတာကြောင့် နေရပ်ပြန်ဖို့ ခက်နေတာလို့ ကျောက်တော် မြို့နယ် မီးကျောင်းခုပ်ကျေးရွာကနေ ခိုလှုံလာတဲ့ ဦးမောရှေက ပြောပါတယ်။
“ကျနော်တို့ နေရပ်ပြန်လို့ လုံးဝအဆင်မပြေဘူး။ ကျနော်တို့ တိုင်းရေးပြည်ရေးအခြေ အနေ အဖြူလား၊ အမည်းလား မသိရဘူး။ ပြီးတော့ ကျနော်တို့က တောင်ယာလုပ်စား တာ။ ဆိုတော့ ရွာအနီးအနားတွေ တောတောင်တွေမှာ မိုင်းတွေရှိမယ်လို့ထင်တယ်။ အဲဒါကြောင့် ကျနော်တို့ မသွားရဲတာ။ ရပ်ရွာတွေလည်း အကုန်လုံး တောဖြစ်ကုန်ပြီဗျ”
ဒီဒုက္ခသည်စခန်းလိုပဲ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်က တခြား စစ်ဘေးဒုက္ခသည် စခန်းတွေမှာလည်း စစ်ကောင်စီက ဆန်ရိက္ခာမထောက်ပံ့တော့တာ နှစ်လလောက်ရှိနေပြီလို့ စခန်းတာဝန်ခံတွေက RFA ကို ပြောပါတယ်။
အထက်မြတ်လှဲ ဒုက္ခသည်စခန်းတာဝန်ခံ ဦးဖြူသာအောင်ကတော့ အထောက်အပံ့ ဆက်မရရင် အခက်အခဲတွေ ပိုများလာနိုင်တာကြောင့် လစဉ်ပုံမှန်ထောက်ပံ့ပေးဖို့ တောင်းဆိုပါတယ်။
“ကျနော်တို့ တောင်းဆိုချင်တာက လစဉ်ရိက္ခာတွေ ထောက်ပံ့ပေးဖို့ တောင်းဆိုချင် ပါတယ်။ အထောက်အပံ့ မရောက်ဘူးဆိုလို့ရှိရင် အခက်အခဲတွေအများကြီး ကြုံတွေ့ နိုင်တယ်။ ဒါပေမဲ့ အခက်အခဲ ဘယ်လောက်ပဲ ကြုံတွေ့ကြုံတွေ့ တိုင်းပြည်မတည်ငြိမ် ရင်တော့ နေရပ်မပြန်ဘူးလို့ ကျနော်တို့ ခံယူထားတယ်။ ကျနော်တို့ကတော့ ဘာပဲဖြစ် ဖြစ် အဲဒီလိုမျိုး ရင်ဆိုင်နေမယ်လို့ ဆုံးဖြတ်ထားတယ်”
ဒီကိစ္စနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီနဲ့ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ဦးစီးဌာနကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
အခုလက်ရှိမှာ တိုက်ပွဲတွေ ရပ်စဲနေတာကြောင့် နေရပ်ပြန်လိုက ပြန်ကြဖို့ စစ်ကောင်စီက ဒုက္ခသည်တွေကို ပြောဆိုနေတာတွေရှိသလို ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့ကလည်း အမ်းမြို့ မှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ၁၃၀၀ ကျော်ကို တစ်အိမ်ထောင် ငွေကျပ်ငါးသိန်းနဲ့ ပစ္စည်းအချို့ထောက်ပံ့ပြီး နေရပ်ပြန်ပို့ခဲ့ပါတယ်။

ဒုက္ခသည်အရေး ကူညီနေတဲ့ စစ်တွေမြို့အခြေစိုက် ဝံလက်ဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာ ဦးခိုင်ကောင်းစံကတော့ နေရပ်ပြန်ဒုက္ခသည်တွေကိုရော၊ နေရပ်ပြန်ဖို့ခက်နေတဲ့ ဒုက္ခသည် တွေကိုပါ လုံလောက်တဲ့ ထောက်ပံ့မှုတွေပေးဖို့ စစ်ကောင်စီမှာ တာဝန်ရှိတယ်လို့ ပြောပါ တယ်။
“ဒီလူတွေဟာ ဒုက္ခသည်စခန်းမှာ လာနေကြတယ်ဆိုတာ တိုက်ပွဲတွေကြောင့် လာနေရ တာဖြစ်တယ်။ ဒီလူတွေဟာ ကိုယ့်နေရပ်တွေရှိပါလျက်နဲ့ လာပြီးကျူးကျော်နေထိုင် ကြတာ မဟုတ်ဘူး။ အဲဒီတော့ သူတို့ ပြန်မယ်ဆိုရင်တောင် သူတို့ကို ရိက္ခာ၊ ငွေကြေး ဘယ်လောက်ပံ့ပိုးမှာလဲ။ သူတို့ နေရပ်ပြန်ပို့လို့ရှိရင် သူတို့ စားရေးအတွက် အနည်းဆုံး ခြောက်လစာလောက်ရယ် နောက်ပြီးတော့ ငွေကြေးအချို့ လိုအပ်တယ်။ စခန်းမှာ ကျန်ခဲ့တဲ့သူတွေကိုလည်း အစိုးရအနေနဲ့ ထောက်ပံ့ပေးဖို့ လိုအပ်တာပေါ့”
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ အကြား ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစလို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သား နှစ်သိန်းကျော်အထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
အခုတိုက်ပွဲတွေ ရပ်စဲနေတဲ့ အချိန်တစ်နှစ်ကျော်အတွင်းမှာ အဲဒီအထဲက လူပေါင်း တစ်သိန်းကျော် နေရပ်ပြန်သွားကြပြီဖြစ်ပေမယ့် ကျန်ခြောက်သောင်းကျော်ကတော့ ဒုက္ခသည်စခန်း ၁၂၇ ခုမှာ ဒီနေ့အထိ ခိုလှုံနေကြရဆဲဖြစ်တယ်လို့ ဒေသတွင်း အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။