ဟိုထိုး ဒီထိုး ရွှေလက်ညှိုး သံချပ်အဖွဲ့
အရင်နှစ် သင်္ကြန်တွေတုန်းကတော့ ဟိုထိုး ဒီထိုး ရွှေလက်ညှိုး သံချပ်အဖွဲ့ဟာ မန္တလေးမြို့က မဏ္ဍပ်ကြီးတွေမှာ လိုက်လံဖျော်ဖြေခွင့်ရခဲ့ပါတယ်။
ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းထားတဲ့ ဒီ ၂၀၂၂ ခုနှစ် သင်္ကြန်မှာတော့ ရွှေလက်ညှိုး သံချပ်အဖွဲ့သားတွေဟာ ပုန်းရှောင်ရင်းကနေ စစ်အာဏာရှင်ကို သံချပ်ထိုး ဆန့်ကျင်နေကြတာပါ။
အာဏာသိမ်းစစ်ကောင်စီက ဆန္ဒပြလူငယ်တွေကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အတွက် တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းဆောင်ဖြစ်လာမယ့် လူငယ်တွေ သေဆုံးခဲ့ရပုံကိုလည်း သံချပ်ထဲမှာ ကြားရပါမယ်။
စစ်ကောင်စီကို ပြန်လည်ခုခံ တိုက်ခိုက်နေတဲ့ ဒေသခံခုခံကာကွယ်ရေးတပ် PDF တွေကို ဝိုင်းဝန်းထောက်ပံ့ကြဖို့၊ စစ်တပ်တွင်းမှာလည်း စည်းလုံးရေး ပျက်ပြားနေပြီလို့လည်း ရွှေလက်ညှိုးအဖွဲ့က သံချပ်ထိုးပါတယ်။
ရွှေလက်ညှိုးရဲ့ သံချပ်ထိုးချက်တွေထဲမှာ စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ရှုတ်ချထားရုံသာမက အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ပြောမှားဆိုမှားတွေကိုလည်း အားမနာတမ်း ထောက်ပြထားပါတယ်။
အာဏာသိမ်းစမှာ နိုင်ငံတကာတပ်တွေပဲ ဝင်လာတော့မလား၊ ကုလသမဂ္ဂ တပ်သားတွေပဲ ဝင်လာတော့မလားဆိုပြီး မျှော်လင့်ခဲ့တာတွေကိုလည်း ရွှေလက်ညှိုးက သံချပ်စာသားတွေနဲ့ ထည့်သွင်းပြောပြထားပါတယ်။ ကိုယ့်နိုင်ငံ ဒီမိုကရေစီရဖို့ ပြည်သူတွေ ကိုယ့်အားကိုယ် ကိုးရမယ်လို့လည်း ဆိုပါတယ်။
ဟိုထိုးဒီထိုး ရွှေလက်ညှိုးသံချပ်အဖွဲ့ကို ၂၀၁၇ မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ရွှေလက်ညှိုးအဖွဲ့ စတင်ဖွဲ့စည်းချိန်မှာ ပါခဲ့တဲ့ ကျောင်းသား လူငယ်တချို့ဟာလည်း ဒီနှစ်သင်္ကြန်သံချပ်ထိုးပွဲမှာ မပါနိုင်ဘဲ ဖမ်းဆီးအကျဉ်းချခံထားရတာဖြစ်ပါတယ်။