တီးတိန်မြို့နယ်က စပျစ်တောင်သူတွေ စျေးကောင်းမရလို့ အခက်တွေ့နေ

RFA Burmese
2023.08.23
တီးတိန်မြို့နယ်က စပျစ်တောင်သူတွေ စျေးကောင်းမရလို့ အခက်တွေ့နေ တီးတိန်မြို့နယ် လိမ်ခိုင်ကျေးရွာမှ စပျစ်စိုက် တောင်သူတစ်ဦးအား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ် လိမ်ခိုင်ကျေးရွာနဲ့ အနီးတစ်ဝိုက် ကျေးရွာတွေမှာ မိသားစု ကိုယ်ပိုင်လုပ်ငန်းအနေနဲ့ တစ်နိုင်တပိုင် စပျစ်ပင်တွေ စိုက်ပျိုးရောင်းချပြီး မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေကြတာပါ။

တချို့ကျေးရွာတွေမှာ စပျစ်ခင်းတွေကို ကိုယ်တိုင်စိုက်ပျိုးပြီး အသီးတွေကို ကိုယ်တိုင် စပျစ်ဝိုင်ဖောက်တဲ့ သူတွေရှိသလို လိမ်ခိုင်ကျေးရွာက တောင်သူတွေကတော့ သီးတဲ့ စပျစ်သီးတွေကို စပျစ်ဝိုင်ဖောက်လုပ်တဲ့ လုပ်ငန်းတွေဆီကိုသာ တိုက်ရိုက်ရောင်းချကြတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"တကယ်ရောင်းမယ့် အချိန်ကျတော့ ရောင်းရမယ့်စျေးကွက် မရှိတဲ့အတွက် ဝိုင်ထုတ်တာ ပြန်နားခဲ့ရတယ်”

လိမ်ခိုင်ကျေးရွာအုပ်စုမှာ အိမ်ခြေ ၂ဝဝ နီးပါးရှိပြီး အိမ်တိုင်းလိုလိုမှာ စပျစ်စိုက်ခင်းတွေ ရှိပါတယ်။

စပျစ်အထွက်နှုန်းကောင်းတဲ့ အချိန်ဆိုရင် စပျစ်သီး ပိဿာတစ်ထောင်ကနေ ပိဿာ တစ်သောင်းကျော်အထိ ထွက်ပေမယ့် ဒီနှစ်မှာတော့ မိုးအဝင်နောက်ကျတဲ့အတွက် အရင်နှစ်တွေကထက် စပျစ်သီး အထွက်နှုန်းနည်းတယ်လို့ အသက် ၇၀ အရွယ် စပျစ်စိုက်တောင်သူ ဦးချန့်ဇပေါင်း က RFA ကို ပြောပါတယ်။

“အခုချိန်မှာ စပျစ်စိုက်တဲ့သူတွေဟာ စနစ်တကျစိုက်နိုင်တဲ့သူတွေဆိုရင် အားကျစရာဖြစ်တယ်။ အိမ်ထောင်စု တစ်စုကို စပျစ်ပိဿာ တစ်သောင်းကျော်အထိ ရကြတယ်၊ ရနိုင်ကြတယ်။ တစ်ခုတော့ရှိတယ် ရာသီဥတုက ဒီနှစ်က မိုးလာတာ နောက်ကျတော့ စပျစ်တွေက သီးသင့်သလောက် မသီးနိုင်ဘူး”

လိမ်ခိုင်ရွာကထွက်တဲ့ စပျစ်သီးတွေကို ဝိုင်လုပ်ငန်းတွေရှိတဲ့ ကလေးမြို့၊ ဖလမ်းမြို့နဲ့ ဟားခါးမြို့တွေဆီ တင်ပို့ရောင်းချကြပါတယ်။

အဲဒီလိုတင်ပို့ကြတဲ့အခါ လက်ရှိ ချင်းပြည်နယ် စစ်ရေးအခြေအနေတွေကြောင့် တိုက်ပွဲတွေ မကြာခဏရှိသလို ကားလမ်းပိတ်တာတွေနဲ့လည်း ကြုံရပါတယ်။ ဒါကြောင့် စပျစ်သီးတွေ အချိန်မီမပို့နိုင်တာ၊ တခြားလမ်းကြောင်းကနေ လှည့်ပတ်သွားရတဲ့အခါ လမ်းစရိတ် ပိုကုန်ကျတာတွေကို စပျစ်စိုက်တောင်သူတွေ ကြုံနေရပါတယ်။

“စခူးတဲ့ အချိန်ဆိုရင် တိုက်ပွဲတွေကြောင့် လမ်းတွေပိတ်ထားတာလေ၊ မခူးလို့လည်းမဖြစ် အသီးတွေမှည့် လွန်နေတော့ ကလေး-တီးတိန်လမ်း သွားလို့မရတော့ ရတဲ့လမ်းနဲ့ သွားရတော့ ရတာနဲ့ လမ်းစရိတ်နဲ့တောင် မကိုက်ဘူး။ စပျစ်ရောင်းရတဲ့ငွေက တစ်နှစ် စားသောက်ဖို့တော့ ရနိုင်တယ်။ ကျန်းမာရေး ဆေးဝယ်တာတွေ မပါဘူးပေါ့။ ဒါပေမဲ့ စပျစ်ခင်းကိုပါ ပေါင်းရှင်းတာကအစ စင်ထိုးတာတွေပြင်တာနဲ့ ဆိုရင်တော့ တစ်နှစ်ရတဲ့ ဝင်ငွေက မလောက်ဘူး”

လိမ်ခိုင်ကျေးရွာနဲ့ အနီးနားမှာ စပျစ်ခင်း နှစ်ဧကကျော် စိုက်ပျိုးထားတဲ့ တောင်သူ ဒေါ်ဒိမ့် ပြောသွားတာပါ။

လိမ်ခိုင်ကျေးရွာက စပျစ်စိုက်ခင်းတွေကနေ တစ်နှစ်ကို စပျစ်သီး ပိဿာ ငါးသောင်းကျော် အထိ ထွက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလော စပျစ်သီးပေါက်စျေး ကျနေတာကြောင့် တောင်သူတွေ အမြတ်သိပ်မကျန် ကြဘူးလို့လည်း ဆိုပါတယ်။

တီးတိန်မြို့နယ် လိမ်ခိုင်ကျေးရွာမှ စပျစ်စိုက်ခင်းအား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
တီးတိန်မြို့နယ် လိမ်ခိုင်ကျေးရွာမှ စပျစ်စိုက်ခင်းအား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

လိမ်ခိုင်ကျေးရွာက စပျစ်စိုက်တောင်သူတွေဟာ အရင်က စပျစ်ဝိုင်ဖောက်လုပ်ငန်း လုပ်ခဲ့ကြပေမယ့် အခက်အခဲတွေကြောင့် အသီးတွေကိုပဲ ရောင်းချနေကြတာလို့ စပျစ်စိုက်တောင်သူ ဦးပေါင်ခန့်ကျင့် က ပြောပါတယ်။

“ပိုက်ဆံ အရင်းအနှီးရှိပြီးတော့ စပျစ်ဝိုင် လုပ်ငန်းကိုပါလုပ်နိုင်ရင်တော့ မြတ်တော့မြတ်နိုင်တယ်။ ဒါပေမဲ့ အခုက နိုင်ငံရေးအခြေအနေမကောင်းတော့ ရောင်းရမယ့် စျေးကွက်မရှိတော့ဘူး။ တစ်ချိန်တုန်းက အဖွဲ့အစည်းတစ်ခုက စပျစ်လုပ်ငန်း ထုတ်လုပ်နိုင်ဖို့ ကူညီပေးဖူးတယ်။ ဒါပေမဲ့ တကယ်ရောင်းမယ့် အချိန်ကျတော့ ရောင်းရမယ့်စျေးကွက် မရှိတဲ့အတွက် ဝိုင်ထုတ်တာ ပြန်နားခဲ့ရတယ်”

အရင်နှစ် စပျစ်သီးပေါ်ချိန်မှာ ရတဲ့ဝင်ငွေဟာ စိုက်ပျိုးစရိတ်ကျေတဲ့အပြင် တစ်နှစ်စာ မိသားစုစားဝတ်နေရေး ဖူလုံခဲ့ပေမယ့် လက်ရှိကုန်စျေးနှုန်းလည်း မြင့်တက်လာတာကြောင့် အရင်လို မလောက်ငှတော့ဘူးလို့ စပျစ်စိုက် တောင်သူတွေက ပြောပါတယ်။

ဒါကြောင့် ချင်းပြည်နယ်မှာ နိုင်ငံရေး ပြန်လည်တည်ငြိမ်ပြီး စပျစ်သီးတွေ စျေးကောင်း ပြန်ရဖို့ တောင်သူတွေ မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။