ပြည်တွင်းစစ်ကြောင့် တောင်ယာမလုပ်နိုင်တော့တဲ့ ချင်းတောင်ပေါ်က ဟိန်ဇိန်းရွာ
2022.05.04
ချင်းပြည်နယ် တီးတိန်မြို့နယ်က ဟိန်ဇိန်းရွာလေးဟာ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ကို ချိတ်ဆက်ထားတဲ့ ကလေး-တီးတိန် လမ်းမကြီးဘေးမှာ တည်ရှိပါတယ်။
စစ်ကိုင်းနဲ့ ချင်း နှစ်ခုစလုံးက လက်နက်ကိုင်ခုခံမှုအားကောင်းတဲ့ ဒေသတွေဖြစ်တာကြောင့် ကလေးအခြေစိုက် စစ်စခန်းက ထွက်လာတဲ့ စစ်ကြောင်းတွေဟာ ဟိန်ဇိန်းရွာအနီးကနေ မကြာခဏ ဖြတ်သွားလေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကစလို့ ဟိန်ဇိန်းရွာအနီးမှာ ချင်းဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် ဒေသခံအားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ဧပြီလကုန်ပိုင်းမှာ တိုက်ပွဲတွေ ငြိမ်သွားတာကြောင့် စွန့်ပစ်ခဲ့တဲ့ရွာကိုပြန်လာပြီး တောင်ယာ ဆက်လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် စိုက်ပျိုးချိန်နောက်ကျသွားခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။
ပုံမှန်ဆိုရင် မတ်လလောက်မှာ တောင်ယာတွေကို မီးရှို့ပြီး မျိုးစေ့ချလေ့ရှိပေမယ့် စစ်ရှောင်နေ ရတာကြောင့် အချိန်မီ မစိုက်နိုင်တော့ဘဲ ဝမ်းစာအတွက် စိတ်ပူနေရတယ်လို့ ဟိန်ဇိန်းရွာသား ဦးကျင်းကမ်းက ပြောပါတယ်။
“ကျနော်တို့ ကောင်းကောင်းလုပ်နိုင်တဲ့ အချိန်ကတောင် ကျနော်တို့ ခက်ခဲတာပဲ။ အခု တောင်ယာတွေ မလုပ်နိုင်ဘူးဆိုတော့ ရှေ့ဆက် အနာဂတ်ကတော့ မတွေးဝံ့စရာပေါ့။ ပိုပြီးတော့ ခက်ခဲမယ်။ ကလေးမြို့ မှာ စစ်ရှောင်အဖြစ် ရောက်ကာစတုန်းကတော့ အမျိုး တွေနဲ့ အသင်းတော်တို့က စားဖို့ ဆန်တွေ၊ ဆီတွေ ရတယ်။ အခုနောက်ပိုင်းကျတော့ မရတော့ဘူးဆိုတော့ ဘယ်လို ရှင်သန်ရမယ်ဆိုတာ စဉ်စားရတာပေါ့”
ဟိန်ဇိန်းရွာဟာ အိမ်ခြေ ၅၀ ကျော်ရှိပြီး စစ်ကိုင်းတိုင်းရဲ့ အချက်အချာကျတဲ့ ကလေးမြို့ကနေ ချင်းပြည်နယ်ထဲက တီးတိန်၊ တွန်းဇံ ၊ ဖလမ်း၊ ဟားခါး၊ ထန်တလန် စတဲ့မြို့ကြီးတွေအထိ သွားရောက်နိုင်တဲ့ ကလေး-တီးတိန် ကားလမ်းမကြီးဘေးမှာ တည်ရှိပါတယ်။
ကားလမ်းဘေးရွာမို့ စစ်သားတွေ ရွာကိုဖြတ်သွားတိုင်း ကြောက်လန့်ပြီး ခဏခဏ စစ်ရှောင်နေ ရတယ်လို့ ဟိန်ဇိန်းရွာသား ဦးကျင်းကမ်းက ပြောပါတယ်။
ဟိန်ဇိန်းရွာသူ ဒေါ်ကျိန့်ပီးကတော့ စစ်သားတွေ ရွာကိုဝင်လာတိုင်း ရှိသမျှပစ္စည်း အကုန်ယူသွား လေ့ရှိတာကြောင့် ပုံမှန်လုပ်နေကျ တောင်ယာအလုပ်ကို မလုပ်နိုင်တော့ဘူးလို့ ပြောပါတယ်။
“တောင်ယာလုပ်မယ်ဆိုရင် တောင်ယာမှာ အသုံးပြုရမယ့် ပစ္စည်းတွေ၊ ပလိုင်းတွေ စစ်သား တွေက ယူသွားတယ်။ ကျမတို့အိမ်က တောင်ယာသွားတဲ့ခါ ပစ္စည်းထည့်တဲ့ ပလိုင်းခြောက်ခု ကို စစ်သားတွေက ယူသွားတယ်။ တစ်ခု ကျပ်တစ်သောင်းနဲ့ ဝယ်ရတယ်၊ ခြောက်ခုဆိုတော့ ခြောက်သောင်းပေါ့။ အဲ့ဒါတွေပြန်ဝယ်ဖို့ ကျမတို့အတွက် ခက်တာပေါ့နော်။ ချင်းတောင်ဘက် စစ်သားတွေတက်လာတိုင်း ရွာကိုဖြတ်သွားတယ်။ တစ်ခါတလေ ညအိပ်တဲ့အခါလည်းရှိတယ်။ သူတို့လာတာလည်း ကြိုမသိနိုင်ဘူး။ ကျမတို့ အတွက်ကတော့ တောင်ယာလုပ်ခြင်းနဲ့ အသက်မွေးတယ်ဆိုတော့ ပြောင်း၊ ပိန်းဥ၊ ဟင်သီးဟင်းရွက်တွေ ရောင်းပြီးတော့ အသက်ရှင် ရတာ”
တောင်တန်းထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ချင်းပြည်နယ်မှာ ဒေသခံအများစုဟာ နေ့စဥ် စားဝတ်နေရေးအတွက် တောင်ယာစိုက်ပျိုးမှုနဲ့ ကြက်၊ ဝက်၊ ဆိတ်၊ နွားနောက် မွေးမြူတဲ့ အလုပ်တွေကိုပဲ အဓိက အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်ကြပါတယ်။
အသားအတွက် မွေးမြူရေးလုပ်မယ်၊ ဆန်အတွက် တောင်ယာစိုက်ပျိုးမယ်ဆိုရင် မိသားစု စားဝတ်နေရေးအတွက် တစ်နှစ်စာတော့ ဖူလုံတယ်လို့ ဒေါ်ကျိန့်ပီးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ဟိန်ဇိန်းရွာနဲ့ သိုင်းငင်းရွာကြားမှာ ကလေးမြို့ဘက်က တက်လာတဲ့ စစ်ကောင်စီတပ်နဲ့ CDF Siyin၊ PDF Zoland အဖွဲ့တို့ ငါးရက်လောက် တိုက်ပွဲဖြစ် ခဲ့တာကြောင့် ဟိန်ဇိန်းတစ်ရွာလုံး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။ အများစုက အခုချိန်ထိ ရွာကို မပြန်နိုင်သေးပါဘူး။
"ကြောက်ရတာပေါ့။ ကျမတို့ တောင်ယာသွားတဲ့လမ်းမှာ မိုင်းထောင်ထားတာ တွေ့တယ်။"
တချို့ အရဲစွန့်ပြီး ရွာကိုပြန်သွားတဲ့အခါ ထွက်မပြေးခင်ကရှိခဲ့တဲ့ သူတို့ရဲ့အဖိုးတန်ပစ္စည်းတွေနဲ့ ဆန်၊ ဆီ၊ ဆား ကအစ ဘာတစ်ခုမှ မကျန်တော့ဘူးလို့ ဟိန်ဇိန်းရွာသူ ဒေါ်နဲမ်ပီးက ပြောပါတယ်။
“ဒီမှာ စစ်ဖြစ်တဲ့အခါကျတော့ စစ်ရှောင်တယ်။ ဒါပေမဲ့ ပြန်လာတဲ့အခါကျတော့ ဆိုလာမီးတွေ လည်း မရှိတော့ဘူး။ အိုးခွက်ပန်းကန်တွေ၊ စားဖို့သောက်ဖို့ထားတဲ့ ဆန်၊ ဆီ၊ ဆား၊ ငါးပိ အကုန်လုံး မရှိတော့ဘူး။ အခုက ရှိတာလေးနဲ့ စားသောက်နေရတာပေါ့။ တောထဲမှာ သွားပြီး မှ အလေ့ကျပေါက်တဲ့ ဟင်းသီးဟင်းရွက်တွေကို ကောက်ပြီးတော့ စားနေရတာပေါ့။”
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်သားတွေ ရွာကိုဝင်တိုင်း အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်၊ ပစ္စည်းတွေကို လုယက်ခိုးယူတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို RFA က ဆက်သွယ် မေးမြန်းတိုင်း အမြဲငြင်းဆိုလေ့ရှိပါတယ်။ ဒီကိစ္စတွေကို PDF တပ်တွေကသာ လုပ်လေ့ရှိတယ်လို့ တန်ပြန်စွပ်စွဲပါတယ်။
တစ်ရွာလုံးနီးပါး စစ်ရှောင်နေရတဲ့ ဟိန်ဇိန်းရွာသား ဦးကမ်းတွောင်ကတော့ သူတို့ရွာမှာ ပြည်တွင်း စစ်ကြောင့် တောင်ယာလည်း မလုပ်နိုင်၊ စားဖို့လည်း ပိုက်ဆံမရှိတာကြောင့် အမှိုက်ပုံထဲက ပလတ်စတစ်ဘူးခွံကောက်ရောင်းပြီး ဝမ်းရေးကို ဖြေရှင်းနေရတယ်လို့ ပြောပါတယ်။
“စားဖို့သောက်ဖို့ ရှာလို့မရဘူး။ တောင်ယာလုပ်တာ၊ ထင်းရှာတာ အချိန်မီ လုပ်လို့မရဘူး။ သုံးဖို့ ပိုက်ဆံလည်း မရှိဘူး။ လောလောဆယ် စားဖို့ နေ့စားအလုပ်ရှိတဲ့အခါ သွားလုပ်တယ်။ မရှိရင်တော့ မရဘူးပေါ့။ စားဆီ အရင်က ၁၀၀ဝ ကျပ်နဲ့ ဝယ်ရတဲ့ဟာ အခု ၃၀၀၀ နဲ့ ဝယ်ရ တယ်။ ဓာတ်ဆီ အရင်က တစ်ဂါလန် ၃၀၀၀ ကျပ်နဲ့ ဝယ်ရတဲ့ဟာ အခု ၁၀၀၀၀ ကျပ် ဖြစ်နေ ပြီ။ အဲဒါကြောင့် ပိုက်ဆံရနိုင်တဲ့ အခု လမ်းဘေးက အမှိုက်တွေထဲက ပလတ်စတစ်၊ ရေသန့် ဘူးတွေ ကောက်နေရပါတယ်။”
စစ်ဘေးရှောင်ရာကနေ ရွာကိုမစွန့်နိုင်လို့ ပြန်လာခဲ့တဲ့ ဒေါ်နဲမ်ပီးကတော့ စားဝတ်နေရေးအတွက် တောင်ယာအလုပ်ကို အသက်စွန့်ပြီး ပြန်လုပ်နေရတယ်လို့ RFA ကို ပြောပါတယ်။
ဟိန်ဇိန်းရွာနဲ့ ယာခင်းအကြားလမ်းမှာ မိုင်းထောင်ထားတာ တွေ့ရတယ်လို့ ဒေါ်နဲမ်ပီးက ပြောပါတယ်။
“ကြောက်ရတာပေါ့။ ကျမတို့ တောင်ယာသွားတဲ့လမ်းမှာ မိုင်းထောင်ထားတာ တွေ့တယ်။ ဒါပေမဲ့ ရွာထဲက ဖြုတ်တတ်တဲ့သူတွေခေါ်ပြီးတော့ ဖြုတ်ခိုင်းပြီးတော့ တောင်ယာသွား နေရတာ။ မသွားလို့လည်း မဖြစ်ဘူး။ တောင်ယာမစိုက်ရင် ဘာစားရမလဲ၊ ဘာသောက်ရမလဲ ရှိသေးတယ်ဆိုတော့ အသက်စွန့်ပြီးတော့ တောင်ယာ သွားရတာ။”
ချင်းပြည်နယ်မှာ မြို့နယ်ပေါင်း ကိုးခုရှိပြီး ကျေးရွာပေါင်း ၃၀၀ ကျော်ရှိပါတယ်။ အခုတော့ ရွာသားအများစုဟာ တိုက်ပွဲကြောင့် ရွာကိုစွန်ခွာပြီး ထွက်ပြေးနေရပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့နဲ့ ချင်းရေးရာအဖွဲ့ချုပ်ရဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်း ထားတဲ့ တစ်နှစ်ကျော်အတွင်း ချင်းပြည်နယ်တစ်ခုလုံးမှာ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်အထိ ရှိလာပြီး အဲဒီအထဲက ခြောက်သောင်းကျော်က ဒေသတွင်း နီးစပ်ရာ တောတောင်တွေမှာ ဖြစ် သလို တိမ်းရှောင်နေပါတယ်။ ကျန် လေးသောင်းကျော်ကတော့ နယ်စပ်ဖြတ်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးသွားပါတယ်။
Data for Myanmar အဖွဲ့ရဲ့ ၂၀၂၂ မတ်လကုန်အထိ အချက်အလက်တွေအရ ထန်တလန်နဲ့ မင်းတပ်အပါအဝင် ချင်းပြည်နယ်တစ်ခုလုံးမှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အလုံးပေါင်းက ၁၁၃၂ လုံးရှိပါတယ်။