စစ်ဘေးဒုက္ခသည်တွေ ငှက်ဖျားအဖြစ်များပြီး ဆေးဝါးခက်ခဲနေ
2024.05.29

မြဝတီမြို့နယ် ကနဲလေးရွာက ဒေသခံလေးရာကျော်ဟာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်တွေကြားက တိုက်ပွဲတွေကြောင့် သောင်ရင်းမြစ်ကမ်းနံဘေးမှာ တဲထိုးပြီး နေထိုင်နေကြတာ သုံးနှစ်နီးပါးရှိနေပါပြီ။
ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ အသုံးအဆောင်တွေကို အလှူရှင်တွေ မကြာခဏလှူဒါန်းကြပေမဲ့ ဆေးဝါးလှူဒါန်းတာ နည်းတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောကြပါတယ်။
မိုးတွင်းကာလ ရောက်လာပြီမို့ ငှက်ဖျားနဲ့တုပ်ကွေး အဖြစ်များနေကြပြီး ဆေးဝါးမလုံလောက်ဘူးလို့ အဲဒီစခန်းရဲ့ သူနာပြုဆရာမ နော်ချာမိက ပြောပါတယ်။
"အဖြစ်များတာတွေကတော့ ငှက်ဖျားရောဂါရယ်၊ ဝမ်းပျက်ဝမ်းလျှောရယ် ပြီးရင် တုပ်ကွေး၊ အဲဒါ အဖြစ်များတယ်၊ ဒီဆေးခန်းကနေ ဖြစ်နိုင်ရင်ပေါ့နော် ဆေးပဲလာလှူချင်တယ်ပေါ့၊ တချို့ဆေးက သိပ်မလောက်ဘူးလေ၊ ဆေးလိုချင်တယ်ပေါ့၊ ပိုးသတ်ဆေး အမောက်ဆလင် တို့။"
အရေးပေါ်ဆေးကုသဖို့ ဆေးရုံသွားမယ်ဆိုပေမဲ့လည်း နယ်စပ်ဒေသဖြစ်နေတာကြောင့် ဒုက္ခသည်တွေအတွက် အဆင်မပြေပါဘူး။
ဒုက္ခသည်စခန်းမှာ ဆေးပေးခန်းရှိပေမဲ့လည်း ဆေးအလုံအလောက် မရှိဘူးလို့ ဒုက္ခသည် ဦးပြောင်ကြီးက ပြောပါတယ်။
"တခါတစ်လေကျရင် ငှက်ဖျားမိတဲ့အခါကျရင် ဆေးလိုအပ်တာပေါ့၊ ငှက်ဖျားပေါတယ် ဒီနေရာက၊ ဆေးပေးခန်းက ဆောက်ထားတာပဲ၊ ဆောက်ထားပေမဲ့ ပြောရမယ်ဆိုရင် ဆေးကတော့ မပြေလည်ဘူးပေါ့၊ ရှိတဲ့အခါကျရင်ရှိတယ်၊ မရှိတဲ့အခါကျရင် မရှိဘူး။"
ကျန်းမာရေးအတွက် KNU လက်အောက်ခံ သက်ဆိုင်ရာအဖွဲ့အစည်းတွေက သူနာပြုဆရာမနှစ်ယောက် တာဝန်ချပေးထားသလို ဆေးဝါးထောက်ပံ့တာတွေရှိပေမဲ့ အလျင်မမီဘူးလို့လည်း ဆိုပါတယ်။
စခန်းအတွက် ဆေးကုသပေးမဲ့ သူနာပြုဆရာမတွေရှိပေမဲ့ ဆေးဝါးအခက်အခဲတော့ ရှိနေဆဲပဲလို့ စခန်းတာဝန်ခံ နော်ဖီဖီဖော က ပြောပါတယ်။
"အခုမိုးတွင်းကာလမှာဆိုရင် ရေအဓိကပါပဲ၊ ရေရယ်၊ ဆေးဝါးရယ်၊ အစားအသောက်ရယ်၊ အဲဒါအဓိကပါပဲ၊ တင်ပြတောင်းဆိုချင်တာကတော့ ဒီနေရာမှာနေတာ သုံးနှစ်ရှိပြီ၊ စားနပ်ရိက္ခာတွေလိုတယ်၊ မိုးတွင်းဖက်ဆိုရင် အိမ်တိုင်းလိုလိုပဲ၊ အိမ်မှာ ငါးယောက်ရှိရင် လေးယောက်လောက် အနည်းဆုံးငှက်ဖျားဖြစ်တယ်။"
သောက်သုံးရေအတွက် သောင်ရင်းမြစ်ထဲကရေကို ကျိုချက်ပြီးသောက်ခဲ့ကြပေမဲ့ ခုလိုမိုးတွင်းရောက်လာရင်တော့ တောင်ကျရေတွေကြောင့် ရွှံ့ရေတွေဖြစ်ကုန်တဲ့အတွက် သောက်သုံးရေလည်း အခက်အခဲဖြစ်ရတယ်လို့ ဆိုပါတယ်။
ခနဲလေးစခန်းမှာ စစ်ဘေးဒုက္ခသည်လေးရာကျော်ရှိပြီး ကရင်တိုင်းရင်းသားတွေပဲ နေထိုင်ကြတာဖြစ်ပါတယ်။ အဲဒီထဲမှာ အမျိုးသမီးတစ်ရာကျော် ပါဝင်ပြီး အသက် ၁၃ နှစ်ကနေ မွေးကင်းစလသားအရွယ် ကလေးတစ်ဒါဇင်ကျော်အပါအဝင် ကလေးငယ်တစ်ရာကျော် ရှိပါတယ်။
စစ်ဘေးရှောင်နေရတာ အချိန်ကြာလာတာနဲ့အမျှ အလှူရှင်တွေ ထောက်ပံ့တာနဲ့ပဲ မလုံလောက်တာကြောင့် အဲဒီစခန်းက အမျိုးသားအတော်များများဟာ တောင်ယာတွေမှာ သွားရောက်အလုပ်လုပ်ကိုင်ကြပါတယ်။
"တခါတစ်လေမှာကျတော့ အပြင်မှာ ကျွန်မယောက်ျား အလုပ်လုပ်စားတယ်၊ ပြီးတော့ ပြန်လာပေးတယ် ပိုက်ဆံ၊ ပြောင်းဖူးစိုက်တာတို့၊ ပဲစိုက်တာတို့။"
စစ်ကောင်စီတပ်တွေက နယ်စပ်မျဉ်းတလျှောက်မှာ စခန်းချထားပြီး မကြာခဏ တိုက်ပွဲတွေဖြစ်နေတာကြောင့် သူတို့ နေရပ်ကို ပြန်လို့မရသေးဘူးလို့ ပြောကြပါတယ်။