စစ်ကောင်စီလက်ထက် နေအိမ်ချိပ်ပိတ် သိမ်းဆည်းခံရသူများ

ခင်မိုးညို
2022.04.15
စစ်ကောင်စီလက်ထက် နေအိမ်ချိပ်ပိတ် သိမ်းဆည်းခံရသူများ ချိပ်ပိတ်ခံရတဲ့ နေအိမ်တစ်လုံး။
Photo: Citizen Journalist

အာဏာသိမ်းစစ်ကောင်စီဟာ အကြမ်းဖက်အဖွဲ့တွေနဲ့ပတ်သက်တယ် ဆိုတဲ့စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံအနှံ့က ပြည်သူတွေရဲ့ နေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်သိမ်းဆည်းနေပါတယ်။

နေအိမ် သိမ်းဆည်းခံရသူတွေထဲမှာ NLDပါတီဝင်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေတင် မကဘဲ သာမန်ပြည်သူတွေလည်း အများအပြား ပါဝင်နေပါတယ်။ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက နေအိမ်သိမ်းဆည်းခံခဲ့ရတဲ့ မိသားစုနှစ်စုက သူတို့ရဲ့အကြောင်းကိုအခုလိုပြောပြပါတယ်။

"ကျွန်မတို့ကို လက်သင့်ခံထားပါတယ် ဆိုပြီးတော့ စစ်ကောင်စီက ကျွန်မတို့ အိမ်ကိုလာပါတယ်။ ကျွန်မအိမ်သားကို လာဖမ်းပါတယ်။ ကျွန်မယောက်ျားကို ဖမ်းမမိတဲ့အခါ သူတို့က အခုကျွန်မတို့ နေနေတဲ့အိမ်ကို ပြည်သူပိုင်သိမ်းမယ်၊ နင်တို့ထွက်ကြ… ဆိုပြီးနှင်ထုတ်ပါတယ်။ နင်တို့မသွားရင် ပစ်မှာ၊ သတ်မှာ၊ ဖမ်းမှာဆိုပြီး ကျွန်မတို့မှာ ထွက်ပေးခဲ့ရပါတယ်" လို့ မြင်းခြံမြို့နယ်က ဒေါ်သီတာက ပြောပါတယ်။

"အဖေနဲ့ အမေ ဘယ်ရောက်လို့ ဘာဖြစ်နေသလဲ ဆိုတာလဲ သမီးတို့ မသိရဘူး။ တခါတလေ မောင်နှမနှစ်ယောက် အ‌ဖေနဲ့အမေကို အရမ်းသတိရတာ။"

မိဘတွေ ထွက်ပြေးသွားရလို့ နေအိမ်မှာ မောင်နှမနှစ်ယောက်တည်း ကျန်ခဲ့တဲ့ မုံရွာမြို့က မသူဇာ ပြောတာက

"သမီးအဖေနဲ့အမေက စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ဆန္ဒပြပွဲတွေမှာ သူတို့ကပါတယ်။ အဲဒီပွဲတွေမှာ အကျွေးအမွေးက လုပ်သေးတယ်။ အဲဒါကို စစ်တပ်က အကြောင်းပြပြီးတော့ သမီးအဖေနဲ့ အမေကို PDF နဲ့အဆက်အသွယ်ရှိတယ် ဆိုပြီးတော့ ဖမ်းဖို့လာတယ်။ သမီးအဖေနဲ့အမေက သူတို့လာဖမ်းတဲ့အချိန်မှာ ကံကောင်းလို့ ထွက်ပြေးလွတ်မြောက်ခဲ့ရတယ်။ အဲဒီလိုအချိန်မှာ သမီးတို့မောင်နှမ နှစ်ယောက်ဘဲ အိမ်မှာကျန်ခဲ့တာ"

ဒေါ်သီတာတို့ မိသားစုဟာ မြင်းခြံမြို့နယ်မှာ နေထိုင်ပါတယ်။ သူ့ရဲ့ခင်ပွန်းဟာ ဒေသထွက်ကုန်တွေကို ဝယ်ယူရောင်းချတဲ့ ကုန်သည်တစ်ဦးပါ။ ကုန်ရောင်းကုန်ဝယ်လာတဲ့ မိတ်ဆွေတွေကို အိမ်မှာ တည်းခိုခွင့်ပြုခဲ့တဲ့အတွက် အားပေးကူညီသူလို့ စွပ်စွဲခံရပြီး အိမ်ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတာပါ။ ဒေါ်သီတာရဲ့ခင်ပွန်းက ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဒေါ်သီတာကတော့ လူမမယ်ကလေးနှစ်ဦးနဲ့ အိမ်ငှားနေထိုင်ပြီး ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။

"ကျွန်မယောက်ျားက ဆန်ပွဲစား၊ စပါးပွဲစား လုပ်ပါတယ်။ နယ်ပေါင်းစုံလူပေါင်းစုံနဲ့ အဆက်အသွယ်ရခဲ့ပါတယ်။ ဆန်ရောင်းဝယ်တဲ့သူတွေ အိမ်ရောက်လာတော့ သူတို့က တည်းခွင့်တောင်းလို့ ကျွန်မတို့လဲ ပေးတည်းခဲ့ပါတယ်။ ကျွန်မတို့အိမ်မှာ လာတည်းတဲ့သူတွေက သူတို့နယ်မှာ ဘာလုပ်ခဲ့လဲဆိုတာ ကျွန်မတို့ မသိပါဘူး။ အခုတော့ ကျွန်မတို့တိုက်မှာ… မကျူးကျော်ရ စာဗီနိုင်းကြီး ကပ်ထားပါတယ်။ ပြည်သူပိုင် သိမ်းလိုက်တာပါ။ အခုအိမ်ငှားနဲ့ နေရတာပေါ့။ သမီးအကြီးလေးက ဆယ်တန်းတောင် မတက်ရသေးပါဘူး။ သမီးအငယ်လေးက အခုမှ လေးနှစ်ကျော်ပဲ ရှိသေးတယ်။ သမီးလေးနှစ်ယောက်နဲ့ ကျွန်မတို့မှာ ဘယ်လိုမှအဆင်မပြေဘူး"

"အခုဆို ကျွန်မတို့လို ကိုယ့်အိမ်ကိုယ့်တိုက်ကို စွန့်ပြီးတော့ ဘေးကိုရောက်သွားရတာ အတော်များများ ရှိကြပါတယ်" 

မုံရွာမြို့က မသူဇာကတော့ သူ့ရဲ့မိဘတွေဟာ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့လို့ ဖမ်းဝရမ်းထုတ်ခံခဲ့ရပါတယ်။ မိဘတွေကို ဖမ်းမမိတဲ့အခါ မသူဇာတို့ရဲ့နေအိမ်ကို ချိပ်ပိတ်သိမ်းဆည်းလိုက်တဲ့အတွက် မသူဇာတို့ မောင်နှမနှစ်ဦးဟာ တစ်နိုင်တစ်ပိုင်ပစ္စည်းလေးတွေနဲ့ အိမ်က ထွက်ခွာခဲ့ရတာပါ။အခုတော့ မသူဇာတို့ ပညာရေးလည်း ရပ်ဆိုင်းသွားခဲ့ပါတယ်။

"အခုဆိုရင် သမီးရဲ့အိပ်မက်တွေ သမီးရဲ့အနာဂတ်တွေကို အဖေမျှော်မှန်းထားခဲ့တာတွေ အကုန် တစ်စစီဖြစ်ကုန်တယ်။ ကျောင်းလဲမတက်ရတော့ဘူးပေါ့။ သမီးက ဆရာဝန်ဖြစ်ဖို့ ကြိုးစားခဲ့တာ။ အခုလိုဖြစ်သွားတော့ တော်တော်လေး စိတ်မကောင်းဖြစ်ရတယ်။ အဖေနဲ့ အမေ ဘယ်ရောက်လို့ ဘာဖြစ်နေသလဲ ဆိုတာလဲ သမီးတို့ မသိရဘူး။ တခါတလေ မောင်နှမနှစ်ယောက် အ‌ဖေနဲ့အမေကို အရမ်းသတိရတာ။ ဘဝမှာ ဒီလိုဖြစ်လာမယ်လို့ တစ်ခါမှ မထင်ဘူး"

"သူတို့ အခုလို လုပ်လိုက်တဲ့အတွက်ကြောင့် သူတို့ကိုမုန်းတဲ့စိတ်တွေ၊ စစ်အာဏာရှင်ကို တော်လှန်ချင်တဲ့သူတွေ ပိုပြီးများလာမှာ"

ဒေါ်သီတာကတော့ သူတို့ချွေးနည်းစာနဲ့ ကြိုးစားရှာဖွေ တည်ဆောက်ထားခဲ့ရတဲ့ သူတို့မိသားစုပိုင်အိမ်ကို ပြည်သူပိုင်အဖြစ်ခေါင်းစဉ်တပ်ပြီး ချိတ်ပိတ်ခံရဟာ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် သူတို့မြို့မှာ အဲဒီလို အိမ်သိမ်းဆည်းခံရလို့ ဒုက္ခရောက်နေကြသူတွေ အများအပြားရှိနေတယ်လို့ ပြောပြပါတယ်။

"အခုလို အိမ်သိမ်းရတဲ့အဖြစ်ကတော့ စစ်ကောင်စီတွေ မလုပ်သင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့မှာ ဘာအပြစ်မှ လုပ်မထားတော့လေ။ ကျွန်မတို့မှာ အိမ်တစ်လုံးဆုံးရှုံးတာပဲ အဖတ်တင်ခဲ့ရပါတယ်။ ကျွန်မအိမ်သားဆို ခုချိန်အထိ ဘယ်ရောက်နေမှန်း မသိရပါဘူး။ အိမ်တစ်လုံးဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ကျွန်မတို့မှာ ကြိုးစားပြီး ဒီအိမ်လေးကို လုပ်ခဲ့ရတာပါ။ ဒီလို တိုက်ကြီးကို သိမ်းတာကတော့ မဖြစ်သင့်ပါဘူး။ ကျွန်မှာ ဝမ်းလဲဝမ်းနည်းမိတယ်၊ အိပ်လို့လဲမရဘူး၊ တွေးတွေးပြီးတော့။ အခုဆို ကျွန်မတို့လို ကိုယ့်အိမ်ကိုယ့်တိုက်ကို စွန့်ပြီးတော့ ဘေးကိုရောက်သွားရတာ အတော်များများ ရှိကြပါတယ်"

စစ်ကောင်စီက အိမ်သိမ်းဆည်းပြီး ပြည်သူတွေ ကြောက်ရွံ့ထိတ်လန့်အောင်လုပ်တာ ဖြစ်ပေမယ့် ဒီလုပ်ရပ်တွေကြောင့် ပြည်သူတွေကြားမှာ အာဏာရှင်ကို တော်လှန်ချင်သူတွေ ပိုများလာမယ်လို့ မသူဇာက ဆိုပါတယ်။

"သမီးကတော့ စစ်ကောင်စီကို ပြောချင်တယ်။ အဲဒီလို ချိပ်ပိတ်တဲ့အတွက် သူတို့ထင်တာကတော့ PDF တွေနဲ့ အဆက်အသွယ်မရှိ၊ မထောက်ပံ့နိုင်ဘူးလို့ သူတို့ထင်တာပေါ့နော်။ ဒါပေမဲ့ သူတို့ အခုလို လုပ်လိုက်တဲ့အတွက်ကြောင့် သူတို့ကိုမုန်းတဲ့စိတ်တွေ၊ စစ်အာဏာရှင်ကို တော်လှန်ချင်တဲ့သူတွေ ပိုပြီးများလာမှာ"

ဒေါ်သီတာကတော့ တစ်နေ့မှာ သူ့မိသားစုတွေ သူတို့ပိုင်အိမ်မှာ ပြန်လည် အတူတကွနေထိုင်နိုင်ဖို့ ဆိုတဲ့မျှော်လင့်ချက်ကို အခုလိုပြောပြပါတယ်။

"မျှော်လင့်ချက်ကတော့ရှိတယ်။ ဘာလို့လဲဆိုတော့… 'အရေးတော်ပုံအောင်ရမည်' ဆိုတဲ့စကားကို ကျွန်မတို့ လက်ဆုတ်ကိုင်ထားတာ။ အဲဒီလိုအောင်ခဲ့ရင် ကျွန်မတို့နေခဲ့တဲ့တိုက်လဲ ပြန်နေရမှာ။ ကျွန်မတို့ မိသားစုလဲ နဂိုတုန်းကလို ပျော်ပျာ်ရွှင်ရွှင်နဲ့ စားရသောက်ရ ပြန်နေရမှာ။ အမြန်ဆုံးအောင်မြင်ပါစေလို့ ကျွန်မဆုတောင်းလိုက်ပါတယ်"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။