ပြည်တွင်းစစ်ကြောင့် ကရင်နီ မိန်းကလေးငယ်တွေ ကလေးအလုပ်သမားဖြစ်နေ

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့က ဒုက္ခသည်စခန်းတစ်ခုမှာ ပြီးခဲ့တဲ့လက လာရောက်ခိုလှုံနေတဲ့ အသက် ၁၈ နှစ်အောက် ညီအစ်မနှစ်ဦးနဲ့ သူတို့ရဲ့ မိသားစုဟာ လောလောဆယ် ယာယီ ခိုလှုံစရာနေရာလေးတစ်ခု ရှိနေပေမယ့် နေ့စဥ် စားဝတ်နေရေးကတော့ ခက်ခဲလှပါတယ်။
သူတို့နှစ်ဦးဟာ ညောင်ရွှေမြို့နယ်က ခရမ်းချဉ်သီးစိုက်ခင်းတစ်ခုမှာ နေ့စားခရဖို့ တစ်နေကုန် အလုပ်လုပ် နေကြပါတယ်။ အကြီးဖြစ်တဲ့ မတီမို့က ၁၆ နှစ်၊ အငယ်ဖြစ်တဲ့ မနော်မူအေးက ၁၃ နှစ်ပဲ ရှိပါသေးတယ်။
ဧပြီလရဲ့ ပူပြင်းလှတဲ့ နေရောင်အောက်မှာ တစ်နေကုန်လုပ်မှ တစ်ယောက်ကို ကျပ်လေးထောင်ပဲ ရတယ်လို့ မတီမို့က ပြောပါတယ်။
"ကျမတို့က နေ့စားခ လိုက်တယ်။ တစ်ရက်ကို လေးထောင်ရတယ်။ ညီအစ်မ နှစ်ယောက်ဆိုတော့ ရှစ်ထောင်ရ တာပေါ့။ အမေက ကလေးငယ်နဲ့ဆိုတော့ သိပ် မလုပ်နိုင်ဘူး။ ကျမတို့ကပဲ လုပ်ပေးရတယ်။ အဖေကတော့ ဝါးလိုက်ခုတ်တယ်။ မလုပ်ရင်လည်း မစားရဘူးပေါ့။ မောင်နှမများတော့၊ မိသားစုများတော့ မလုပ်ရင်လည်း စားဖို့က အခက်အခဲရှိတာပေါ့။ ကျမက အကြီးဆုံးဆိုတော့ ပိုလုပ်ရတာပေါ့နော်"
သူတို့မိသားစုမှာ မတီမို့နဲ့ မနော်မူအေး အပါအဝင် မောင်နှမ ငါးယောက်ရှိပြီး မိဘနှစ်ပါးနဲ့အတူ အသက် ၈၀ ကျော် အဘိုးလည်း အတူနေထိုင်ပါတယ်။
တစ်နေရာပြီး တစ်နေရာ ဆက်တိုက်ဖြစ်နေတဲ့ ဒီးမော့ဆိုမြို့နယ်က တိုက်ပွဲတွေ သူတို့ရဲ့ဇာတိ လားလဲရွာလေးကို ရောက်လာချိန်မှာတော့ တခြားဒေသခံတွေနဲ့အတူ သူတို့မိသားစုလည်း ညောင်ရွှေမြို့နယ်က ဒုက္ခသည်စခန်း တစ်ခုဆီ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ကြရပါတယ်။ ဒုက္ခသည်စခန်းမှာ နိုင်ငံတကာအထောက် အပံ့လည်းမရ၊ ဒေသတွင်း အလှူရှင်တွေကလည်း မထောက်ပံ့နိုင်တော့တာကြောင့် ရရာအလုပ်ကို အရွယ်နဲ့ မမျှအောင် ပင်ပင်ပန်းပန်း လုပ်ကိုင်နေကြရပါတယ်။
စားဖို့ငွေရှာရတာ ခက်ခဲပေမယ့် နေစရာ တဲလေးတစ်လုံး ရှိနေတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်နေသူက ညီမဖြစ်သူ အသက် ၁၃ နှစ်အရွယ် မနော်မူအေးပါ။
"အခု ကျမတို့ ရွာကနေ ပြေးရတာ သုံးခါရှိပါပြီ။ ရွာမှာနေတုန်းကဆိုရင် သေနတ်သံတွေ နေ့တိုင်းကြားနေရ တယ်။ တောထဲတောင်ထဲကို မိုးချုပ်လည်း ပြေးသွားနေကြရတော့ ကျမမောင်လေး အငယ်ဆုံးနဲ့ အမေက လည်း မိုးချုပ်ရင်ပြေးရတော့ အဆင်မပြေဘူး လေ။ အဲတော့ အခု ကျမတို့ သူများရွာဘက် ပြေးလာတော့ တစ်ရက် တစ်ရက်တော့ တောင်ယာသွားပြီး အလုပ်လုပ်ရတယ်။ အခု ကျမတို့ နေဖို့ထိုင်ဖို့ တဲထိုးခွင့်ပေးတာ ကိုပဲ ဘုရားသခင်ကို ကျေးဇူးတင်တယ်။ စားဖို့ သောက်ဖို့ကတော့ ကိုယ့်ဘာသာကိုတော့ ရုန်းကန်ရမှာပါပဲ"
မိသားစုဝင် စုစုပေါင်း ရှစ်ယောက်ရှိတာမို့ သူတို့ညီအစ်မအပြင် ဖခင်ဖြစ်သူကလည်း ဝါးခုတ်တဲ့ နေ့စားအလုပ် ကို ပင်ပင်ပန်းပန်း လုပ်ကိုင်ရပါတယ်။
"ကျမတို့ နေဖို့ထိုင်ဖို့ တဲထိုးခွင့်ပေးတာကိုပဲ ဘုရားသခင်ကို ကျေးဇူးတင်တယ်"
အလုပ်ကပင်ပန်းပြီး ငှက်ဖျားဒဏ်ခံရတဲ့အကြောင်း၊ ပုံမှန်အလုပ်မျိုး မဟုတ်တာမို့ ရှေ့ဆက်ဘယ်လို ရှာစားရမှန်း မသိဘူးလို့ ဖခင်ဖြစ်သူ ဦးရှီုးရှိုက ပြောပါတယ်။
"တစ်နေကုန် မောမောပန်းပန်းနဲ့ အလုပ်လုပ်ရင်လည်း တစ်ခါတလေ တစ်ထောင်၊ နှစ်ထောင်ပဲ ရတယ်။ လိမ်စားတဲ့သူကလည်း ရှိသေးတယ်။ ကလေးကလည်း များတယ်။ အလုပ်အကိုင်က သေသေချာချာ မရှိဘူး။ အလုပ်လုပ်ရင်လည်း ရွာကလောက် အဆင် မပြေဘူး။ မိသားစုကလည်း သူများထက် ပိုများနေတော့ ရှေ့ဆက် ဘာလုပ်ကိုင်စား သောက်ရမလဲ မသိဘူး။ အဖေအိုတစ်ယောက်လည်း ရှိတယ်။ ရွာမပြန်ရရင်တော့ ဘယ်လိုလုပ် ရမလဲ မသိတော့ဘူး။ ဘယ်လို ရှာစားရမလဲ မသိတော့ဘူး။ အရမ်း အခက် အခဲ ဖြစ်တယ်။ အလုပ်ရှာလုပ် တာလည်း အဆင်မပြေပြန်ဘူး"
မတီမို့နဲ့ မနော်မူအေးတို့ မောင်နှမ ငါးယောက်မှာ အငယ်ဆုံးမောင်လေးက ၁၀ လပဲ ရှိသေးတာမို့ မိခင်ဖြစ်သူကတော့ အပြင်ထွက်ပြီး အလုပ် မလုပ်နိုင်ပါဘူး။
အငယ်ဆုံးကလေး မွေးစကတည်းက ဒီးမော့ဆိုမှာ မကြာခဏ စစ်ပြေးခဲ့ရပြီး အခုချိန်မှာတော့ မိသားစု လည်းများတာမို့ ဘဝက ခက်ခဲလှတယ်လို့ မိခင်ဖြစ်သူ ဒေါ်နဲလေက ပြောပါတယ်။
"ကျမ ကလေး ငါးယောက်ရှိတယ်။ ဒီအငယ်ဆုံး သားလေးကတော့ နှစ်ပတ်သားလေး ကတည်းက စပြေး နေကြရပြီလေ။ သုံးခါလောက် ပြေးကြရတယ်။ တောတောင်ထဲ သွားနေပြန်တော့လည်း ပင်ပန်းဆင်းရဲ ကြရပြန်တယ်။ ပြေးလွှားခဲ့စဉ်က သူ့ကို ပုရွက်ဆိတ်တွေ ၊ ပိုးမွှားတွေ ကိုက်မှာစိုးလို့ တစ်ချိန်လုံး ချီထားခဲ့ရတယ်။ ဒီမှာ သူများရွာလာနေတဲ့အခါမှ နည်းနည်းလေး ပျော်လာတယ်။ တဲလေးဆောက်ပြီး နေခွင့်ရလို့ သက်သာသွားတယ်။ နေလို့ရလာတယ်ဆိုပေမယ့်လည်း စားဖို့သောက် ဖို့ကတော့ ခက်ခဲနေဆဲပါပဲ"
လက်ရှိ မတီမို့တို့ ခိုလှုံနေတဲ့ ညောင်ရွှေမြို့နယ်ထဲက ယာယီစစ်ဘေးဒုက္ခသည်စခန်းမှာ သူတို့နဲ့ဘဝတူ ဒီးမော့ဆိုမြို့နယ် လားလဲကျေးရွာကနေ လာရောက်ခိုလှုံနေသူ ဒေသခံ ၃၀ လောက်ရှိပါတယ်။
သူတို့အားလုံး ဘာအထောက်အပံ့မှ မရတာကြောင့် အမျိုးသမီးတွေက ခရမ်းချဉ်သီးခူး၊ အမျိုးသားတွေက ဝါးခုတ်ပြီး နေ့စဥ် စားဝတ်နေရေးကို ခက်ခက်ခဲခဲ ရုန်းကန်ဖြေရှင်း နေကြရတာပါ။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းချိန်ကနေ ဒီနှစ်၂၀၂၂ မတ်လ ၃၀ ရက်အထိ နှစ်ဖက်တိုက်ပွဲတွေကြောင့် ကယားပြည်နယ်တစ်ခုလုံးမှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းနီးပါး (၁၉၇, ၁၁၅) ရှိနေတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က မတ်လ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။