စစ်အာဏာသိမ်းမှုကြောင့် အသိုက်အမြုံပျက်ခဲ့ရတဲ့ မိသားစု
အာဏာသိမ်းထားတဲ့ ၁၁ လ အတွင်းမှာ စစ်ကောင်စီကိုဆန့်ကျင်တဲ့ ပြည်သူမှန်သမျှကို စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်း၊ ဖမ်းဆီးနှိပ်စက်တာတွေကြောင့် ပြည်သူပေါင်းမြောက်မြားစွာဟာ ဘေးကင်းရာကို ရှောင်တိမ်းခိုလှုံနေကြရပါတယ်။
အဲဒီထဲက အသက်၂၀ကျော်အရွယ် ကိုကိုအောင်ထက်နိုင်ဟာလည်း စစ်ကောင်စီကို ရှောင်ရင်းတိမ်းရင်းနဲ့ လွတ်မြောက်နယ်မြေ တစ်ခုကိုရောက်ရှိသွားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က သူ့ရဲ့အမွှာညီဖြစ်သူ ညီညီအောင်ထက်နိုင်ဟာ လှည်းတန်းသပိတ်မှာ ပါဝင်ရင်း စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။
"အရင်လို မိသားစုစုံစုံညီညီ ရှိတဲ့အချိန်ကိုလည်း ပြန်ရောက်စေချင်တယ်"
အမွှာညီဖြစ်သူ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးရတာဟာ ဘဝမှာအကြီးမားဆုံးသော ဆုံးရှုံးမှုဖြစ်လို့ စစ်ကောင်စီကို အဆုံးထိဆက်တိုက်ဖို့ သူ့ဘဝကိုပါ ထပ်ရင်းထားတယ်လို့ ကိုကိုအောင်ထက်နိုင်က RFA ကို ပြောပါတယ်။
“ဒီကာလမှာတော့ အားလုံးနည်းတူ ကျွန်တော်လည်း ကျွန်တော်နိုင်တဲ့ဝန် ပုခုံးတစ်ထမ်းစာ ထောက်ပို့ အနေနဲ့ တော်လှန်ရေးအတွက် ကြိုးစားပေးနေတယ်။ ရိုးရိုးသားသား ပြောပြတာပါ။ ကျွန်တော်အနေနဲ့ သေနတ်ကိုင်တဲ့ လက်တစ်စုံ မဖြစ်ခဲ့ဘူး။ ကျွန်တော်ကိုယ်တိုင် လက်နက်မကိုင်နိုင်ရင်တောင် ထောက်ပို့ ကူညီနိုင်တဲ့ လက်တစ်စုံဖြစ်ဖို့ ကြိုးစားရမယ်ပေါ့ဗျာ။ ကျွန်တော်တို့မှာလည်း တာဝန်ရှိသလို ဖြစ်အောင် လုပ်ရမယ်ဆိုပြီး ကြိုးစားနေပါတယ်”
အသက် ၂၀ကျော်အရွယ် အမွှာညီအကိုနှစ်ဦးဟာ အာဏာမသိမ်းခင်အချိန်အထိ ဝါသနာပါရာအလုပ် လုပ်ကိုင်ရင်း မိဘကို လုပ်ကျွေးပံ့ပိုးခဲ့ကြသူတွေဖြစ်ပါတယ်။
ညီညီအောင်ထက်နိုင် သေဆုံးပြီး ၆ လအကြာမှာ ကိုကိုအောင်ထက်နိုင်ကို စစ်ကောင်စီက အင်အားအလုံး အရင်းနဲ့ လာရောက်ဖမ်းဆီးချိန် အိမ်မှာမတွေ့တဲ့အတွက် မိခင်ဖြစ်သူကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားတာကိုလည်း ကြုံခဲ့ရပါတယ်။
ကျန်နေသေးတဲ့ မိသားစုသုံးဦးဟာ စစ်ကောင်စီလက်က လွတ်အောင် တကွဲတပြားစီ ထွက်ပြေးခဲ့ရတဲ့အတွက် လက်ရှိအချိန်တွေမှာ ပြည့်ပြည့်ဝဝ အသက်ရှင်နေထိုင်ရသလို မခံစားရဘူးလို့လည်း ဆိုပါတယ်။
“ကျွန်တော်တို့ မိသားစုကပေါ့ဗျာ၊ အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ သေကွဲတွေ၊ ရှင်ကွဲတွေ ဖြစ်နေရတဲ့ အနေထားပေါ့ဗျာ။ တစ်ခါတစ်လေကျတော့လည်း မိသားစုတွေက စုံစုံလင်လင်လည်းမရှိတော့ဘူး။ ဆုံးတဲ့ သူတွေကဆုံးပြီး အဖမ်းခံရတာတွေ ကြုံခဲ့ရတာတွေရှိတော့ဗျာ။ အတူတူ မရှိနိုင်တဲ့ ဘဝတွေက တကယ်ကို ခက်ခဲတယ်ဗျ။ တခါတလေကျရင် ပြည့်ပြည့်ဝဝကြီး အသက်ရှင်နေရသလိုတောင် မခံစားရဘူး ဆိုတော့ ကိုယ့်ကိုယ်ကို မပြိုလဲအောင်တောင် အားတင်းထားပါတယ်။ တခါတလေကျရင် မိသားစုနဲ့ ပြန်ပြီးတော့ ဆုံချင်တယ်”
စစ်ကောင်စီ အာဏာသိမ်းလိုက်တာဟာ အနာဂတ်မဲ့သွားသလို ခံစားခဲ့ရတဲ့အတွက် တော်လှန်မှုတွေကိုတော့ အဆုံးထိ လုပ်ကိုင်သွားဖို့ ရည်ရွယ်ထားတယ်လို့ သူက ပြောပါတယ်။
မိခင်ဖြစ်သူကတော့ ၁၀ ရက်ကျော် ဖမ်းဆီးခံခဲ့ရပြီး ပြန်လွတ်လာခဲ့ပေမယ့် ဖမ်းခံထားရချိန်မှာ သားဖြစ်သူ ရှိတဲ့ နေရာကို ခြိမ်းခြောက်စစ်ဆေး မေးမြန်းတာခံခဲ့ရလို့ ယခုအချိန်အထိ စိတ်ဒဏ်ရာတွေ ခံစားနေရ တယ်လို့လည်း ဆိုပါတယ်။
“သူ့အနေနဲ့ကလည်း ကျွန်တော်နဲ့တောင် နောက်ဆုံးစကားပြောဖို့အထိ သူကြောက်သွားတဲ့ အဆင့်တွေ ဖြစ်သွားတယ်ဗျ။ ကြောက်တယ်ဆိုတာက ကျွန်တော်အပေါ်မှာလည်း ထပ်ပြီး ဒုက္ခတွေ ထပ်ဖြစ်လာမှာ ရယ် အဲလိုပေါ့။ အမေမှာလည်း စိတ်ဒဏ်ရာတွေ ဖြစ်သွားပြီ။ သူနောက်ဆုံး ကျွန်တော့်ကို အမွေပြတ် စွန့်လွှတ်တဲ့အခါမှာလည်း စိတ်ဒဏ်ရာရသွားတယ်။ ကျွန်တော်ကို မရလို့ အမေ့ကို ထိန်းသိမ်းလိုက်တယ် ဆိုတာကြီးက အဓိပ္ပာယ်မရှိသလို လူမဆန်တဲ့လုပ်ရပ်လို့ မြင်တယ်ဗျ။ ကျွန်တော့်မှာလည်း ညီလေးလည်း ဆုံးရှုံးပြီးပြီ။ ကျွန်တော်တို့မှာ ဘာမှမရှိတော့ မိသားစုကို အမေ့ကို ထပ်ပြီးဖမ်းတယ်ဆိုတဲ့ လုပ်ရပ်က သူတို့က ကိုယ်ချင်းစာခြင်းမဲ့တယ်။ ဒီလုပ်ရပ်က လက်ခံလို့မရတဲ့ လုပ်ရပ်လို့ ကျွန်တော် မြင်ပါတယ်”
လက်ရှိအချိန်ထိလည်း ဖမ်းဆီးဖို့လာတဲ့သူတွေ နေအိမ်တွေမှာမရှိရင် မိသားစုဝင်တွေကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာမျိုး စစ်ကောင်စီက လုပ်နေဆဲဖြစ်ပါတယ်။
စစ်ကောင်စီအပေါ် ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေအပေါ် အကြမ်းဖက် ဖမ်းဆီးတာတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း ဧပြီလမှာတော့ မြန်မာနိုင်ငံရဲ့ နေရာအသီးသီးမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ကိုကိုအောင်ထက်နိုင်ဟာ လွတ်မြောက် နယ်မြေထဲကနေ စားနပ်ရိက္ခာအတွက် ထောက်ပို့တာဝန်ယူထား ပေမယ့်လည်း ပြန်မဆုံနိုင်တော့တဲ့ ညီဖြစ်သူနဲ့ ချန်ထားခဲ့ရတဲ့ အမေဖြစ်သူကို နေ့စဉ်သတိတရရှိနေပြီး အိမ်ပြန်ရမယ့်ရက်တွေ နီးချင်ပြီလို့ ပြောပါတယ်။
"အကြီးမားဆုံး စွန့်လွှတ်လိုက်ရတာ ကျနော်မှာ တစ်ဦးတည်းသောရှိတဲ့ အမွှာညီလေးပေါ့နော်။ နောက် ပညာရေးတွေလည်း ရပ်ကုန်တယ်ပေါ့နော်၊ ကျနော်မှ မဟုတ်ပါဘူး လူငယ်တွေ အားလုံးပေါ့ဗျာ။ ဒီနယ်မြေထဲတွေ ရောက်ကုန်တယ်။ ဒီတော်လှန်ရေးထဲ ရောက်ကုန်တယ်။ အိမ်နဲ့ဝေးပြီး နေရတာပေါ့။ ကျနော်ကတော့ ဖြစ်စေချင်တာပေါ့ လူငယ်တွေအားလုံး အိမ်ပြန်ရက်တွေ နီးစေချင်နေပြီ၊ သူတို့ရဲ့ပညာ ရေး၊ သူတို့ရဲ့ဘဝအတွက် သူတို့ရဲ့အချိန်တွေကိုပဲ ကုန်ဆုံးစေချင်တာပေါ့၊ တချို့တွေဆိုလည်း သူတို့ကို မျှော်နေမယ့် မိဘတွေရှိမယ်၊ မောင်နှမတွေရှိမယ်၊ အားလုံးသူတို့ကို စောင့်နေကြတယ်၊ အချိန်ကာလ တစ်ခုလည်း ကြာလာပြီဆိုတော့ သူတို့ကို အမြန်ဆုံးမိသားစုတွေ ရှိတဲ့နေရာကို ပြန်စေချင်တယ်၊ အရင်လို မိသားစုစုံစုံညီညီ ရှိတဲ့အချိန်ကိုလည်း ပြန်ရောက်စေချင်တယ်၊ အိမ်ပြန်ရမယ့်ရက်တွေကိုလည်း အမြန်ဆုံး နီးစေချင်တယ်”
ကိုကိုအောင်ထက်နိုင် နည်းတူ ပညာရေး၊ စီးပွားရေးနဲ့ မိသားစုတွေကို လက်လွှတ်ခဲ့ပြီး လွတ်မြောက်နယ်မြေ ရောက်နေသူတွေဟာ စစ်ကောင်စီကို ရင်ဆိုင်ရင်းတချိန်မှာ အိမ်ပြန်လာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ကိုယ်စီရှိကြတယ်လို့လည်း ဆိုပါတယ်။
၂၀၂၁ ကုန်ပြီးချိန်မှာလည်း မြန်မာပြည်ရဲ့ သွေးမြေကျဖြစ်ရပ်တွေက မပြီးဆုံးသေးသလို အာဏာသိမ်း စစ်တပ်က ပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် သေကွဲ၊ ရှင်ကွဲကွဲနေရတဲ့ မိသားစုတွေ တစ်နေ့ထက် တစ်နေ့ပိုများနေဆဲဖြစ်ပါတယ်။