ကျောက်တံခါး YGW မိဘမဲ့ကျောင်းက ကလေး ၄၅၀ ကျော် အကူအညီလိုအပ်နေ
2023.01.12

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၈၉ မိုင် ၅ ဖာလုံ အနီးက ပဲခူးရိုးမ တောင်ခြေမှာ မိဘမဲ့ကလေး ၄၅၀ ကျော်ကို ပြုစုစောင့်ရှောက်နေတဲ့ အဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတ အသင်း (YGW) ရဲ့ မိဘမဲ့ကျောင်း ရှိပါတယ်။
၂၀၁၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ အဲဒီကျောင်းမှာ လူဦးရေများလာပေမယ့် မြို့နဲ့ အနည်းဆုံး ၁၀ မိုင်လောက် ဝေးတာကြောင့် အလှူရှင် လာရောက်လှူဒါန်းမှုနည်းပြီး စားဝတ်နေရေးအတွက် အခက်အခဲတွေ ရှိလာတယ်လို့ ကျောင်းတာဝန်ခံတွေက ပြောပါတယ်။
"ပြည်သူကျပ်တည်းရင် ဒကာ၊ ဒကာမတွေအဆင်မပြေဘူးဆိုရင် ဦးပဉ္စင်းတို့လည်း အဆင်မပြေနိုင်ဘူးပေါ့”
ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးမတည်ငြိမ်မှု မဖြစ်ခင်က အလှူရှင်တွေ ပုံမှန်လာပေမယ့် အဲဒီနောက်ပိုင်း အလှူရှင် နည်းသွားတာကြောင့် အခက်အခဲတွေနဲ့ ကြုံလာရတာလို့ ကျောင်းတာဝန်ခံ အရှင်ဇနာနန္ဒက မိန့်ပါတယ်။
“ကိုဗစ်ကာလနဲ့ ဒီနောက်ပိုင်းကာလကတော့ ပိုပြီးကျပ်တည်းတယ်ပဲ ပြောပါတော့။ ဟိုအရင်ပိုင်းကတော့ အဲလောက်ထိ ကျပ်တည်းမှုပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ နည်းပါတယ်။ ဒီကြားကာလတွေကတော့ အကုန်လုံးလည်း တော်တော်များများ မိုးပြိုအများဆိုသလို အကုန်လုံးကျပ်တည်းနေကြတဲ့ ကာလဖြစ်တဲ့ အတွက်ကြောင့် ပြည်သူကျပ်တည်းရင် ဒကာ၊ ဒကာမတွေအဆင်မပြေဘူးဆိုရင် ဦးပဉ္စင်းတို့လည်း အဆင်မပြေနိုင်ဘူးပေါ့”
ဒါပေမဲ့ ကျောင်းမှာ ပြုစုစောင့်ရှောက်ထားတဲ့ ကလေးတွေအားလုံးရဲ့ ပညာရေးနဲ့ စားဝတ်နေရေးကိုတော့ အတတ်နိုင်ဆုံး ပြည့်စုံအောင် ဆောင်ရွက်ပေးထားတယ်လို့ အရှင်ဇနာနန္ဒက မိန့်ပါတယ်။
ဒီကျောင်းမှာ မြန်မာနိုင်ငံဒေသအစုံက စွန့်ပစ်ခံ မိဘမဲ့ကလေး လသားအရွယ်ကနေ အသက် ၂၀ ကျော်အထိရှိပြီး ကလေးတွေရဲ့ ပညာရေးအတွက် ဘုန်းတော်ကြီးသင် အထက်တန်းကျောင်းကိုပါ ပူးတွဲဖွင့်လှစ်ထားတာပါ။
ဒီကျောင်းကိုရောက်လာတဲ့ မိဘမဲ့ကလေးတွေအတွက် ပညာရေးအပြင် ဘဝရပ်တည်ရေး အတွက် တတ်နိုင်သမျှ အကောင်းဆုံး ဖန်တီးပေးထားတယ်လို့ အရှင်ဇနာနန္ဒက ဆက်မိန့်ပါတယ်။
“ဒီမှာက သူတို့တွေအတွက် ဖန်တီးပေးထားတဲ့ နေရာတစ်ခုလည်းဖြစ်တယ်ပေါ့။ ဒီမှာ ယောက်ျားလေးဆိုလည်း ယောကျ်ားလေး၊ မိန်းကလေးဆိုလည်း မိန်းကလေး သူတို့ရဲ့ ဘဝရပ်တည်ရေးလို့ပဲဆိုဆို၊ ဘဝလုံခြုံရေးလို့ပဲ ပြောပြော ဒီမှာ အကောင်းဆုံး အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ဖန်တီးပေးထားတယ်။ မိန်းကလေးဆိုရင်လည်း မိန်းကလေးတတ်အပ်တဲ့ အသက်မွေးမှုပညာ၊ ယောက်ျားလေးဆိုလည်း ယောကျ်ားလေး တတ်အပ်တဲ့ အသက်မွေးမှု ပိုင်းဆိုင်ရာကို သူတို့ရဲ့ကဏ္ဍအလိုက် ဦးပဉ္စင်း ပြုလုပ်ပေး ထားပါတယ်”
အများစုဟာ မွေးပြီးစွန့်ပစ်ခံရတဲ့ ကလေးတွေ၊ မိဘတွေအိမ်ထောင်ကွဲလို့ စွန့်ပစ်ခံရတဲ့ ကလေးတွေနဲ့ လမ်းဘေးမှာ တောင်းရမ်း စားသောက်နေရတဲ့ ကလေးတွေဖြစ်ပြီး သူတို့ကို အတန်းပညာသင်ပေးသလို သက်မွေးဝမ်းကျောင်းပညာတွေကိုပါ သင်ပေးနေတယ်လို့ အရှင်ဇနာနန္ဒ က မိန့်ပါတယ်။
အသက် ၁၁ နှစ်အရွယ်မှာ မိခင်ဆုံးသွားပြီး လမ်းဘေးနေထိုင်ရာကနေ ၂၀၁၅ ခုနှစ်မှာ ဒီကျောင်းကို ရောက်လာတဲ့ ကိုထည်ဝါကတော့ အခုကားပြင်ဆရာတစ်ယောက်အဖြစ် ပြောင်းလဲလာနိုင်ခဲ့ပြီလို့ RFA ကို ပြောပါတယ်။
“ကိုယ့်ကိုယ်ကိုယ် တော်တော်လည်း အံ့ဩမိတယ်။ အရင်ကတော့ တော်တော် ပေတီးပေစုတ်နေခဲ့တယ်။ အခု ပြောင်းလဲရတော့မယ်။ ဒီအတိုင်းနေလို့ မရတော့ဘူး ဆိုပြီးတော့ စိတ်ထဲမှာ အဲလိုမျိုး တွေးလိုက် တော့ အေး အဲဒါဆို မင်းဝပ်ရှော့သွား။ ပညာတစ်ခုခုတတ်ထားရင် ပိုကောင်းတာပေါ့။ ဝပ်ရှော့ကပြန်လာတော့ အခု ဒီအလုပ် ကိုလုပ်တယ်”

လက်ရှိ ကျောင်းမှာမီးစက်မောင်းတာ၊ ရေတင်တာနဲ့ စက်ပိုင်းဆိုင်ရာတွေကို လုပ်ကိုင်ပေး နေရင်း ကျောင်းအတွက် ပြန်လည်အလုပ်အကျွေးပြုပြီး ဘဝကို ဒီထက်တိုးတက်အောင် လုပ်သွားမယ်လို့လည်း ကိုထည်ဝါက ဆိုပါတယ်။
ဒီကျောင်းမှာ လသားကလေးတွေရဲ့ နို့မှုန့်နဲ့ အသုံးအဆောင်ပစ္စည်းအပြင် တစ်နေ့ကို လူ ၅၀၀ ဝန်းကျင်အတွက် ဆန် ခြောက်အိတ်နဲ့ အထွေထွေကုန်ကျစားရိတ် စုစုပေါင်း ကျပ် ၁၅ သိန်းကနေ သိန်း ၂၀ အထိရှိပါတယ်။
လက်ရှိ နို့စို့အရွယ်ကလေး ၃၀ ကျော်အတွက် တစ်ရက်ကို နို့မှုန့် ၆၀၀ ဂရန်ဘူး ၁၀ ဘူး အထိ ကုန်ပြီး အရေအတွက်များတာကြောင့် ဝယ်ယူရတာလည်း အခက်အခဲတွေရှိတယ်လို့ တာဝန်ခံ ဆရာတော်က မိန့်ပါတယ်။
“ဦးပဉ္စင်းတို့နေရာက မြို့နဲ့လည်း အလှမ်းဝေးတဲ့နေရာ ဖြစ်နေတာကြောင့် နို့မှုန့်၊ ဒိုက်ဘာ၊ Wash တစ်ရှူးတွေ ဝယ်ရတာ ခက်ခဲတယ်။ ပြီးတော့ ဒီကလေးတွေရဲ့ စားရေးသောက်တာအတွက် ဆန်၊ ဆီပေါ့။ ကြားကာလ တွေက တော်တော်ခက်ခဲတဲ့ ကာလတွေဖြစ်တဲ့အတွက်ကြောင့် တော်တော်လေးရုန်းကန်ရတယ်ပေါ့။ နေစရာမရှိ တာက တဲထိုးပြီး နေလို့ရပေမယ့် ဗိုက်မှောက်နေလို့မှ အဆင်မပြေတာပဲ”
လက်ရှိကျောင်းမှာ မိဘမဲ့ကလေးများနေပြီး အခက်အခဲတွေရှိနေပေမယ့် နောက်ထပ် ခိုလှုံရာရင်ခွင်မဲ့ ကလေးတွေ ရှိလာရင်လည်း ဆက်လက်ခံပြီး ဘဝအသစ်ထူထောင်ပေး သွားမယ်လို့ ကျောင်းတာဝန်ခံတွေက ပြောပါတယ်။