ဒေါ်လုံမငြိမ်းချမ်း သို့မဟုတ် နိုင်ငံရေးလောကဓံကြောင့် ကြွေလွင့်သူ

၁၉၈၈ နိုင်ငံရေးအကျဥ်းသားဟောင်း ကဗျာဆရာ မောင်အောင်ပွင့်ရဲ့ သမီး၊ ၂၀၂၁ နိုင်ငံရေး အကျဥ်းသား ဦးကျော်လှမိုးရဲ့ဇနီး ဒေါ်လုံမငြိမ်းချမ်းဟာ ဧပြီလ ၂ ရက်နေ့က မိမိကိုယ်ကို ရုတ်တရက် အဆုံးစီရင်သွားခဲ့ပါတယ်။
အာဏာရှင်စနစ်ရဲ့ ခါးသီးတဲ့အတွေ့အကြုံတွေကို နိုင်ငံရေးအကျဥ်းသား မိသားစုဝင်တွေက ပိုခံစားရလေ့ရှိပေမယ့် အခုလို အဆုံးစီရင်တဲ့အဖြစ်မျိုးကတော့ ကြားသိရသူအားလုံးကို တုန်လှုပ်စေခဲ့ပါတယ်။
တစ်ဦးတည်းသားကိုထားခဲ့ပြီး မိခင်ဖြစ်သူ အခုလို အဆုံးစီရင်သွားတဲ့အပေါ် မယုံကြည် နိုင်လောက်အောင် ဖြစ်ရတယ်လို့ သားဖြစ်သူ ကိုငြိမ်းချမ်းခေတ်က ပြောပါတယ်။
"အစပိုင်းတုန်းကတော့ သူက ကျနော့်ကို ရေလာတောင်းတယ်။ ကျနော်လည်း အိပ်နေတော့ အိပ်ချင်မူးတူးနဲ့ ရေပေးလိုက်တယ်။ ပြီးလည်း ပြီးရော ထိုင်နေတယ်။ သူကလည်း အကောင်းအတိုင်းပဲ စကားတွေ ပြောနေတာ၊ ဘာတွေပြောနေတာလဲလို့၊ ပြီးတော့မှ စကားပြောနေရင်းနဲ့ သိပ်မကြာဘူး ပစ်လဲသွားတယ်။ ဘေးအိမ်က လူတွေ ကို သွားခေါ်တယ်။ သွားခေါ်လည်းပြီးရော သိပ်မကြာဘူး။ ဘေးအိမ်ကလူတွေကလည်း မလာဘူးဆိုတော့ အသက်မမီလိုက်ဘူး။ တစ်ယောက်တည်း ထားခဲ့ရက်တယ်ဆိုတာ အခုထိ မယုံနိုင်ဘူး"
ဒေါ်လုံမငြိမ်းချမ်းရဲ့ဖခင် ကဗျာဆရာ မောင်အောင်ပွင့်ဟာ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းပြီး တက်လာတဲ့ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရကို ခါးခါးသီးသီး ဆန်ကျင်ခဲ့တာကြောင့် ၁၉၇၇ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ လေးကြိမ်တိတိ ဖမ်းဆီးအကျဥ်းချ ခံခဲ့ရပါတယ်။ ဖခင်ဖြစ်သူ ပထမဆုံး အကြိမ် အဖမ်းခံရတဲ့ ၁၉၇၇ ခုနှစ်မှာ ဒေါ်လုံမငြိမ်းချမ်းကို မွေးပါတယ်။ ဒါ့ကြောင့် သူ့ဘဝ ဟာ လူမှန်းသိစအရွယ်ကတည်းက ထောင်ဝင်စာပို့ရတဲ့ဘဝနဲ့ စခဲ့ပါတယ်။
ကဗျာဆရာ မောင်အောင်ပွင့်ဟာ တိုင်းပြည်ကို ငြိမ်းချမ်းစေချင်လွန်းလို့ တစ်ဦးတည်းသောသားကို မောင်ကြီးငြိမ်းချမ်း၊ တစ်ဦးတည်းသောသမီးငယ်ကို လုံမငြိမ်းချမ်းလို့ အမည်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်လုံမငြိမ်းချမ်းတို့ မိသားစုဟာ ဘဝတစ်လျှောက်လုံး မငြိမ်းချမ်းခဲ့ပါဘူး။ ၁၉၈၈ ခုနှစ် ဖခင် နောက်ဆုံးအကြိမ် အဖမ်းခံရချိန်မှာ အစ်ကိုဖြစ်တဲ့ မောင်ကြီးငြိမ်းချမ်း က စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်မယ်ဆိုပြီး တောခိုသွားပါတယ်။ ဒေါ်လုံမငြိမ်းချမ်းဟာ ဖခင်နဲ့ အစ်ကို မရှိတဲ့ဘဝမှာ မိသားစု စားဝတ်နေရေးအပြင် အကြိမ်ကြိမ် အဖမ်းခံရတဲ့ဖခင်ကို ထောင်ဝင်စာပို့နိုင်ဖို့ မိခင်နဲ့အတူ ဘဝတစ်လျှောက်လုံး ရုန်းကန်ခဲ့ရပါတယ်။
ကွယ်လွန်သူ ဒေါ်လုံမငြိမ်းချမ်းဟာ ကျောင်းဆရာမတစ်ဦးဖြစ်တဲ့ မိခင်နဲ့အတူ ဈေးရောင်းရင်း နိုင်ငံရေးသမား ဖခင်နဲ့ အစ်ကိုအတွက် ဘဝတစ်လျှောက်လုံး ပေးဆပ်ခဲ့ရတယ်လို့ အစ်ကိုဖြစ်သူ ဦးမောင်ကြီးငြိမ်းချမ်းက ဆိုပါတယ်။
"သူတို့ဘဝမှာ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့ရှာတာ၊ သူတို့စားသောက်ရတယ် ဆိုတာ မရှိဘူး။ သူတို့ လုပ်ကိုင် စားသောက်တဲ့ ဟာတွေအားလုံးသည် အဖေရယ်၊ အစ်ကိုရယ်ပေါ့၊ ပြီးတော့ နိုင်ငံရေးလုပ်တဲ့အသိုက်အဝန်းကို ကူညီပံ့ပိုးနေရတာပေါ့။ စိတ်အားဖြင့်လည်းကောင်း၊ ရုပ်ဝတ္ထုအားဖြင့်လည်းကောင်း၊ အကုန်လုံးပေါ့နော်၊ အဲ့လိုမျိုး ဖြည့်ဆည်းပေးတဲ့အထဲမှာ ပါကြတယ်။ စစ်အာဏာရှင်တွေကြောင့် သူတို့ ဘဝကို သူတို့မသိတဲ့ အနေအထားရောက်ခဲ့တာ"
၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လူထုအုံကြွမှုအပြီးမှာ အဖမ်းခံရတဲ့ ဖခင်ဖြစ်သူ ကဗျာဆရာ မောင်အောင်ပွင့်ဟာ ၂၀၀၅ ခုနှစ်မှာ ပြန်လွတ်လာခဲ့ပေမယ့် နာတာရှည်ရောဂါသည်အဖြစ်နဲ့သာ မိသားစုနဲ့အတူ နေထိုင်ပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ ကွယ်လွန်ခဲ့ပါတယ်။ တိုင်းပြည်ပွင့်လင်းစ အခြေအနေတချို့ကို သူမြင်တွေ့ခဲ့ပေမယ့် သူမျှော်လင့်ထားတဲ့ ငြိမ်းချမ်းလှပတဲ့ နိုင်ငံတစ်ခုကို ကွယ်လွန်ချိန် အထိ တွေ့မသွားခဲ့ပါဘူး။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က နောက်တစ်ကြိမ် အာဏာသိမ်းပြီး သိပ်မကြာခင်မှာ ဒေါ်လုံမငြိမ်းချမ်းရဲ့ ခင်ပွန်း ဦးကျော်လှမိုး အဖမ်းခံရပါတယ်။ ပုသိမ်ထောင်မှာ အဖမ်းခံ ထားရတဲ့ ဦးကျော်လှမိုးကို စစ်ကောင်စီက ပုန်ကန်မှု၊ တိုင်းပြည် မငြိမ်မသက်ဖြစ်စေရန် မမှန်သတင်းဖြန့်မှု ပုဒ်မ- ၆၀၅ (က) နဲ့ ဧပြီလ ၁ ရက်နေ့က ထောင်နှစ်နှစ် အမိန့်ချလိုက် ပါတယ်။ ထပ်တိုးအမှုတွေကိုလည်း ဦးကျော်လှမိုး ရင်ဆိုင်နေရပါတယ်။
ခင်ပွန်းဖြစ်သူ အမိန့်ချခံရပြီး နောက်တစ်ရက် ဧပြီ ၂ ရက်နေ့မှာပဲ ဒေါ်လုံမငြိမ်းချမ်းဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာပါ။
"စစ်အာဏာရှင်တွေကြောင့် သူတို့ ဘဝကို သူတို့မသိတဲ့ အနေအထားရောက်ခဲ့တာ"
ခင်ပွန်းဖြစ်သူကို ထောင်ဝင်စာပို့ရာမှာ လျှို့ဝှက်စာတိုလေးတစ်စောင် ထည့်ပေးမိတဲ့ အတွက် ရဲနဲ့ စစ်တပ်ရဲ့ ခေါ်ယူစစ်ဆေးတာ၊ ဖိအားပေးတာကို ဒေါ်လုံမငြိမ်းချမ်း ကြုံခဲ့ရတယ်လို့ သားဖြစ်သူ ကိုငြိမ်းချမ်းခေတ်က ပြန် ပြောပြပါတယ်။
"ကြက်ဥထဲမှာ စာထည့်ပေးလိုက်တယ်။ ကိုယ်တိုင်သွားပေးတာတော့ မဟုတ်ဘူး။ ဆိုက်ကားသမားနဲ့ ပို့ခိုင်းတာ။ ပြီးလည်းပြီးရော ထောင်ဝင်စာက ၉ နာရီမှ ပို့ရတာ ဆိုတော့ ၁၁ နာရီလောက်ကျတော့ ထောင်က အတင်း ထပ်ခေါ်တယ်။ မေမေက အစပိုင်းတုန်းက သူအဲ့လိုလုပ်ထားလို့လား မသိဘူး၊ မသွားဘူးလို့ ငြင်းတယ်။ ပြီးလည်း ပြီးရော အတင်းခေါ်တာနဲ့ ကျနော် လိုက်ပို့ လိုက်တယ်။ မိနစ် ၂၀ လောက် ကြာတယ် ထင်တယ်၊ မေမေနဲ့ သီးသန့် ပြောနေတာ။ ပြီးလည်းပြီးရော ပြန်ထွက်လာတယ်။ ကျနော်လည်း လိုက်ဝင်သွားလို့မရဘူး။ မေမေပဲ ဝင်သွားရတာ"
ဖခင်က ထောင်ထဲရောက်နေပြီး မိခင်ဖြစ်သူ ကွယ်လွန်သွားလို့ ဝမ်းနည်းကြေကွဲရပေမယ့် နိုင်ငံရေးမိသားစုဝင် အသက် ၁၆ နှစ်ကျော် လူငယ်တစ်ဦးဖြစ်တာမို့ ရဲနဲ့ စစ်တပ်က မျက်ခြည် မပြတ် စောင့်ကြည့်နေတာကို ခံနေရတယ်လို့ ကိုငြိမ်းချမ်းခေတ်က ပြောပါတယ်။ အခု တော့ မိခင်ဆုံးပါးသွားတဲ့ နေအိမ်ကို စွန့်ခွာပြီး ဘေးလွတ်ရာမှာ သူ ပုန်းရှောင်နေရပါတယ်။
ဘဝတစ်လျှောက်လုံး ဖခင်ကို ထောင်ဝင်စာပို့ခဲ့ရတဲ့ ဒေါ်လုံမငြိမ်းချမ်းဟာ အခု ပုသိမ် ထောင်မှာ အဖမ်းခံထားရတဲ့ ခင်ပွန်းဖြစ်သူကို ထောင်ဝင်စာပို့ပြီး ပြန်လာတိုင်း အာဏာပိုင် တွေရဲ့ ဖိအားပေးအကျပ်ကိုင်မှုကို မခံနိုင်လို့ အဆုံးစီရင်သွားတာလို့ အစ်ကိုဖြစ်သူ မောင်ကြီးငြိမ်းချမ်းက ပြောပါတယ်။
"နင့်ယောက်ျားကြောင့် ဖမ်းမယ်တို့၊ နင့်အစ်ကိုကြောင့် ဖမ်းမယ်တို့၊ အဲဒါမျိုးဟာတွေ ပေါ့၊ အမျိုးမျိုးကို အကျပ်ကိုင်နေတာရှိတယ်၊ အိမ်မှာလာပြီးတော့ အကျပ်ကိုင်နေတာ တွေရှိတယ်၊ ငွေရေးကြေးရေး အကျပ်ကိုင်တာရှိတယ်၊ ဘယ်လောက် အကျပ်ကိုင်ခံရ သလဲ ဆိုတာကို ကျနော်တို့ မသိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဗမာပြည်မှာ ပတ်ဝန်း ကျင်က အကျပ်ကိုင်တာတွေလည်း ရှိတယ်၊ ပြီးသွားရင် အစိုးရအာဏာပိုင်တွေကလည်း အကျပ်ကိုင်တာရှိတယ်၊ ကျနော်တို့ကို ပြောတာရှိသလို မပြောတာတွေလည်း ရှိတယ်။ ဒီဟာတွေကို ကျနော်တို့ မသိတဲ့ အခါကျတော့ သူ့စိတ်ဓာတ် ဘယ်လောက်ပဲ ကြံ့ခိုင် ကြံ့ခိုင်၊ တစ်ချိန်ချိန်မှာ သတိလွတ်သွားတာနဲ့ ဖြစ်သွားတဲ့ ပုံစံမျိုးပါ။ စိတ်ဓာတ် ကြံ့ခိုင်တယ်ဆိုတာထက် အကျပ်ကိုင်တဲ့ကိစ္စတွေကို မခံစားနိုင်တဲ့ကိစ္စပါ"
ဒီမိသားစုဟာ အာဏာရှစ်စနစ်ကို ခေတ်အဆက်ဆက် တွန်းလှန်ခဲ့တဲ့၊ ငြိမ်းချမ်းရေးကို လိုလားတဲ့ မိသားစုဖြစ်လို့ ဒေါ်လုံမငြိမ်းချမ်း အခုလို အဖြစ်ဆိုးနဲ့ကြုံရတဲ့အပေါ် စိတ်ထိ ခိုက်မိတယ်လို့ ကဗျာဆရာအောင်ပွင့်ရဲ့ မိတ်ဆွေ ကဗျာဆရာ ခင်လွန်းက ပြောပါတယ်။
"ငြိမ်းချမ်းရေးကို ရစေချင်တဲ့ နိုင်ငံရေးစနစ်မျိုးကို သူတို့က ထောက်ခံတယ်။ အဲ့ဒီလို ငြိမ်းချမ်းရေးရဖို့ ဆိုရင် ငြိမ်းချမ်းရေးကို ထိခိုက်နေတဲ့၊ ဖျက်ဆီးနေတဲ့ အရာတွေ မှန်သမျှ ဖျက်ပစ်ရမယ်။ အဲဒါတွေမရှိရင် ကောင်းမယ်။ တော်လှန်ပစ်ရမယ်ဆိုတဲ့ ယုံကြည်မှုမျိုး မိသားစုလိုက်ကို ရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မိသားစုမျိုးဆက် လေးဆက်လုံးက ငြိမ်းချမ်းရေးမရဘဲ ဒီလိုခေတ်အဆက်ဆက်ကို ကြည့်ပြီးတော့ သူတို့ငြိမ်းချမ်းရေးကို လိုချင်တယ်။ ငြိမ်းချမ်းစေတဲ့ နိုင်ငံရေးမျိုးကို အားပေးတယ်။ ငြိမ်းချမ်းရေးကို ဖြစ်စေမယ့် နိုင်ငံရေးလှုပ်ရှားမှုကိုလည်း အားပေးတယ်။ ဒါ သူတို့ ယုံကြည်တဲ့ နိုင်ငံရေးပဲ"
ကိုယ်တိုင် တိုင်းပြည်ငြိမ်းချမ်းတာကို လိုလားတဲ့ ဒေါ်လုံမငြိမ်းချမ်းဟာ မကွယ်လွန်ခင်က စိတ်ဓာတ်ခိုင်မာသူ တစ်ယောက်ဖြစ်ပါတယ်။
ဒါပေမဲ့ နိုင်ငံရေးအကျဥ်းသားမိသားစုဝင် အမျိုးသမီးတစ်ဦးအနေနဲ့ ကလေးဘဝကတည်း ကရခဲ့တဲ့ စိတ်ဒဏ်ရာ၊ ခင်ပွန်းဖြစ်သူ အဖမ်းခံရပြီးတဲ့နောက် အသစ်ဖြစ်လာတဲ့ စိတ် ဒဏ်ရာနဲ့ ပြင်ပဖိအားတွေကို မခံနိုင်တော့ဘဲ အခုလို အဆုံးစီရင်တဲ့အထိ ဖြစ်သွားရတာလို့ မိသားစုဝင်တွေ၊ ရင်းနှီးတဲ့မိတ်ဆွေတွေက ပြောကြပါတယ်။