မဲဆောက်ရောက် ရွှေ့ပြောင်းကျောင်းသားတွေအတွက် ရန်ပုံငွေပွဲ ကျင်းပ
2024.04.10

ထိုင်းနိုင်ငံ မဲဆောက်မြို့ကို အကြောင်းအမျိုးမျိုးနဲ့ရောက်လာကြတဲ့ မြန်မာရွှေ့ပြောင်း ကျောင်းသားတွေရဲ့ အားကစားဖွံ့ဖြိုးရေးကဏ္ဍတွေမှာ ထောက်ပံ့ပေးဖို့ ဘောလုံးပြိုင်ပွဲတွေကျင်းပပြီး ရန်ပုံငွေရှာဖွေနေတာလို့ ပွဲစီစဉ်သူလည်းဖြစ်၊ ပြိုင်ပွဲဒိုင်လူကြီးတစ်ဦးလည်းဖြစ်တဲ့ ကိုဟန်က ပြောပါတယ်။
"ရွှေ့ပြောင်းကျောင်းသားတွေ စစ်ဘေးကြောင့်ထွက်ပြေးလာရတဲ့ကျောင်းသားတွေ ဒီဖက်မှာ စိတ်မွန်း ကြပ်မှုတွေနဲ့ လာခဲ့ကြရတယ်ပေါ့နော်၊ အဲဒီကလေးတွေ အားကစားတစ်ခုခုမှာဝင်ရောက်ပြီးတော့ ပါဝင် ယှဉ်ပြိုင်ခြင်းအားဖြင့် ဒီကလေးတွေရဲ့ စိတ်လက်ပေါ့ပါးမှု၊ စိတ်ဒဏ်ရာတွေ လျော့သွားမလားပေါ့နော်၊ ဒီမှာဆိုရင် အခကြေးငွေအနေနဲ့လည်း အများကြီးပေးစရာမလိုဘူး၊ ကျွန်တော်တို့အတတ်နိုင်ဆုံး သူတို့ ရန်ပုံငွေသဘောမျိုးလောက်ပဲ ထည့်ဝင်ဖို့စီစဉ်ထားလို့ ကလေးတွေအားလုံး ပါဝင်ယှဉ်ပြိုင်လို့ရမယ်လို့ ယူဆလို့ ဒီပွဲလေး စီစဉ်ဖြစ်တာပါ။’’
မဲဆောက်မြို့အပါအဝင် တာ့ခ်ခရိုင်ထဲမှာ ထိုင်းအစိုးရ ခွင့်ပြုချက်နဲ့ဖွင့်လှစ်ထားတဲ့ မြန်မာရွှေ့ပြောင်းစာ သင်ကျောင်းပေါင်း ၆၄ ကျောင်းရှိပါတယ်။ ကျောင်းသားပေါင်း စုစုပေါင်း တစ်သောင်းကျော်လောက် စာသင်နေကြတာပါ။
ဒီကျောင်းတွေက အလှူရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ရပ်တည်နေရတာဖြစ်ပြီး တချို့ကျောင်းတွေမှာ ဆိုရင် သင်ကြားရေးအထောက်အကူပြုပစ္စည်းတွေ လုံလုံလောက်လောက်မရှိသလို အားကစားနဲ့ ပတ်သက်လို့လည်း ထောက်ပံ့ကူညီပေးတာ အားနည်းနေတယ်လို့ ပြောကြပါတယ်။
အခုဆိုရင် မဲဆောက်မြို့မှာ မြန်မာနိုင်ငံသားတွေနဲ့စုဖွဲ့ထားတဲ့ မဲဆောက်အိမ်ဘောလုံးအသင်း၊ မေမေ့ရင်ခွင်အဖွဲ့နဲ့ ပါရမီရွှေ့ပြောင်းစာသင်ကျောင်းတို့က ပူးပေါင်းစီစဉ်တဲ့ ဘောလုံးပြိုင်ပွဲကို ကျင်းပနေပြီဖြစ်ပါတယ်။
နောက်ထပ်ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ မေမေ့ရင်ခွင်အဖွဲ့ရဲ့ တာဝန်ခံ ဦးသက်ခိုင်က အခုလိုပြိုင်ပွဲတွေ ကျင်းပတာဟာ မဲဆောက်ရောက် မြန်မာတွေကို စုစည်းစေချင်တဲ့ ရည်ရွယ်ချက်လည်း ပါတယ်လို့ ပြောပါတယ်။
"အသင်းဝင်ကြေးအနေနဲ့က ကျွန်တော်တို့တစ်သင်းကို ကစားသမား ၁၆ ယောက်ပါမယ် နည်းပြနဲ့ဆို ၁၇ ယောက်ပါမယ်၊ အသင်းဝင်ကြေးကတော့ ၁၅၀၀ ပါ၊ ကျွန်တော်တို့ လောလောဆယ် ပထမဦးဆုံး စလုပ် တဲ့ပွဲဖြစ်လို့ အသင်းက ၆ သင်းပဲပါတယ်၊ ကျွန်တော်တို့ဒီဖက်ကို အကြောင်းအမျိုးမျိုးကြောင့် ရောက်လာကြတဲ့သူတွေအတွက် အားကစား တစိတ်တဒေသလုပ်ဖို့ရယ် ကလေးတွေရဲ့ ပညာရေးရော ကျန်းမာရေး ရော ရည်ရွယ်တာရယ် အဓိက ကျွန်တော်တို့ဒီမှာစုစုစည်းစည်းလေးနဲ့ ကျွန်တော်တို့အဖွဲ့အစည်းလေးနဲ့ ရောက်လာတဲ့မိသားစုတွေ စုစုစည်းစည်းလေးနဲ့သွားချင်တဲ့ ပုံစံလေးပါပဲ။’’
မဲဆောက်မြို့ပေါ်မှာဆိုရင် အပျော်တမ်းဘောလုံးကစားတဲ့ ဖူဆယ်ဘောလုံးကွင်းအများအပြားရှိပြီး မြန်မာလူငယ် အတော်များများ ဘောလုံးကစားကြရင်းကနေ ပြိုင်ပွဲတွေ ကျင်းပဖို့အထိ စဉ်းစားလာကြတာဖြစ်ပါတယ်။
မြန်မာကျောင်းသားတွေအတွက် အခုလိုအခွင့်အလမ်းတွေရလာတဲ့အပေါ် ဝမ်းသာတယ်လို့ ဘောလုံး ပြိုင်ပွဲမှာ ပါဝင်ကစားနေတဲ့ မဲဆောက်အိမ်ဘောလုံးအသင်းက ကိုနေထွေးအောင်က ပြောပါတယ်။
‘’ရွှေ့ပြောင်းကျောင်းသားတွေအတွက်တော့ အခွင့်အရေးပိုနည်းတာပေါ့ ဒီမှာနေတဲ့ ထိုင်းတွေထက်ပေါ့ နော် ကိုယ်က သူများနိုင်ငံကပြောင်းလာတဲ့သူတွေဆိုတော့ တချို့နေရာတွေမှာ အခွင့်အရေးရသင့်သ လောက်မရဘူး၊ အားကစားမှာလည်း အတူတူပဲ အခွင့်အရေးရသင့်သလောက်မရဘူး၊ ဒီလိုမျိုးလုပ်ပေးတဲ့အတွက် ပိုပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီးလည်းဖြစ်သွားတယ်၊ အခွင့်အရေးတွေလည်းရလာတယ်ပေါ့ တဖြည်းဖြည်းနဲ့။’’
ဘောလုံးအားကစားအပြင် ဘောလီဘော၊ ဘက်စကက်ဘော၊ ခြင်းလုံး၊ စစ်တုရင် စတဲ့ ကစားနည်း ပြိုင်ပွဲတွေကျင်းပဖို့ စီစဉ်ထားပြီး အဲဒီပြိုင်ပွဲတွေကနေရတဲ့ ရန်ပုံငွေကိုလည်း ရွှေ့ပြောင်းကျောင်းသားတွေကို ကူညီသွားမယ်လို့ ပြောပါတယ်။