ရန်ကုန် အရှေ့ဒဂုံက ကျူးကျော် ၂၀၀ ကျော်ကို စစ်ကောင်စီ အင်အားသုံးဖယ်ရှား

ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြို့နယ် အမှတ်(၁) တိုးချဲ့ရပ်ကွက် (ထားဝယ်ချောင်) က ကျူးကျော်နေထိုင်သူ ၂၀၀ ကျော်ရဲ့ တဲအိမ်တွေကို ဒီမနက်ပိုင်းမှာ ရဲနဲ့စစ်တပ်က မြေတူးစက်တွေနဲ့ အင်အားသုံး ဖယ်ရှားပါတယ်။
ဆင်းရဲငတ်မွတ်မှု ငွေကြေးချို့တဲ့မှုတွေကြောင့် အိုးအိမ်အတည်တကျမရှိတဲ့သူတွေရဲ့ တဲအိမ်တွေ ဖယ်ရှား ခံရတာပါ။
ထားဝယ်ချောင်ရပ်က ဘုန်းကြီးကျောင်း ရှစ်ကျောင်းနဲ့ အိမ်ထောင်စု ၇၉ စုက ရဟန်းသံဃာတွေ အပါအဝင် လူဦးရေ ၂၀၀ ကျော် ဖယ်ရှားခံရပါတယ်။
ဒီနေ့မနက်ပိုင်းက ကိုယ်တွေ့ကြုံခဲ့ရတာတွေကို အမျိုးသမီးသုံးဦးက ပြောပြပါတယ်။
"သူတို့တွေ ဖျက်လိုက်လို့ ကျမတို့မှာ နေစရာမရှိဘူး။ အိမ်ငှားနေတော့လည်း ခုနစ်သောင်းနဲ့ ကလေးတွေနဲ့ ဒုက္ခရောက်ပါတယ်။ ကျမတို့ကို ဖျက်ဆီးသွားတယ်။ သူတို့တွေ အိမ်ငှားနေတော့လည်း ခုနစ်သောင်းတဲ့ မတတ်နိုင်ဘူး။ နေဖို့နေရာကလည်း အခုမရှိဘူး စားဖို့တောင်မနည်းရှာနေရတယ်။ ကျမတို့မှာ နေဖို့က ပိုဆိုးတာပေါ့။ ကလေးတွေက သုံး လေးယောက်ဆိုတော့ ယောကျာ်းကလည်း အဆင်မပြေဘူး။ နေမ ကောင်းနေတော့ ကိုယ့်မှာ တစ်ယောက်တည်း ရုန်းကန်နေရတာ ကျောတစ်ခင်းစာနေရာလေးကို ဖျက်ဆီး လိုက်တော့ နေစရာကိုမရှိတော့ဘူး ကျမတို့အဲလိုမျိုးဖြစ်ကုန်တယ်"
"ဒီအမှိုက်က်ပုံမှာ ရှာဖွေစားသောက်ရတာ အခုဒီလိုကြီး သတိပေးစာ ၂၅ ရက်နေ့ လာပေးတယ်။ ၃၁ ရက် နေ့ နောက်ဆုံးပြောင်းခိုင်းတယ်။ ကျမတို့မှာ အိမ်စပေါ်တင်ဖို့ ပိုက်ဆံလည်းမရှိဘူး။ ပစ္စည်းတွေ တင်သွား ဖို့ကလည်း လမ်းစရိတ်ကမရှိ ကုန်းကြောင်းကလေးတွေနဲ့ သယ်ရတယ်။ ညက ဟိုလူကဝိုင်းပေး ဒီလူက ဝိုင်းပေးနဲ့ ငါးသောင်း အိမ်လေးစပေါ်တင်လိုက်တယ်။ ရှေ့လကို ဘယ်လိုဆက်လုပ်ရမလဲ မသိဘူး"
"ငိုချင်တဲ့ စိတ်တောင်ပေါက်တယ်။ ဒီလွတ်လပ်တဲ့နေရာလေးမှာနေရတာကို စိတ်မကောင်းဘူးပေါ့။ သနပ် ခါး ဘာညာတောင် လိမ်းချင်စိတ်မရှိဘူး။ ဒီမှာနေတာ ၁၅ နှစ်ရှိသွားပြီ ရင်ထဲမှာတော့ စိတ်မကောင်း ဘူးပေါ့"
ထားဝယ်ချောင်မှာ နေထိုင်သူတွေ ငါးရက်အတွင်း အပြီးပြောင်းရွှေ့ဖို့ ရန်ကုန်တိုင်း စည်ပင်သာယာဌာနက နိုဝင်ဘာလ ၂၅ ရက်နေ့ကတည်းက အမိန့်ထုတ်ခဲ့ပေမဲ့ နေစရာမရှိတဲ့ ကျူးကျော်တွေက မပြောင်းရွှေ့နိုင် တဲ့အတွက် ဒီဇင်ဘာ ၂ ရက်ကစပြီး ခုလို ရှင်းလင်းနေတာလို့လည်း အဲဒီအမျိုးသမီးတွေက ပြောပါတယ်။
သူတို့ဟာ ထားဝယ်ချောင် အမှိုက်ပုံမှာ လာရောက်စွန့်ပစ်တဲ့ စွန့်ပစ်ပစ္စည်းတွေကို ကောက်ယူရောင်းပြီး ဝမ်းရေးအတွက် ဖြေရှင်းနေကြရတဲ့သူတွေဖြစ်ပါတယ်။
အခုချိန်မှာ ဝမ်းရေးထက် ကျောတစ်ခင်းစာနေရာရဖို့ ဒုက္ခရောက်နေကြရပြီလို့ တဲအိမ်ဖယ်ရှားခံရသူတွေက ပြောပါတယ်။
"အခု ကျနော် သွားစရာနေရာမရှိဘူး။ ကျနော်တို့ ရောက်နေတာက ၂၀၀၈ ခုနှစ်ထဲကရောက်နေတာ။ အခုစည်ပင်က ဖယ်ပေးပါဆိုလို့ ဖယ်ပေးရတယ်။ စားစရာမရှိလို့ တစ်ကျပ်ရရ နှစ်ကျပ်ရရဆိုပြီး နေအိမ်ကို ရောင်းလိုက်ရတယ်။ ရောင်းလိုက်တော့ ကျနော် ဘယ်လောက်ရလဲဆိုတော့ တစ်သိန်းကျော်ကျော်လောက် တော့ရတယ်ပေါ့"
"ပစ္စည်းတွေတော့ ယူလိုက်တယ်။ အိမ်တွေပဲ ကျန်ခဲ့ကြတယ်။ လူတွေက လွတ်အောင်ပြေးရတာပေါ့။ ဘတ်ဟိုး ရိုက်မိမှာစိုးလို့။ လူတွေက ရွှေ့ပြီး ဟိုဘက်မှာသွားနေနေကြတယ်။ စားဖို့က မရှိရတဲ့ကြားထဲမှာ နေဖို့က မရှိဘူးဆိုရင် ပိုဆိုးတာပေါ့။ ဒီကို မှီခိုပြီး ကိုယ်တွေမှာ လုပ်ကိုင်စားနေရတာ။ ဒီက နှင်ချလိုက် တော့ ဟိုဘက်မှာ တစ်လ ခုနစ်သောင်းဆိုတော့ ကျမတို့မှာ နေဖို့က အဆင်မပြေဘူး။ ပြန်ဖို့ဆိုတာလည်း ပိုက်ဆံကမရှိဘူး"
“အကျိုးသင့်အကြောင်းသင့်ရှင်းပြခွင့် ဘယ်သူမှမပေးဘူး။ ဒီတစ်ရက်နေ့ အကုန်ဖယ်ပေးရတယ်။ ဖယ်ပေး ရတော့ ကျနော်တို့မိသားစုက စုစုပေါင်း ငါးယောက်ရှိတယ်။ ကျနော်တို့ အခုပြောင်းဖို့၊ ရွှေ့ဖို့အတွက် အကုန်အခက်အခဲဖြစ်နေတယ်။ ဘယ်မှာနေ ဘယ်မှာထိုင်ရမလဲ မသိဘူး။ ဒီလုပ်ကိုင်စားသောက်ဖို့ဆိုတာ လည်း အဆင်မပြေတော့ဘူး။ ကျနော်တို့ဝမ်းရေးအတွက် မသေချာတော့ဘူး။ ဒီဝင်းထဲကနေထွက်ပြီ ဆိုတာနဲ့ ကျနော်တို့ ဒီမှာလာလုပ်စားလို့မရတော့ဘူး။ ထိုနည်းတူစွာပါပဲ အိမ်ထောင်စုပေါင်း ၇၉ စုလုံးက အကုန်ဒုက္ခရောက်ကုန်ပြီ"
ဖယ်ရှားခံရတဲ့သူတွေကို အစားထိုးနေထိုင်စရာပေးဖို့နဲ့ အစားအသောက်၊ အဝတ်အထည်၊ ရေနဲ့ သန့်ရှင်းရေး ဝန်ဆောင်မှုတွေပေးဖို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက စစ်ကောင်စီကို တိုက်တွန်းထားပေမယ့် စစ်ကောင်စီ ကတော့ ဒါကို မျက်ကွယ်ပြုနေတယ်လို့လည်း သူတို့က ဆိုပါတယ်။
လက်လုပ်လက်စားသမားတွေဖြစ်လို့ ဝမ်းရေးအတွက်ဖြေရှင်းနိုင်ပေမဲ့ ကျောတခင်းစာအတွက်တော့ လမ်းဘေးမှာပဲ အဆင်ပြေသလို ပြန်နေရမယ့် ဘဝဖြစ်နေတယ်လို့လည်း နေအိမ်ဖယ်ရှားခံရသူတွေက ဆိုပါတယ်။
“ကိုယ့်ကိုယ်တောင် သေဖို့ စဉ်းစားတယ်။ ဘာမှမသိနားမလည်တဲ့ ကလေးတွေရှိသေးပါလားဆိုပြီး ဒုက္ခခံပြီး ရှာဖွေစားသောက်နေတာ။ ကလေးတွေရဲ့ ပညာရေးလည်းရှိသေးတယ်။ ယောကျာ်းက အရင်က စည်ပင်ဝန်ထမ်းဆိုတော့ ဒီမှာဘဲနေရင်းနဲ့ ၁၀ နှစ်၊ ၁၁ နှစ်ရှိသွားတာပေါ့။ ယောကျာ်းဆုံးသွားပြီးတော့ ဘယ်မှလည်း အလှမ်းအကမ်းမရှိဘူး။ ဒီမှာပဲ ဒါလေးမှာပဲ မှီခိုပြီးတော့ အိမ်လခက တစ်သောင်းဆိုတော့ နေလိုက်မယ်ဆိုပြီး သားအမိသုံးယောက်နေကြတာပေါ့”
"ဒီမှာနေတာ ၁၅ နှစ်ရှိသွားပြီ ရင်ထဲမှာတော့ စိတ်မကောင်းဘူးပေါ့"
“လူတွေအကုန်လုံးက လမ်းဘေးရောက်ကုန်ပြီး ငှားနေဖို့ဆိုတာလည်း အိမ်လခက ခုနစ်သောင်းကနေ တစ်သိန်း။ ခါတိုင်း လေးသောင်းခွဲက ခြောက်သောင်းဖြစ်နေတော့ ဘယ်သူမှမတတ်နိုင်ဘူး။ ကျွန်တော်တို့ ပထမနှစ်ဆိုရင်လည်း ကိုဗစ်ကပ်ရောဂါကြောင့် ဘယ်သူမှ စီးပွားရေးမဖြစ်ဘူး။ ဒီနှစ်ဆိုလည်း ပိုဆိုးလာ တယ်။ အခုလို အခြေနေဆိုးတဲ့အချိန်မှာမှ လူနေအိမ်တွေ အကုန်ဖျက်ခံရတာဆိုတော့ အကုန်လုံးက ဒုက္ခရောက်နေကြတာအမှန်ပဲ။ အိမ်ထောင်စု ၇၉ စုဆိုရင် ဟိုနားတစ်စု ဒီနားတစ်စု အကုန်ဒုက္ခရောက် နေကြတာ။ နေဖို့မရှိ စားဖို့မရှိ။ ကျွန်တော်အပါအဝင်ပေါ့ အကုန်လုံးဖြစ်နေတာ”
“ကိုယ်ကလည်း နေစရာဆိုလို့ ဒီဟာလေးကိုပဲ ဝယ်နေတာ။ မတတ်နိုင် တတ်နိုင်နဲ့ ဝယ်နေထားတာ။ အခုဝယ်နေတဲ့ဟာကိုလည်း သူတို့ကလာပြီးတော့ ကျူးဆိုပြီး ဖျက်ကြတယ်။ သမီးတို့မှာ မရှိမဲ့ ရှိမဲ့ဟာနဲ့ ဝယ်ခြမ်းထားရတာလေ။ အခုသူတို့ သမီးတို့ကို အဲလိုလုပ်တော့ သမီးတို့မှာ စားစရာမလည်းမရှိ၊ အလုပ် လည်းပျက်တယ်။ အလုပ်လဲမလုပ်ပါဘူး အခုနေစရာမရှိဘူးဖြစ်နေတယ်”
အာဏာမသိမ်းခင်ကာလတုန်းက ကိုဗစ်ဖြစ်နေလို့ ထားဝယ်ချောင်အမှိုက်ပုံမှာ လူမစုဖို့စည်းကမ်းထုတ် ခဲ့တာကြောင့် အမှိုက်မကောက်ရတဲ့အတွက် စားဝတ်နေရေး ကျပ်တည်းခဲ့ကြရတဲ့အပြင် အာဏာသိမ်း ကာလမှာတော့ နေစရာအိမ်ပါ ပျောက်ဆုံးကုန်တယ်လို့ ဆိုကြပါတယ်။
ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ရန်ကုန်တိုင်းအစိုးရက အိုးမဲ့အိမ်မဲ့တွေဖြစ်တဲ့အကြောင်း အထောက် အထားတွေ စိစစ်ပြီး စမတ်ကတ်တွေနဲ့ တန်ဖိုးနည်းအိမ်ယာတွေမှာ နေထိုင်နိုင်ဖို့ စီစဥ်ပေးခဲ့ဖူးပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၄ သန်းကျော်ရှိပြီး ၇ သန်းကျော်က ရန်ကုန်တိုင်းမှာ နေထိုင်ပါတယ်။ အဲဒီ လေးသိန်းကျော်က အိုးအိမ်မဲ့ ကျူးကျော်နေထိုင်သူတွေဖြစ်ပါတယ်။
စစ်အာဏာသိမ်းထားတဲ့ ၁၀ လကျော်ကာလအတွင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လှိုင်သာယာခရီးစဉ်အပြီးမှာ ကျုးကျော်နေထိုင်သူတွေ ခုလိုစတင်ဖယ်ရှားတာလို့လည်း ဖယ်ရှားခံလိုက်ရသူ တွေက ပြောပါတယ်။