စလင်းမြို့နယ်က မုန်တိုင်းဒဏ်သတင်း အမှောင်ချခံထားရ
2023.05.25

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ မိုခါမုန်တိုင်းဝင်တဲ့အချိန်က တောင်ကျရေတွေကြောင့် စလင်းချောင်းရေလျှံပြီး ဆင်ဖြူကျွန်းမြို့အပါဝင် ကျေးရွာပေါင်း ၈၀ ကျော် ရေနစ်မြုပ်ခဲ့ရပါတယ်။
ဒီရွာတွေထဲမှာ အိမ်အလုံးလိုက်ရေထဲမျောပါသွားတဲ့အိမ်တွေရှိသလို သေဆုံးထိခိုက်သူ လူဦးရေ ခုနစ်ဦးအထိရှိတယ်လို့ ဆင်ဖြူကျွန်းမြို့နေ ဦးမောင်လင်းက ပြောပါတယ်။
"သက်ဆိုင်ရာအဖွဲ့အစည်းတွေက ပွင့်ပွင့်လင်းလင်းပြောပြလိုက်မယ်ဆိုရင် ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ထိထိရောက်ရောက် လိုက်လုပ်ပေးနိုင်မှာပါ။ အခုဆိုရင် တချို့အဖွဲ့အစည်းတွေက ရေးနေတာတွေရှိတယ်။ မိုခါမုန်တိုင်းကြောင့် ဆင်ဖြူကျွန်းမှာ သေဆုံးတဲ့သူမရှိဘူးတဲ့၊ အဲဒီလိုသတင်းတွေ တင်နေတာ၊ ပြောနေတာတွေ ကြားနေရတယ်။ တကယ်တော့မဟုတ်ဘူး၊ ကျွန်တော်က ဆင်ဖြူကျွန်းသားပါ၊ အစကတည်းက သုံးယောက်သေတယ်လို့ ကြားထားပြီးသားပါ၊ မနေ့ကပဲ တစ်ယောက် ထပ်သေလို့ လေးယောက်ရှိသွားပြီလို့လည်း ကြားတယ်။ ၇ ယောက်လောက်အထိ ရှိတယ်လို့လည်း ကြားတယ်။ အဓိကကတော့ သတင်းအတိအကျ ထုတ်ပြန်ပေးဖို့ လိုပါတယ်။ ဒါမှ ထိခိုက်နစ်နာတဲ့သူတွေရော၊ ကူညီမယ့်သူတွေရော အဆင်ပြေမှာပါ"
သေဆုံးပျက်စီးတာတွေ သတင်းမဖြန့်ဝေဖို့ အထက်လူကြီးတွေက သတိပေး တားမြစ် ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပရဟိတအဖွဲ့တစ်ဖွဲ့ကလည်း ပြောပါတယ်။
မုန်တိုင်းကြောင့် တစ်နိုင်ငံလုံး သေဆုံးစာရင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ အချိန်တိုင်းမှာလည်း ဆင်ဖြူကျွန်းကလူတွေအကြောင်း သေဆုံးစာရင်းတွေမှာ မတွေ့ရသေးပါဘူး။
သူတို့ဒေသမှာ မိုခါမုန်တိုင်းဒဏ်က ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းထက်ပိုပြီးတော့ ထိခိုက်ပျက်စီးဆုံးရှုံးကြရတယ်လို့ စလင်းချောင်းဘေးက နွယ်တမယ်ကျေးရွာသား ဦးမျိုးသက်က ပြောပါတယ်။
"နာဂစ်တုန်းက ဒီအိမ်ဝိုင်းထဲမှာ ရေက ခါးလောက်ပဲရှိတာ။ အခု မိုခါရေက ကျွန်တော်တို့အရပ် ကျော်တယ်။ လက်တစ်ဖောင်အထိရှိတယ်။ တစ်ရွာလုံး အတိုင်းအတာနဲ့ပြောတာပါ။ ညနေပိုင်းကနေ နောက်နေ့မနက် ၁၂ နာရီအတွင်း တက်လာတဲ့ရေကြောင့် နွားအကောင်ရေ ၂၀ ထက်မနည်း ပျက်စီးသွားတယ်၊ ဝက်တွေ ဆုံးရှုံးရတယ်။ လူအသုံးအဆောင်တွေ အားလုံးနီးပါးလောက် ရေထဲကိုပါသွားတယ်။ ကျွန်တော့်အသက် ၅၀ ကျော်အတွင်းမှာ ဒီလောက်ဆိုးရွားတဲ့ ရေကြီးရေလျှံမှု ပထမဆုံး မြင်တွေ့ဘူးခြင်းပါပဲ"
မိုခါမုန်တိုင်းကျရောက်နေတဲ့အချိန် တစ်ရွာလုံး ဒုက္ခရောက်ခဲ့ကြရပုံကိုလည်း နွယ်တမယ်ရွာသူ ဒေါ်လှမူက ပြောပါတယ်။
"ရေကြီးတုန်းကတော့ ယောက်ျားလေးတွေက နွားတွေနဲ့ ထွက်ပြေးရတာပါရှင့်၊ အိမ်မှာ မိန်းကလေးတွေပဲ ကျန်နေခဲ့တာ။ ရေတွေထဲကို မျောတဲ့ပစ္စည်းတွေကမျော၊ ရေတွေက များတော့ လိုက်မဆယ်နိုင်ဘူးရှင့်၊ ကလေးတွေနဲ့ အိမ်ပေါ်မှာအတူတူနေရတော့ အသက်ကို မနည်းလုနေရတာပါ။ တစ်ရွာလုံးပဲ ဒုက္ခရောက်ကြရပါတယ်။ သောက်ဖို့ ရေကလည်းမရှိ၊ ထမင်းချက်မယ်ဆိုတော့လည်း ထင်းကမရှိ။ အကုန်လုံး ဒုက္ခရောက်ကြရတာပါပဲ၊ ရှိသမျှပစ္စည်းတွေလည်း ရေထဲမျောပါကုန်သွားကြတာလေ"
စလင်းချောင်းရေမလျှံခင် မုန်တိုင်းသတင်းတွေကြားခဲ့ရပေမယ့် ဒီလောက်အထိမဖြစ်နိုင်ဘူး ထင်ထားခဲ့ကြတယ်လို့ စလင်းမြို့နယ်က ကျေးရွာသားတွေက ပြောပါတယ်။
အခုလို မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ သူတို့ရွာတွေရဲ့အကြောင်း ဘယ်သတင်းဌာနမှာမှ ပါမလာသေးတာ၊ ဖော်ပြမခံရသေးတာတွေ ရှိသေးတယ်လို့ စလင်းမြို့နယ်၊ ကညှပ်အု၌ကျောင်းဆရာတော် ဦးသောဘိတက မိန့်ကြားပါတယ်။
"အခု ဆင်ဖြူကျွန်းမီဒီယာမှာတင်ပြထားတဲ့ သတင်းတွေဆိုရင်လည်း တကယ်တမ်း ကျတော့ အကုန်မပါဘူးပေါ့။ တကယ်ကို ဆိုးဆိုးရွားရွားဖြစ်ခဲ့တဲ့ရွာတွေရဲ့ သတင်းတွေ လည်း ကျန်ပါသေးတယ်။ ဦးဇင်းတို့ ဆင်ဖြူကျွန်းမှာ ဆိုးဆိုးရွားရွားဖြစ်နေတာတွေ၊ မီဒီယာတိုင်းကလည်း နေရာတိုင်းကို လိုက်မရိုက်နိုင်တော့ဘူးလေ။ သူတို့လည်း မီတဲ့နေရာလေးတွေမှာ ရိုက်ပြီးတင်နေကြရတာဆိုတော့။ စလင်းချောင်းရေတက်လာတဲ့ ဒဏ်က ဆင်ဖြူကျွန်းမှာ တကယ့်ကို ဆိုးဆိုးရွားရွားပါပဲ။ ဦးဇင်းကျောင်းမှာ တင်း မီးစက်တွေ၊ ရေစက်တွေ၊ ကားတွေ၊ ကျောင်းပတ်လည် အုတ်တံတိုင်းတွေ ရေနစ်လို့ ဆုံးရှုံးသွားရပါတယ်"
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အပါဝင် မုန်တိုင်းဒဏ်ခံရတဲ့ ကျေးရွာအုပ်စု၊ ရွာအရေအတွက်နဲ့ လူဦးရေ တိတိကျကျသိရဖို့ စလင်းမြို့က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
"ကျွန်တော်တို့ဒေသခံတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် မြန်မာနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီကြဖို့ ဒေသခံတစ်ယောက်အနေနဲ့ ကူညီတောင်းချင်ပါတယ်ခင်ဗျ"
ဆင်ဖြူကျွန်းမြို့ခံတစ်ဦးဖြစ်တဲ့ ကိုဟိန်းထက်ကတော့ စလင်းမြို့နယ်ထဲမှာပဲ ရွာပေါင်း ၈၀ နီးပါး ပျက်စီးပြီး လူ ခုနစ်ဦးသေဆုံးတယ်လို့ ပြောပါတယ်။
"နွယ်တမယ်ချောင်းလို့ခေါ်တဲ့ စလင်းချောင်းရဲ့ဘေးမှာရှိတဲ့ ကျေးရွာပေါင်း ၇၀ ကျော်၊ တစ်ရာနီးနီးလောက်က မိုခါမုန်တိုင်းဒဏ်ကြောင့် ပြန်လည်ကုစားဖို့ တော်တော်ခက်ခဲတဲ့ ပျက်စီးဆုံးရှုံးမှုတွေရှိနေပါတယ်။ တကယ်လာပြီးတော့ကူညီကြတဲ့ အဖွဲ့အစည်းတွေ လည်း ရှိပါတယ်၊ ဒါပေမဲ့ သတင်းမှာဖော်ပြ ထားတဲ့ သူတို့သိသလောက်၊ ကြားထား သလောက် နေရာ ၁၀ ရွာ၊ ၁၅ ရွာလောက်ကိုပဲ ရောက်ရှိနေကြတာ။ ဒါပေမဲ့ တကယ့်တကယ် သွားရေးလာရေးခက်ခဲပြီးတော့ သတင်းတွေမှာ မတက်သေးတဲ့၊ မရှိသေးတဲ့ မုန်တိုင်းထိရွာတွေ အများကြီးကျန်ပါသေးတယ်။ ကျွန်တော်တို့ဒေသခံတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် မြန်မာနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီကြဖို့ ဒေသခံတစ်ယောက်အနေနဲ့ ကူညီတောင်းချင်ပါတယ်ခင်ဗျ"
စစ်ကောင်စီကတော့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မေလ ၂၂ စာရင်းအရ သေဆုံးသူ ၁၄၈ ဦး၊ ဒဏ်ရာရသူ ၁၃၁ ဦးရှိတယ်လို့ ထုတ်ပြန်ထားပေမယ့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကတော့ တိုင်းနဲ့ပြည်နယ် ခုနစ်ခုမှာ သေဆုံးသူစုစုပေါင်း ၄၅၅ ဦးအထိ ရှိလာပြီး အဲဒီထဲက ၄၃၀ ကျော်ကတော့ ရခိုင်ပြည်နယ်ကဖြစ်တယ်လို့ မေလ ၁၇ နေ့က ထုတ်ပြန်ထားပါတယ်။
RFA အနေနဲ့ ဆက်သွယ်ရေးအခက်အခဲတွေကြောင့် အခုလိုကွဲပြားနေတဲ့စာရင်းတွေကို သီးသန့်အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မုန်တိုင်းဖြစ်ပြီး ကိုးရက်ကြာတဲ့အထိ ကယ်ဆယ်ရေးတွေ မဝင်ရောက်နိုင်သေးတဲ့ ကျေးရွာတွေလည်း ရှိနေပါသေးတယ်။ မုန်တိုင်းဒဏ်ထိထားတဲ့ရွာတွေ ညီတူညီမျှ ပြန်လည်ထူထောင်လာနိုင်အောင် စစ်ကောင်စီဘက်က ပွင့်ပွင့်လင်းလင်းနဲ့ သတင်း ထုတ်ပြန်ပေးပြီး ကူညီပေးကြဖို့ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ဒေသခံတွေက မျှော်လင့်နေကြပါတယ်။
မြန်မာနိုင်ငံက လူဦးရေ ၅.၄ သန်းဟာ မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွားခံခဲ့ရပြီး အဲဒီအထဲက ၃.၂ သန်းဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ UNOCHA ကလည်း မေလ ၁၆ ရက်နေ့မှာ ပြောထားပါတယ်။