မိုခါကြောင့် ရွာလုံးကျွတ်ပျက်စီးသွားတဲ့ စစ်တွေက တံငါရွာ
2023.06.21

ဒီရွာကတော့ မိုခါမုန်တိုင်း အဓိကတိုက်ခတ်သွားတဲ့ စစ်တွေမြို့နယ်ထဲက လမ်းဘေးချောင်း ပိုက်ဆိပ်ရွာပါ။
အိမ်ထောင်စု ၃၇ စု လူဦးရေ တစ်ရာကျော် နေထိုင်ပြီး ငါးဖမ်းလုပ်ငန်းကို အဓိက လုပ်ကိုင်စားသောက်နေကြတဲ့ တံငါရွာလေးဖြစ်ပါတယ်။
မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ဒီရွာမှာ နေအိမ်တစ်လုံးမှ မကျန်တဲ့အထိ ရွာလုံးကျွတ် ပျက်စီးသွားတာပါ။
အခုတော့ ရွာသားတွေဟာ ပျက်စီးသွားတဲ့ နေအိမ်အပိုင်းအစတွေနဲ့ ဖြစ်သလို တဲအိမ်ထိုးနေကြပြီး ငွေကြေးအခက်အခဲကြောင့် အိမ်ပြန်မဆောက်နိုင်တဲ့ မိသားစုတွေလည်း ရှိနေပါတယ်။
အဲဒီထဲမှာ ဒေါ်မငွေအေးတို့ မိသားစုလည်း ပါဝင်ပါတယ်။
“အိမ်ပြန်ဆောက်နိုင်ဖို့က အခုလောလောဆယ် ဆောက်နိုင်မယ့် အခြေအနေမရှိဘူး။ ကယ်ဆယ်ရေးပေးတာကလည်း ဆန်ပဲပေးတယ်။ ပိုက်ဆံကမပေးဘူးလေ။ ပိုက်ဆံနဲ့မှ မွမ်းမံလို့ရမယ်။ အခုတော့ ဟိုဘက်က အိမ်မှာ ကပ်ပြီး အလုပ်လုပ်နေတယ်။ နည်းနည်းပါးပါး ရမလားလို့လေ”
ဒေါ်မငွေအေးမှာ ခင်ပွန်းနဲ့ သားသမီး ငါးဦးရှိပြီး ငါးဖမ်းတဲ့အလုပ်နဲ့ သူတို့မိသားစု ရပ်တည်နေကြတာပါ။
သူတို့မိသားစုမှာ ငါးဖမ်းပိုက် ၁၀ ခု ရှိခဲ့ပေမယ့် မုန်တိုင်းနဲ့အတူ ငါးဖမ်းပိုက် ရှစ်ခုပါသွားပြီး လှေစက်လည်း ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
"လေသေလို့ အိမ်ပြန်လာတော့ ဘာမှမရှိတော့ဘူး။ အိမ်ရာပဲ ကျန်ခဲ့တော့တယ်။"
ကျန်ခဲ့တဲ့ ငါးဖမ်းပိုက် နှစ်ခုနဲ့ပဲ အိမ်ပြန်ဆောက်နိုင်ဖို့ ကြိုးစားရုန်းကန်နေကြပါတယ်။
အလားတူ ဒေါ်ခင်ခင်သန်းတို့ မိသားစုလည်း မုန်တိုင်း မတိုက်ခင်က နေခဲ့တဲ့ အိမ်ကောင်းကောင်းမွန်မွန်လေး အခုတော့ မရှိတော့ပါဘူး။
“လေသေလို့ အိမ်ပြန်လာတော့ ဘာမှမရှိတော့ဘူး။ အိမ်ရာပဲ ကျန်ခဲ့တော့တယ်။ ဘာမှ မရလိုက်ဘူး။ ချက်စားဖို့ အိုးလည်းမကျန်၊ စောင်လည်းမကျန်၊ အခင်းလည်းမကျန် ဘာမှမကျန်ခဲ့ဘူး။ အရင်က ကျွန်မတို့ ဒီအိမ်ဟာ သံဖြူတွေနဲ့ ပြိုင်းတိုင်တွေနဲ့ ဆောက်ထားတာ။ တိုင်တွေကိုတော့ ဟိုမှာပုံထားတယ်။ အခုအိမ်ပြန် မဆောက်နိုင်တော့ဘူး။ ကြက်ခြံကဖြိုလာတဲ့ ဝါးတွေ၊ ဓနိတွေနဲ့ အခုဆောက်ထားတာ”
ငါးဖမ်းလုပ်ငန်းကိုပဲ အဓိက မှီခိုလုပ်ကိုင်ကြတဲ့ ရွာသားတွေဟာ ငါးဖမ်းပိုက်တွေ၊ စက်နဲ့ လှေတွေပါ ပျက်စီးသွားကြတာကြောင့် ရှေ့ဆက်ဘယ်လို ရုန်းကန်ရမယ်ဆိုတာ စဉ်းစားမရ ဖြစ်နေတယ်လို့ ရွာသား ဦးကျော်ဝင်းတင်က ပြောပါတယ်။
“ပျက်စီးသွားတာက ရေလုပ်ငန်းနဲ့ပတ်သက်ပြီး ဆုံးရှုံးသွားတာပေါ့။ ဒီမှာ တစ်ကမ်းခြေလုံးက ရေလုပ်ငန်းပဲ အဓိကအမှီပြုလုပ်ကိုင်နေကြတာ။ အခုက လောင်းရော၊ ပိုက်ရော၊ အိမ်ရော၊ ငါးနေလှမ်းတဲ့ဖျာတွေကအစ အားလုံးဆုံးရှုံးသွားတယ်။ ရှေ့ကို ဘယ်လိုဆက်သွားရမလဲဆိုတာ အခုအထိ စဉ်းစားလို့ မရသေးပါဘူး။ လောလောဆယ်မှာတော့ အိမ်ကိုပဲ အဓိကလုပ်နေတယ်။ မကြာခင် မိုးများလာတော့မယ် အိမ်ကိုပဲ အဓိက လုပ်နေတာပေါ့”
မိုခါမုန်တိုင်းတိုက်ခတ်ပြီးတာ တစ်လကျော်ကြာလာပြီဖြစ်ပေမယ့် အကူအညီ၊ အထောက် အပံ့တွေလည်း မရကြတာကြောင့် စားဝတ်နေရေးအပြင် ပြန်လည်ထူထောင်ရေး အတွက်ပါ ခက်ခဲနေတယ်လို့လည်း ဆိုပါတယ်။
မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေ များတာကြောင့် အကူအညီတွေသာမရရင် ပြန်လည် တည်ဆောက်ဖို့ ခက်ခဲသွားပြီလို့ ပိုက်ဆိပ်ချေရွာက ဦးမောင်ဝေသိန်းက ပြောပါတယ်။
“ပျက်စီးသွားကြတာတော့ ပြောစရာတောင်မလိုတော့ပါဘူး။ ပိုက်မျောပါသွားတဲ့သူကပါ။ လောင်းနှစ်ပိုင်း ပိုင်းသွားတဲ့သူကပိုင်း။ လောင်းရှာမရတဲ့သူကမရ။ အမျိုးမျိုး ပျက်စီးရကြတာပဲ။ ကျွန်တော်မှာတော့ လောင်း ရော၊ ပိုက်ရော ဘာမှ မဖြစ်လိုက်ဘူး။ မုန်တိုင်းထန်မယ်၊ လှိုင်းကြီးမယ်ဆိုတာကြာလို့ ငါးဖမ်းပိုက်တွေကို ကုန်းပေါ်တင်တယ်။ လောင်းတွေကိုလည်း ချောင်းထဲသွင်းထားတယ်။ အပင်မှာကြိုးရှည်ထားခဲ့တယ်။ ဒါကြောင့် ဘာမှမဖြစ်လိုက်ဘူး။ ပြန်ပြီးတည်ဆောက်ဖို့က မလွယ်ဘူး။ အိမ်မရှိတဲ့သူ မရှိတော့ဘူးလေ။ အိမ်ပြန်မဆောက်နိုင်လို့ အိမ်နားမှာ တဲထိုးပြီး နေကြရတယ်”
စစ်တွေမြို့နယ်က ပိုက်ဆိပ်ကြီး၊ ပိုက်ဆိပ်ချေ၊ လမ်းဘေးချောင်း ပိုက်ဆိပ်၊ အောင်တိုင်၊ ပလ္လင်ပြင်၊ သဲခုံ စတဲ့ရွာတွေနဲ့ ပင်လယ်ကမ်းနား၊ မြစ်ကမ်းနားမှာရှိတဲ့ ရွာတွေဟာ အခုလိုပဲ ငါးဖမ်းလုပ်ငန်းကို အဓိကအမှီပြု လုပ်ကိုင်စားသောက်နေကြတာ ဖြစ်ပါတယ်။
လမ်းဘေးချောင်း ပိုက်ဆိပ်ရွာလိုပါပဲ ကျန်တဲ့ရွာတွေမှာလည်း ငါးဖမ်းပိုက်တွေ၊ လှေတွေပျက်စီးသွားတာကြောင့် ဒေသခံတွေ ဘဝရပ်တည်ရေး ခက်ခဲနေပါတယ်။