တရုတ်-မြန်မာနယ်စပ်မှာ သရက်သီး ဈေးကောင်းရနေ
2019.05.12
မြန်မာနိုင်ငံ အလယ်ပိုင်းက ထွက်တဲ့ စိန်တစ်လုံး၊ ရွှေဟင်္သာ စတဲ့ သရက်သီးတွေ တရုတ်-မြန်မာနယ်စပ်မှာ အရောင်းအဝယ် ကောင်းနေပြီး မနှစ်ကထက်လည်း ဈေးကောင်းရနေတယ်လို့ သရက်ကုန်သည်တွေက ပြောကြပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုရဲထက်က တင်ပြထားပါတယ်။
■ ရှမ်းပြည်နယ် မြောက်ပိုင်းက မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုံမှာရှိတဲ့ အရှေ့မြောက်တံခါး သစ်သီးကုန်စည်ဒိုင်မှာ မြန်မာနိုင်ငံက ကုန်သည်တွေ သရက်သီးစိုက်တောင်သူတွေ ကိုယ်တိုင် ရောင်းချနေကြတာဖြစ်ပါတယ်။ မနက်ပိုင်းမှာ တရုတ်ကုန်သည်တွေက အဲဒီကုန်စည်ဒိုင်ကို ရောက်လာပြီး ဈေးပြိုင်စနစ်နဲ့ ဝယ်ယူကြတာပါ။ အခုရက်ပိုင်း သရက်သီးဈေးတွေ မနှစ်ကထက် ဈေးကောင်းရနေတဲ့အကြောင်း မန္တလေးတိုင်း တံတားဦးနယ်က သရက်ကုန်သည် ဦးဝင်းမြိုင်က ပြောပါတယ်
“မြို့သာဘက်က ခြင်း ၄၅ဝ တင်လာတယ် နှစ်ဦး သူတို့လည်း ဈေးကောင်းရလို့ပျော်သွားတာပဲ၊ အခါတိုင်းနှစ်က ၁ဝဝ တို့ ၈ဝ တို့ အဲလိုရောင်းရတာပေါ့၊ ဒီနှစ်ကြတော့ ရောဂါ ဘာညာ မပါဘူးပေါ့ ဟင်္သာက ၁၆ဝ၊ ရင်ကွဲက ရင်ကွဲက ၈၅ ကျပ်၊ စိန်တလုံးက ၁၃၅ ကျပ် သိပ်မလှဘူးပေါ့၊ လှရင် ၁၅၀ ထိအောင်ရောင်းရတယ် မနှစ်က မရဘူး ၁၁၀ - ၂၀ ပဲ လှမှ”
မန္တလေးတိုင်း ကျောက်ဆည်နယ်က သရက်သီးကုန်သည် ကိုကျော်သူကလည်း ဈေးကောင်းရတဲ့အကြောင်း ပြောပြပါတယ်။
“မနှစ်က နောက်ပိုင်းရောက်လေ ဈေးကပျက်လေ ဒီနှစ်ကတော့ မဆိုးဘူး စတည်းကတည်းက ဈေးကွက်ကောင်းတယ် မနှစ်က တစ်ခြင်းမှ ၈ ထောင် ၉ ထောင်လောက်ပဲရတယ်၊ အခုဒီနှစ်က ၂ သောင်းကျော်ထိရတယ် အိပ်စွပ်တာကျတော့ အရောင်ကာလာပါတယ်လေ၊ ကာလာပါတော့ ဒီမှာရောင်းအားကောင်းတယ်လေ၊ ဘလက်အစိမ်း အလွတ်ပေါ့၊ အလွတ်ဆိုတော့ တရုတ်က အရောင်ပါတဲ့ဟာကို ပိုပြီးတော့ နှစ်သက်တာပေါ့”
မြန်မာနိုင်ငံ နေရာအနှံ့ကိုသွားဝယ်ပြီး သစ်သီးကုန်စည်ဒိုင်မှာ လာရောက်ရောင်းချနေကြတဲ့ ကုန်သည်တွေလည်း အများအပြားရှိသလို ကိုယ်တိုင်စိုက်ပျိုးပြီး ကိုယ့်ခြံကထွက်တဲ့ သရက်သီးတွေကို လာရောက်ရောင်းချနေတဲ့ သူတွေလည်း ရှိပါတယ်။ ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ထနောင်းကိုင်းလေးကျေးရွာက ဦးသန်းဝင်းက သူ့ခြံက ထွက်တဲ့သရက်ကို ပထမဆုံးအကြိမ် တရုတ်နယ်စပ်မှာလာရောင်းတာ ရောင်းရတယ်လို့ ပြောပါတယ်။
“စိတ်တလုံးတွေပါတယ် ၂၈၅ ခြင်း ရောင်းရတယ် ၁ဝ၅ ယွမ်၊ ကျနော်က ကိုယ့်ခြံက ကိုယ်လာရောင်းတာပါ၊ ခြံထွက်ပစ္စည်း စိန်တလုံး အပင်တစ်ထောင်စိုက်ထားတယ်၊ အခုဒီနှစ်ပဲ စရောင်းတာ နောက်ထပ် ရှိသေးတယ၊် နောက်ထပ်က အိတ်စွပ် မဟုတ်ဘူး အိတ်မစွပ်တဲ့ ဟာတွေပဲရှိတယ်၊ အိတ်စွပ်တာနဲ့မစွပ်တာ အခုမှသိတာလေ ဈေးကွာနှုန်းကို အိတ်စွပ်တော့ ဈေးပိုကောင်းတာပေါ့”
သစ်သီးကုန်စည်ဒိုင်မှာ ပွဲရုံ ၄ဝ ကျော် ၅ဝ လောက်ရှိပါတယ်။ အဲဒီပွဲရုံလုပ်ငန်းတွေလည်း မနှစ်ကထက် အရောင်းအဝယ် ကောင်းတယ်လို့ တော်ဝင်သစ်သီး ပွဲရုံပိုင်ရှင် ကိုထွန်းနိုင်က ပြောပါတယ်။ သရက်သီး ဈေးတွေကောင်းနေတာကြောင့် ဈေးကွက်တည်တည်ငြိမ်ငြိမ်နဲ့ အခုဈေးကွက်အတိုင်း ရာသီကုန်အထိ မကျဖို့ ကုန်သည်တွေက မျှော်လင့်နေကြပါတယ်။
သရက်သီးခြင်းတစ်ခြင်းမှာ ၁၅ ကီလိုရှိပြီး သစ်သီးကုန်စည်ဒိုင်ကနေ တစ်ရက်ကို ခြင်းပေါင်း သုံးသောင်းကျော် ရောင်းရတယ်လို့ သိရပါတယ်။ သရက်သီးတွေ ဈေးကောင်းရပေမယ့် ရာသီဥတု အခြေအနေအရ ဒီနှစ် သရက်သီးထွက်နှုန်းက အရင်နှစ်လောက်မများဘူးလို့ ကုန်သည်တွေက ပြောကြပါတယ်။ သရက်သီးတွေ အရည်အသွေးကောင်းရင် ဈေးကောင်းရတာကြောင့် တောင်သူတွေအနေနဲ့ နည်းပညာကောင်းကောင်း လုပ်ဖို့လိုတယ်လို့ သစ်သီးဒိုင် နာယက ဦးစိုင်းမောင်မြင့် ကပြောပါတယ်။
“အဓိကပြောလိုတာက အခုအနေအထားမှာ သစ်သီးဆိုတာက အရည်အသွေးပိုင်းက တအားစကားပြောလာတယ်၊ အရည်အသွေးကောင်းရင် မကောင်းတဲ့ဟာနဲ့ ခေါက်ချိုးလောက်ကွာတာပေါ့၊ အဲလိုမျိုးဖြစ်တဲ့အခါကျတော့ ကိုယ့်အရည်အသွေးကို ကောင်းအောင်ထိန်းစေချင်တာပေါ့၊ အရည်အသွေးကောင်းအောင်လုပ်နိုင်ရင် ပိုပြီးတော့ အကျိုးမြတ်ရမှာပါ၊ အဲဒါကြောင့်မို့ နည်းနည်းလေး ကြိုးစားစေချင်တာပေါ့၊ နည်းပညာလိုမယ် အခုနောက်ပိုင်းက အိတ်စွပ်တွေ သုံးကြတာပေါ့”
မန္တလေး၊ စစ်ကိုင်းနဲ့ ရန်ကုန်တိုင်းက သရက်သီးတွေ တရုတ်မြန်မာနယ်စပ် ၁ဝ၅ မိုင် သစ်သီးကုန်စည်ဒိုင်မှာ လာရောင်းကြပြီး အများဆုံးကတော့ မန္တလေးတိုင်းက ထွက်ရှိတာပါ၊ တရုတ်နိုင်ငံမှာလည်း သရက်သီး စိုက်ပျိုးတာတွေရှိပေမယ့် မြန်မာနိုင်ငံက သရက်သီးထွက်ချိန်ထက် နောက်ကျတာကြောင့် ဈေးကွက်လိုအပ်ချက်အရ မြန်မာသရက်သီးတွေက ဈေးကောင်းရနေတာလို့ ကုန်သည်တွေက ယူဆပါတယ်။ မြန်မာ့သရက်သီးတွေကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့အပြင် တရုတ်နိုင်ငံအတွင်းပိုင်းမြို့တွေကလည်း လာရောက်ဝယ်ယူကြတာ ဖြစ်ပါတယ်ဗျာ။
ကျနော် ရဲထက်ပါ။