ကချင်လူငယ်တွေအတွက် ပညာရေးအခွင့်အလမ်းသစ်
2020.03.04
ပညာရေးနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ကေအိုင်အို ကချင်လွတ်လပ်ရေးအဖွဲ့ကြားမှာ ကေအိုင်အို အထက်တန်းကျောင်း အောင်မြင်ပြီးသူတွေဟာ အစိုးရတက္ကသိုလ်တွေမှာ တက်ခွင့်ရှိတယ်ဆိုတဲ့ နှစ်ဘက်သဘောတူညီချက်တွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့ ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ် တိုက်ပွဲတွေ ဖြစ်ပွားလာတဲ့ နောက်ပိုင်းမှာတော့ ဒီ သဘောတူချက် ပျက်သွားပြီးတဲ့ ကျောင်းက ၁၀ တန်းအောင်လူငယ် တစ်သောင်းနီးပါးဟာ ကျောင်း ဆက်မတက်နိုင် ဖြစ်သွားခဲ့ရပါတယ်။
ဒါကြောင့် ဒီလူငယ်တွေ ပညာဆက်လက်သင်ကြားနိုင်ဖို့ ကေအိုင်အို ထိန်းချုပ်နယ်မြေ တရုတ်နယ်စပ် မိုင်ဂျာယာန်မှာ မိုင်ဂျာယန်အမျိုးသားကောလိပ်ကို ဖွင့်လှစ်ခဲ့တာလို့ ကျောင်းအုပ်ဆရာမကြီး ဒေါ် လုလုအောင်က ပြောပါတယ်။
မိုင်ဂျာယန် အမျိုးသား ကောလိပ်ကို ၂၀၁၅ ခုနှစ် ၊ စက်တင်ဘာလက စတင်ဖွင့်လှစ်ခဲ့ပြီး ကွန်ပျူတာ သိပ္ပံ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှု ဖွံဖြိုးတိုးတက်ရေး အင်္ဂလိပ်စာနဲ့ နိုင်ငံရေး သိပ္ပံဘာသာရပ်တွေကို ဂျိန်းဖေါ့၊ အင်္ဂလိပ် ၊တရုတ်ဘာသာစကားတွေနဲ့ သင်ကြားနေတာပါ။
အခုလို သင်ကြားပို့ချနေတဲ့ဘာသာရပ် အသုံးပြူနေတဲ့ ဘာသာစကားတွေဟာ ကချင်လူငယ်တွေအတွက် ပြည်မက တက္ကသိုလ်၊ ကောလိပ် တွေထက်ပ်ုပြီး ဆွဲဆောင်မှုရှိနေပါတယ်။
ဒါကြောင့်ပဲ လူငယ်အများအပြားဟာ မြန်မာအစိုးရရဲ့ပညာရေးထက် ကေအိုင်အိုက ဖွင့်လှစ်တဲ့ ပညာရေးကို ပိုပြီးစိတ်ဝင်းစားကြတာပါ။
မိုင်ဂျာယန်ကောလိပ်မှာ ပြည်တွင်း ပြည်ပ ကျောင်းတွေမှာ အနည်းဆုံးမဟာဘွဲ့ ရပြီးတဲ့ ကချင်အမျိုးသား ပညာရှင်တွေက သင်ကြားပေးနေတာပါ။
နိုင်ငံတကာအဆင့်ရှိတဲ့ ပညာရှင်တွေ သင်ကြားပေးနေပေမယ့် မြန်မာအစိုးရက အသိအမှတ်ပြုပေးတာ မရှိသေးတာကြောင့် ဘဝအာမခံချက် ဘယ်လောက်ရှိမလဲဆိုတဲ့အပေါ် ကချင်လူငယ်တွေက စိုးရိမ်မှုတွေ ရှိနေပါတယ်။
ဒီကောလိပ်ရဲ့ ပထမအကြိမ် ဘွဲနှင်းသဘင်ကိုတော့ ဖေဖော်ဝါရီ ၂၉ ရက်နေ့က မိုင်ဂျာယန်မှာ ကျင်းပခဲ့ပါတယ်။
အစိုးရကျောင်းတွေမှာ ၁၀ တန်းအောင်ပြီးသူတွေနဲ့ ကေအိုင်အို အထက်တန်းကျောင်းတွေမှာ ၁၀ တန်း အောင်ပြီးသူ ရှစ်ဆယ်နှစ်ဦး အဲဒီ အခမ်းအနားမှာ ဘွဲ့ယူခဲ့ကြတာပါ။
၂၀၁၁ ခုနှစ် တစ်ကျော့ပြန် တိုက်ပွဲမဖြစ်ခင် ကေအိုင်အိုမှာ ကျောင်းပေါင်း ၂၆၃ ကျောင်းသူ၊ ကျောင်းသား နှစ်သောင်းငါးထောင်ကျော် ရှိခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် ကျောင်းပေါင်း တစ်ရာငါးဆယ်လောက် ပိတ်လိုက်ရပြီး ကျောင်းသားတစ်သောင်းကျော် မြို့ပေါ်ထွက်ပြေးသွားခဲ့ရတယ်လို့ အေအိုင်အိုပညာရးဌာနက ပြောပါတယ်။
ဒီကျောင်းသားတွေထဲက မူလတန်းနဲ့ အလယ်တန်း ကျောင်းသားတွေဟာ ထွက်ပြေးတိမ်းရှောင်းရင်း မြို့ပေါ်ကအစိုးရ ကျောင်းတွေမှာ ပညာသင်ခွင့်ရခဲ့ပေမယ့် ဆယ်တန်းအောင်ပြီးသူတွေကတော့ အစိုးရ တက္ကသိုလ်တွေမှာ ဆက်မတက်နိုင်ကြတော့ပါဘူး။
ဘာကြောင့်လဲဆိုတော့ အစိုးရနဲ့ ကေအိုင်အေ အကြား ပညာရေးသဘောတူညီချက် ပျက်သွားခဲ့လို့ပါပဲ။
လက်ရှိ ကေအိုင်အို ထိန်းချုပ်နယ်မြေမှာ အထက်တန်းကျောင်း (၇) ခု ဖွင့်ထားထားပါတယ်။
ဒီအထက်တန်းကျောင်းက ဆယ်တန်းအောင်သူတွေဟာ အစိုးရတက္ကသိုလ်တွေမှာ တက်ခွင့်မရှိတော့တဲ့အတွက် ကေအိုင်အို ထိန်းချုပ်နယ်မြေမှာ ဖွင့်ထားတဲ့ မိုင်ဂျာယန် အမျိုးသားကောလိပ်၊ မိုင်ဂျာယန် ပညာရေးကောလိပ်၊ ဖက်ဒရယ်ဥပဒေ အကယ်ဒမီ၊ ဒီပလိုမာ စိုက်ပျိုးရေးကျောင်း၊ သူနာပြုကျောင်းနဲ့ တရုတ်နိုင်ငံမှာ ပညာ သင်ယူနေကြပါတယ်။
အဲဒါကြောင့် အေအိုင်အေက ဖွင့်လှစ်ထားတဲ့ အဆင့်မြင့် ပညာရေးကျောင်းတွေဟာ ကချင်လူငယ်တွေအတွက် အစိုးရပညာရေးအပြင် ကေအိုင်အေ ပညာရေးကလည်း ရွေးချယ်စရာ တစ်ခုဖြစ်လာပါတယ်။