မဲဆောက်ရောက် မြန်မာတွေကိုကူညီပေးနေတဲ့ OIA လူမှုကူညီရေးအသင်း
2024.01.08

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အခြေစိုက် လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ အဝေးရောက်ဧရာဝတီအသင်း OIA တည်ထောင်တဲ့ ၁၉ နှစ် ပြည့် အခမ်းအနားကို မဲဆောက်မြို့တစ်နေရာမှာ ဇန်နဝါရီ ၇ ရက်က ကျင်းပခဲ့ပါတယ်။
OIA ဟာ ထိုင်းနယ်စပ်ကို တိမ်းရှောင်လာသူတွေ၊ စစ်ဘေးဒုက္ခသည်တွေနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါတဲ့ CDM တွေကို ရိက္ခာ၊ နေရာထိုင်ခင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အပြင် အသက်မွေးဝမ်းကျောင်းပညာရပ်တွေပါ သင်ကြားပေးနေတဲ့ အသင်းဖြစ်ပါတယ်။
ဒီအခမ်းအနားကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ အသင်းက ဆောင်ရွက်နေတာတွေကို အဝေးရောက်ဧရာဝတီအသင်း အထွေထွေအတွင်းရေးမှူး ကိုဖိုးသင်္ကြန်က RFA ကိုပြောပါတယ်။
“ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့နဲ့အတူ ဒီကာလမှာ ကျွန်တော်တို့ကို ထောက်ပံ့ကူညီနေတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ နောက်စစ်ဘေးရှောင် ကိစ္စတွေမှာပဲဖြစ်ဖြစ် လူသားချင်းစာနာမှုကိစ္စတွေမှာပဲ ဖြစ်ဖြစ်၊ ရဲရဲဝံ့ဝံ့နဲ့ လုပ်ခဲ့ကြတဲ့ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဘက်တွေ ရှိတယ်ပေါ့၊ သူတို့ကို ကျွန်တော်တို့က တစ်စုံတစ်ရာ ကျွန်တော်တို့ ဂုဏ်ပြုချင်လို့ လုပ်တယ်ဆိုတာလည်း ဟုတ်တယ်။ ၈၈ ကို မမီလိုက်ဘူး။ ဒီအဖွဲ့အနေနဲ့ပေါ့နော်။ ဒီ OIA အသင်းအနေနဲ့။ ဒါပေမဲ့ ၈၈ နောက်ပိုင်း ကျွန်တော်တို့ နာဂစ်ကို မီတယ်။ ၂ဝဝ၇ မီတယ်၊ ကျွန်တော်တို့ မီခဲ့တယ်ပေါ့။ မီခဲ့သမျှထဲမှာ ၂၀၂၁ ကတော့ ကျွန်တော်တို့ အင်အားစုလည်း များတယ်။ ပေါင်းစုံတယ်။ နောက်တစ်ခုက ဒုက္ခတွေလည်း ပိုများတယ်လေ။ ကယ်ရတာတွေလဲ ပိုများတဲ့အခါကျတော့ O.I.A က ကရင်ပြည်နယ်နယ်စပ်မှာ အထိုင်ချပြီး ကူညီနေတာဟုတ်သလို၊ မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်း၊မကွေးဘက်မှာလည်း ကျွန်တော်တို့ လှူတာတွေ ရှိတယ်။ နောက်တစ်ခုက HRD တွေကို ကူညီတဲ့ အစီအစဉ်တွေကတော့ ကျွန်တော်တို့ ဒီဒေသမှာ ကူညီနေတာတွေ ရှိသလို ဒီမြန်မာပြည်အနှံ့အပြား နယ်စပ်တွေ၊ အိန္ဒိယနယ်စပ်၊ တရုတ်နယ်စပ်၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေကိုပေါ့နော်။ အဲ့လိုမျိုး အခြေအနေထိကို ကျွန်တော်တို့ ကူနေတဲ့ အစီအစဉ်တွေ ရှိပါတယ်ခင်ဗျ”
OIA ကို မဲဆောက်အခြေစိုက် အလုပ်သမားအရေးဆောင်ရွက်သူတွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ ဦးဆောင်ပြီး ၂၀၀၅ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့က ဖွဲ့စည်းခဲ့တယ်လို့ အသင်းဥက္ကဋ္ဌ ဦးသောင်းလှိုင် က ပြောပါတယ်။
အခမ်းအနားမှာ NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ရုပ်သံကတစ်ဆင့် မိန့်ခွန်းပြောကြားပါတယ်။
“ပြည်သူကို ကျွန်တော်တို့ ထောက်ပံ့ကူညီရုံမကဘဲနဲ့ ပြည်သူကို ကာကွယ်ပေးဖို့လဲ လိုတယ်။ ဒီကိစ္စတွေကို ကျွန်တော်တို့ ဝန်ကြီးဌာနက အတတ်နိုင်ဆုံး ကျန်တဲ့မိတ်ဖက်အဖွဲ့အစည်းတွေ၊ ဌာနတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ဒီအထဲမှာ အဝေးရောက် ဧရာဝတီအနေနဲ့လဲ တစ်ခါအပါအဝင်ဖြစ်ပြီးတော့ ဒီအဝေးရောက်ဧရာဝတီအသင်းကြီးအနေနဲ့ ဒီTeamရဲ့ ရည်မှန်းချက်တွေ ပေါက်မြောက်အောင် ကြိုးစားဆောင်ရွက်နေတာ တွေ့ရတဲ့အတွက် ဂုဏ်ယူကြောင်း ဒီအထိမ်းအမှတ်နေ့မှာ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။”
အကြောင်းအမျိုးမျိုးကြောင့် တိမ်းရှောင်လာသူတွေကို အကူအညီပေးနေတဲ့ မဲ့ကိုကင်း တောင်သူ ကိုစိုးနိုင်ကလည်း စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့ ရိက္ခာ လိုအပ်နေတယ်လို့ ပြောပါတယ်။
“လေးကေ့ကော်တိုက်ပွဲ ဖြစ်တဲ့အခါကျတော့ လူပေါင်း ငါးရာလောက်က စတာပေါ့။ လူပေါင်း ငါးရာလောက်ကနေ လူပေါင်း ၃၅ဝဝ၊ ၄ဝဝဝ လောက် အထိ ဖြစ်တယ်။ အဲ့ဒီလောက်ကို ကျွန်တော် ထမင်းချက်ကျွေးခဲ့တာ နှစ်လခွဲအထိ ရှိတယ်။ အခုလက်ရှိ ကျွန်တော်က စစ်ဘေးရှောင်တွေကို လိုက်ကူညီပေးနေတယ်ပေါ့နော်။ စစ်ဘေးရှောင်ဆိုတော့ ကျွန်တော်တို့ မဲ့ကိုကင်းရှိတယ်၊ သေ့ဘောဘိုး ရှိတယ်၊ လော့ခေါ် ရှိတယ်၊ထီးဘောကော် ရှိတယ်။ ကနဲလေးထ ရှိတယ်။ အဲ့ဒါတွေကို ဝိုင်းဝန်းကူညီပေးနေတာပေါ့။ လက်ရှိအရေအတွက်တော့ ခန့်မှန်းခြေကတော့ အနည်းဆုံး ရှစ်ထောင်၊ တစ်သောင်းလောက်မှာ ရှိတယ်။ အခုလောလောဆယ် လိုအပ်နေတာကတော့ စားနပ်ရိက္ခာ၊ ဆေးဝါးပေါ့နော် အဓိကလိုအပ်နေတယ်။”
အဝေးရောက်ဧရာဝတီအသင်းက လောလောဆယ် အကူအညီပေးနေတဲ့ ကဏ္ဍအရပ်ရပ်ကို OIA အသင်းဝင် မစု က ပြောပြပါတယ်။
“လက်ရှိမှာတော့ OIA အဝေးရောက်ဧရာဝတီအသင်းအနေနဲ့ မြန်မာပြည်က အကြောင်းအမျိုးမျိုးကြောင့် တိမ်းရှောင်လာသူတွေကို နေထိုင်စရာ Safe house ထားပေးတာ၊ စက်ချုပ်သင်တန်း၊ ကွန်ပျူတာသင်တန်း၊ တံဆိပ်ရိုက်သင်တန်း၊ ထိုင်းစကားပြောသင်တန်းနဲ့ စားသောက်စရာ ရိက္ခာထောက်ပံတာ၊ နာရေးကိစ္စနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆေးရုံဆေးခန်းကိစ္စတွေ ကူညီနေတယ်”
OIA လို လူမှုအဖွဲ့အစည်းတွေ ပေါ်ပေါက်စေလိုတယ်လို့ မြန်မာပြည်က တိမ်းရှောင်လာသူ မဝါဝါမြင့် က ပြောပါတယ်။
“ဒီရောက်တဲ့အခါမှာ ကျွန်မတို့အတွက် စားစရာနေစရာဝတ်စရာ ဒါမျိုးလေးတွေ အဆင်သင့်လုပ်ပေးတဲ့အခါကျတော့ ကျွန်မတို့ ခဏတာ ခိုလှုံခွင့်ရတဲ့အခါကျတော့ အထီးကျန်မဆန်တော့ဘူး။ နောက်ပြီးတော့ ဒီနေရာတွေကနေပေးတာ ဒီရောက်တဲ့အခါကျတော့ ဒီလိုမျိုးရှိတဲ့အခါကျတော့ ကျွန်မတို့မှာ အထီးကျန်ခြင်းကို မခံစားရတော့ဘူး။ လုံခြုံနွေးထွေးစေတယ်။ အဲ့ဒီတော့ ဒီလိုပဲအဖွဲ့တွေကလည်း တစ်ခြားလူတွေကို ကူညီမယ်ဆိုလို့ရှိရင် ပိုပြီးတော့ သူက လူ၁၀ ယောက် လှူနိုင်ရင် တစ်ခြားအဖွဲ့တွေကလည်း လူ ၁ဝ ယောက် လှူနိုင်ရင် လူအယောက် ၂၀ စာမှာ ပိုပြီးနွေးထွေးစေတယ်ပေါ့၊ အဲ့လိုမျိုးပဲ ကျွန်မတို့က ဒီလိုမျိုးအဖွဲ့တွေ အများကြီးပေါ်လာလေ ကျွန်မတို့လိုလူတွေအတွက် ရပ်တည်ရတာ နေထိုင်စားသောက်ရတာ ပိုပြီးတော့ အဆင်ပြေတယ်ဖြစ်တဲ့အတွက် ပိုပြီးပေါ်စေချင်တာပေါ့နော်”
လူမှုကူညီရေး OIA အသင်းဟာ တော်လှန်ရေးအလွန်ကာလ ပြန်လည်ထူထောင်ရေးမှာ မျိုးဆက်သစ်လူငယ်တွေ နဲ့ ချိတ်ဆက် လုပ်ဆောင်သွားမယ်လို့လည်း OIA အသင်း အတွင်းရေးမှူး ကိုဖိုးသင်္ကြန်က ပြောပါတယ်။
“ဒီတော်လှန်ရေးကြီးပြီးခဲ့ရင်တောင်မှ ပြန်လည်ထူထောင်ရေးတွေ၊ ပြည်လည်တည်ဆောက်ရေးတွေ ဆိုတာအများကြီး လုပ်ရဦးမယ်လေ၊လုပ်ရဦးမယ်ဆိုတော့ တစ်ပြိုင်တည်းမှာပဲ အုံနဲ့ကျင်းနဲ့ရောက်လာတဲ့ ဒီ Migrant တွေ ရွှေ့ပြောင်းလာတဲ့သူတွေကနေ ချက်ချင်းအိမ်ပြန်နိုင်ဦးမှာ မဟုတ်သေးဘူးလေ။ ဆိုတဲ့အခါကျတော့ ဒီပြည်တွင်းစစ်ကြီး ပြီးခဲ့ရင်တောင်မှ ကျွန်တော်တို့က ဒီမှာ Migrant အရေးတွေကို ကျွန်တော်တို့ ဆက်လုပ်နေမယ်။ ပြည်တွင်းထဲမှာဆိုလို့ရှိရင်လည်း ကျွန်တော်တို့ ပြန်လည်ထူထောင်ရေးကာလတွေမှာပေါ့နော်။ O.I.A က ဘယ်နေရာကနေဝင်ပြီး ပါနိုင်မလဲ။ ကျွန်တော်တို့ကတော့ အောက်ခြေသိမ်းအဖွဲ့အစည်းပေါ့ဗျာ။ အောက်ခြေသိမ်းဘယ်နေရာက ပါနိုင်မလဲပေါ့။ သေချာတာကတော့ ကျွန်တော်တို့ လက်ရှိခေါင်းဆောင်နေတဲ့ ခေါင်းဆောင်ပိုင်းကတော့ ကျွန်တော်တို့ကတော့ ဒီနယ်စပ်မှာပဲ နေနေမှာပေါ့၊ ကျွန်တော်တို့ မျိုးဆက်သစ်တွေ ရှိလာမှာပေါ့ဗျာ၊ အဲ့ဒီလူတွေကတော့ ကျွန်တော်တို့ အထဲမှာ ဒီပြန်လည်ထူထောင်ရေးတွေမှာ တက်နိုင်သလောက် ဝိုင်းဝန်းဆောင်ရွက်ကြမယ်ပေါ့၊ အဲ့ဒီအတွက်ကိုလည်း ကျွန်တော်တို့မျိုးဆက်သစ်တွေကို မွေးမြူထိန်းကျောင်းနေမယ်ခင်ဗျ။”
IOA တည်ထောင်ခြင်း ၁၉ နှစ်ပြည့် အခမ်းအနားကို မဲဆောက်ရောက် မြန်မာနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ၊ CDM ဝန်ထမ်းတွေ၊ မိတ်ဖက် အလုပ်သမားအရေးနဲ့ လူမှုကူညီရေးအဖွဲ့အစည်းတွေက လူ သုံးရာကျော် တက်ရောက်ခဲ့ကြပြီး၊ သောင်ရင်းသုခုမ မြန်မာသံတေးဂီတအဖွဲ့၊ မြန်မာမှုအကအဖွဲ့တို့က ဖျော်ဖြေခဲ့ကြပါတယ်။