ဘာသာရေးအမည်ခံပြီး ကလေးအခွင့်အရေးချိုးဖောက်မှု ဘယ်လိုအရေးယူမလဲ

RFA Burmese
2023.03.22
ဘာသာရေးအမည်ခံပြီး ကလေးအခွင့်အရေးချိုးဖောက်မှု ဘယ်လိုအရေးယူမလဲ နှိပ်စက်ခံရပြီး လမ်းမလျှောက်နိုင်ဖြစ်နေသည့် မလွေးမြအောင်နှင့် ဖခင်ဖြစ်သူတို့အား ၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။
RFA

နှိပ်စက်ညှဉ်းပန်းခံခဲ့ရလို့ လမ်းမလျှောက်နိုင်တော့လောက်အောင် အကြောတွေ တုံ့ဆိုင်းနေတဲ့ အသက် ၁၁ နှစ် အရွယ် လွေးမြအောင်လေးရဲ့ ခြေထောက်ကို နှိပ်နယ်ပေးရင်း ဖခင်ဖြစ်သူ ကိုခင်ကျော် တစ်ယောက် ဝမ်းနည်း စိတ်ထိခိုက်နေပါတယ်။

ဆင်းရဲနွမ်းပါးတာကြောင့် ရွာမှာထားရင် ပညာမတတ်မှာကို စိုးရိမ်တဲ့အတွက် သမီး လွေးမြအောင်နဲ့ လွေးမြဟန်တို့ ညီအစ်မနှစ်ယောက်ကို ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်၊ မြိုင်သာယာ (၁) ရပ်ကွက်က သုခိတာရာမ သီလရှင်ကျောင်းတိုက်ကို ၂၀၂၂ ခုနှစ် ဇွန်လမှာ ပို့ဆောင်ခဲ့တာပါ။

"ဘာသာရေးကို ခုတုံးလုပ်ပြီးတော့မှ ကလေးတွေကို စုဆောင်းတယ်၊ ညှဉ်းပန်းနှိပ်စက်တယ်။ ဒါတွေက သာသနာရေးဝန်ကြီးဌာနက ထိရောက်စွာ အရေးယူဖို့လိုအပ်တယ်"

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာတော့ နေမကောင်းဖြစ်နေတဲ့ သမီးဖြစ်သူ လွေးမြအောင် အပါအဝင် သူတို့ရွာက သီလရှင်လေးငါးပါးကို သုခိတာရာမကျောင်းတိုက်က သီလရှင်ဆရာကြီးနှစ်ပါးက ကျောက်မဲ ကားဂိတ်ထိလာပို့ပြီး ကလေးတွေကို ပြန်ခေါ်ဖို့ မိဘတွေကို အကြောင်းကြားခဲ့တာပါ။

အာဟာရပြတ်လပ်၊ ပိန်ချုံးချည့်နဲ့ပြီး လမ်းမလျှောက်နိုင်တော့တဲ့ သမီးဖြစ်သူကိုကြည့်ပြီး ယူကျုံးမရဖြစ်ရတယ်လို့ လွေးမြအောင်ရဲ့ ဖခင် ကိုခင်ကျော် က ပြောပါတယ်။

“ကျနော် ကလေးကို တွေ့တဲ့အချိန် ကျနော့်စိတ်ကို ကျနော် မပြောတတ်လောက်အောင် ယူကျုံးမရပေါ့နော်၊ အဲလိုဖြစ်တာပေါ့နော့်။ ငါ့ကလေး ငါပို့တုန်းက အကောင်းကြီး၊ အခု ငါပြန်သွားတွေ့တာ စိတ်ထဲ မှာ ဘာမှ မပြောချင်တော့ဘူး။ ငါ့ကလေးကို ငါဘယ်နေရာ မှာ ဆေးကုရမှာလဲဆိုတဲ့ အဲလိုစိတ်ပဲဖြစ်သွားတာ။ ငါ့ကလေး ပြန်ကောင်းလာဖို့ အတွက်ပဲ အဲလိုစိတ်ထဲမှာ ဖြစ်သွားတာ။ တခြားဟာတွေလည်း ကျနော် ဘာမှ မစဉ်းစားမိတော့ဘူးပေါ့နော်။ ကလေးကိုမြင်တာနဲ့ ကျနော့်စိတ်ထဲမှာ မပြောတတ် လောက်အောင်ပဲ ခံစားရတယ်”

လွေးမြအောင်ဟာ ကျောက်မဲမြို့နယ် ကျောင်းခမ်းရွာက ဖြစ်ပါတယ်။

အရိုးပေါ်အရေတင်ဖြစ်နေတဲ့ လွေးမြအောင်လေးဟာ အသက်ကို အနိုင်နိုင်ရှူနေရသလို ခြေသလုံးတွေမှာ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာဒဏ်ချက်တွေကို တွေ့ရတယ်လို့ ဦးလေး ဖြစ်သူက ပြောပါတယ်။

“ဒါက ရိုက်တာလေ။ သွေးပုပ်လို ဖြစ်သွားတာ။ ဥပမာ- ကျနော်တို့ တစ်ခုခု ထိတယ်ဗျာ၊ သွေးပုပ်လို ဖြစ်သွား တာ။ ပြီးတော့ ပျောက်တော့ သူ့ဟာသူ ပျောက်သွားမှာပါ၊ ရိုက် ထားတာက အကြောကို ထိသွားတာလေ။ ဒီအကြောကြီးကို ထိသွားတာ။ အကြောသေ တဲ့ပုံစံ။ ခင်ဗျားဆို မခံနိုင်ဘူး။ ဒီအကြာကို နှိပ်ရင် မခံနိုင်ဘူး တအားနာတယ်။ အခု သူက မနာဘူးတဲ့။ ထုံသွားတာပဲ”

ကျောက်မဲဆေးရုံမှာ တစ်ပတ်ကျော်လောက် ကုသခဲ့ပြီးနောက် အနည်းငယ်တိုးတက် လာပေမယ့် မတ်လ ၁၀ ရက်နေ့အထိ လွေးမြအောင်တစ်ယောက် လမ်းကောင်းကောင်း မလျှောက်နိုင်ပါဘူး။

ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ ရန်ကုန် သုခိတာရာမကျောင်းတိုက်က သီလရှင်ဆရာကြီးတွေ ကျောက်မဲမြို့နယ် ကျောင်းခမ်းနဲ့ ခုံငင်းရွာကို ရောက်လာပြီး ပညာသင်ပေးမယ်၊ စားစရိတ် ကုန်စရာမလိုဘူးလို့ မိဘတွေကို ပြောဆိုပြီး လွေးမြအောင် အပါအဝင် မိန်းကလေးငယ် ၁၆ ဦးကို ခေါ်ဆောင်သွားတာပါ။

ကလေးအားလုံးဟာ အသက် ကိုးနှစ်ကနေ ၁၄ နှစ်ကြား အရွယ်တွေဖြစ်ပါတယ်။

ရန်ကုန်ကို ရောက်ချိန်မှာတော့ ဘုရားစာတွေကိုပဲ အဓိက သင်ကြားခဲ့ရကြောင်းနဲ့ သီလရှင်ကျောင်းတိုက် ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်ကြမ်းတွေ ခိုင်းစေခံရပြီး မလုပ်နိုင်ရင် ရိုက်နှက်ခံရတယ်လို့ လွေးမြအောင် က ပြောပါတယ်။ အဖိတ်နဲ့ ဥပုသ် ရက်တိုင်း ရပ်ကွက်တကာလှည့် ဆွမ်းခံကြရပြီး ရရှိတဲ့ ငွေနဲ့ ပစ္စည်းအားလုံးကို ဆရာကြီး တွေကို ပြန်အပ်ရတယ်လို့လည်း ဆိုပါတယ်။

ဆွမ်းဆန်မရတဲ့နေ့တွေမှာလည်း အမြဲဆူပူရိုက်နှက်ခံရတယ်လို့ ကလေးငယ်တွေက ပြောကြပါတယ်။

ဒဏ်ရာကြောင့် လှဲလျောင်းနေသည့် မလွေးမြအောင်အား ၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ဒဏ်ရာကြောင့် လှဲလျောင်းနေသည့် မလွေးမြအောင်အား ၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

သီလရှင်ဖြစ်တဲ့အတွက် မနက် ၅ နာရီမှာ အာရုံဆွမ်း တစ်ကြိမ်၊ နေ့လယ် ၁၁ နာရီမှာ နေ့ဆွမ်း တစ်ကြိမ်သာ စားရပြီး တချို့ရက်တွေမှာ ဝလင်အောင်မစားရဘူးလို့ ကလေး တွေက ပြောပါတယ်။

လွေးမြအောင်ဟာ အလုပ်ကြမ်းမလုပ်နိုင်လို့ ကြိုးတုပ်ရိုက်နှက်ခံရတဲ့အပြင် သူငယ်ချင်း ဖြစ်သူ လွေးနွမ်ခမ်း က ဗိုက်ဆာလို့ ခိုးစားမိတဲ့အတွက် နှစ်ယောက်လုံး စောင်အခင်းမပါဘဲ မြေကြီးပေါ်မှာ ဒီအတိုင်း အိပ်ဆိုပြီး ဒဏ်ပေးခံခဲ့ရတယ်လို့ လွေးမြအောင် က ပြန်ပြောပြ ပါတယ်။

“သမီးကို ဆရာလေးတွေပြောတာ မြေမသယ်လို့ ထင်းခုတ်ရင် အများကြီး မခုတ်နိုင် ဘူးတဲ့။ အုတ်မသယ်နိုင်လို့ မြေကြီးမသယ်နိုင်လို့ ရိုက်တာ၊ ကြိုးနဲ့တုပ်တာ။ ပြီးရင် ကန်တာ။ သမီး ညီမလေးဆီပြောတာ သူ့အစ်မဆီမှာ တက်ထိုင်လိုက်တဲ့။ သမီးတို့နှစ်ပါး အပြင်မှာအိပ်ရတယ်။ သူတို့ပြောတာ မသိက္ခာ (လွေးနွမ်းခမ်း) ထမင်းခိုးစားလို့တဲ့။ မြေကြီးပေါ်မှာ အိပ်ရတယ်”

သီလရှင်ဘဝနဲ့ စာသင်ဖို့ ခေါ်ယူသွားတဲ့ မိန်းကလေး ၁၆ ဦးထဲမှာ ကျောင်းခမ်းရွာက လွေးမြအောင်၊ ခုံငင်းရွာ က အသက် ၉ နှစ်အရွယ် လွေးနွမ်းခမ်းတို့နှစ်ဦးရဲ့ ခန္ဓာကိုယ် တွေမှာ ရိုက်နှက်နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေကို တွေ့ရပြီး အသက် ၁၄ နှစ်အရွယ် လွေးဝင်းဝင်းခိုင်ကတော့ လက်မှာကြိုးနဲ့ အတုပ်ခံထားရတဲ့ ဒဏ်ရာတွေကို အခုချိန်ထိ မြင်တွေ့ရပါတယ်။

ကလေးငယ် ၁၆ ယောက်ထဲက လွေးမြအောင်နဲ့ လွေးနွမ်းခမ်းတို့နှစ်ဦးဟာ သူများလောက် အလုပ်မလုပ်နိုင်လို့ဆိုပြီး တခြားသူတွေလို ထမင်းကို ဟင်းနဲ့မစားရဘဲ တချို့ရက်တွေမှာ လက်ဖက်ထုပ်၊ ငှက်ပျောသီးလောက်နဲ့သာ ထမင်းစားကြရတယ်လို့ ဆိုပါတယ်။

အစားအစာ ဝလင်အောင် မစားရတာတွေ၊ မြေကြီးပေါ် မကြာခဏအိပ်ရတဲ့ ဒဏ်တွေ ကြောင့် လွေးမြအောင် ဟာ အိပ်ရာထဲက မထနိုင်ဘဲ ကျောင်းပေါ်မှာဘဲ ဆီးနဲ့ ဝမ်း ထွက်ကျတဲ့အခါ ကျောင်းစည်းကမ်း ကို ဖောက်ဖျက်တယ်ဆိုပြီး ကိုယ့်မစင်ကို ပြန်စား ခိုင်းတဲ့အထိ ဒဏ်ပေးခံခဲ့ရတယ်လို့ လွေးမြအောင် က ပြောပါတယ်။

အဲဒီကျောင်းတိုက်မှာ ကျောင်းအုပ်အဖြစ် ဆရာကြီး ပညာစာရီ က တာဝန်ယူထားပြီး ကလေးငယ်တွေကို အဓိက ရိုက်နှက်နှိပ်စက်သူကတော့ လက်ထောက်ကျောင်းအုပ်ဖြစ်တဲ့ ဆရာလေး အိန္ဒြာသီရိ ဖြစ်တယ်လို့ ကလေးတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ လွေးမြအောင်အပါအဝင် ဒဏ်ရာဒဏ်ချက်တွေနဲ့ ကလေး ငါးဦး ပြန်ရောက်လာပြီးနောက် ကျန်ရှိတဲ့ သီလရှင်ကလေး ၁၁ ဦးရဲ့ မိဘတွေလည်း စိုးရိမ်ပူပန်ပြီး သူတို့ကလေးတွေ ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရန်ကုန်ထိ သွားရောက်ခေါ်ယူခဲ့ပါတယ်။

ရန်ကုန် ကျောက်တန်းမှာရှိတဲ့ သံဃနာယကရုံးမှာပဲ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ် သာသနာရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ တအာင်း သံဃာတော်တွေရဲ့ အကူအညီနဲ့ ကျန်နေတဲ့ ကလေးငယ် ၁၁ ဦးနဲ့ သီလရှင်ကြီးတွေကိုပါ စစ်ဆေးမေးပြီးမှ ပြန်ခေါ်ခွင့်ရခဲ့တာလို့ မိဘတစ်ဦးဖြစ်တဲ့ ကျောင်းခမ်းရွာသား ကိုအောင်ထူး က ပြောပါတယ်။

“ကျောက်တန်းမြို့ သံဃနာယကအဖွဲ့တွေ ခေါ်ပြီးတော့ သီလရှင်တွေရဲ့ နာယကတွေ လည်း ရှိတာပေါ့။ သူတို့ အဲဒီသီလရှင်တွေလည်း ခေါ်ထားတယ်၊ ပြီးတော့ မြို့နယ် ဦးစီးမှူးတွေလည်း ပါတယ်။ သီလရှင် တွေအားလုံးကို စစ်ဆေးပြီးမှ၊ မေးမြန်းပြီးမှ ပြန်လွှတ်မယ်တဲ့ အဲဒီ ၁၁ ပါးကို။ စစ်ဆေးပြီးမှ သူတို့ဘာမှမဖြစ်ဘူးလို့ ပြောတယ်၊ ကျေနပ်လား၊ ကျေနပ်တယ်လို့ ပြောတာပေါ့။ အဲကျန်တဲ့ ငါးယောက်တော့ ကျနော်တို့ မပြောတတ်ဘူးလို့ သူတို့ ကလေးနေမကောင်းဘူးလို့ ဆေးရုံတက်ခဲ့ရတယ်၊ လချီပြီး တက်ရမှာ၊ လမ်းတောင်မလျှောက်နိုင်ဘူး။ အဲလိုပြောတာ သူတို့ကျတော့ မပြော တတ်ဘူး။ တိုင်ချင်တိုင်မှာလို့”

ရွာကိုပြန်ရောက်လာတဲ့ သီလရှင်လေး ၁၁ ပါးဟာလည်း သူတို့ ဘယ်လိုကြုံခဲ့ရတယ် ဆိုတာကို မပြောရဲဘဲ အခုချိန်ထိ ကြောက်ရွံ့နေကြတယ်လို့ မိဘတွေက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကျောက်တန်းမြို့နယ်က သုခိတာရာမ သီလရှင်ကျောင်းတိုက်ကို RFA က အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ကလေးတွေ အခုလို နှိပ်စက်ညှဉ်းပန်းခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဌာနကို RFA က အီးမေးလ်ကတစ်ဆင့် စာရေးမေးမြန်းထားပေမယ့် အကြောင်း မပြန်ပါဘူး။

နောက်ထပ် ပြန်ရောက်လာတဲ့ ကလေး ၁၁ ဦးလည်း ရိုက်နှက်ခံခဲ့ရပေမယ့် ကျောင်းမှာ ဖြစ်ပျက်တာတွေကို ပြန်မပြောဖို့ ခြိမ်းခြောက်ခံခဲ့ရတယ်လို့ ကလေးတွေက ပြောပါတယ်။

“သူများတွေမေးရင် ရိုက်လား မရိုက်ဘူး။ ကြိုးတုပ်လား မတုပ်ဘူး၊ အဲလိုမျိုး ပြောခိုင်း တာ။ အီးတွေစားခိုင်း လား မစားခိုင်းဘူး။ မြေကြီးတွေ သယ်ရလား၊ မသယ်ရဘူး အဲလို ပြောတဲ့၊ ဆရာကြီးတွေက သုံးပါးလုံး အဲလို ပြောခိုင်းတာ”

သမီးလေးနှစ်ယောက် ပြန်ရောက်လာတဲ့အတွက် ဝမ်းသာရပေမယ့် ကလေးတွေကို ရန်ကုန် ပို့မိတဲ့အတွက် နောင်တရမိတယ်လို့ ပြန်ရောက်လာသူ ၁၁ ဦးထဲက ကလေးတစ်ဦးရဲ့မိခင် ဒေါ်နန်းမြ က ပြောပါ တယ်။

ကျောက်မဲမြို့နယ် ခုံငင်းရွာသို့ ပြန်ရောက်လာသည့် သီလရှင်လူထွက်ကလေးငယ်များအား ၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ကျောက်မဲမြို့နယ် ခုံငင်းရွာသို့ ပြန်ရောက်လာသည့် သီလရှင်လူထွက်ကလေးငယ်များအား ၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

“စိတ်နာတာပေါ့။ ဒီကလေးငါးယောက် ရောက်လာတော့ သူတို့ပုံစံကိုတွေ့ပြီး ကတည်းက စိတ်နာနေတာ။ ပိုဆိုးတာက ကိုယ့်ကလေးလည်း ဟိုမှာကျန်နေတော့ သူတို့လို ဖြစ်နေမလားဆိုပြီး စိတ်ပူခဲ့ရတယ်။ အရင် ဘာသတင်းမှ မကြားရခင်တုန်းက စိတ်ထဲမှာ ဘာမှမဖြစ်ခဲ့ဘူး။ ဒီငါးယောက် ရောက်လာပြီးမှပဲ ကလေးတွေ အတွက် တအားကြီး စိတ်ပူတယ်။ အိပ်လို့လည်း မပျော်၊ စားလို့လည်းမရ။ ပြန်သွားခေါ်ပြီး ပြန်ရောက်လာ မှပဲ စိတ်ကို ဒုန်းဒုန်းချနိုင်တယ်”

တအာင်း ပလောင် တိုင်းရင်းသားတွေဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။ ဘာသာ တရားကို အထူးကိုင်းရှိုင်း သလို သားသမီးတွေကို အတန်းပညာအပြင် ဘာသာရေးနဲ့ ဗုဒ္ဓစာပေကို တတ်မြောက်စေချင်ကြ ပါတယ်။

အခုနောက်ပိုင်းမှာတော့ ကိုဗစ်ကပ်ရောဂါနဲ့ စစ်ဘေးဒဏ်တွေကြောင့် ပလောင်ဒေသရဲ့ အဓိကစီးပွားရေး လုပ်ငန်းဖြစ်တဲ့ လက်ဖက်လုပ်ငန်း အကြီးအကျယ် ထိခိုက်ပျက်စီးသွားပြီး စီးပွားရေးကျပ်တည်းလွန်း တဲ့ မိဘတွေဟာ သားသမီးငယ်တွေကို ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေက ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းတွေကို ပို့ပေးခဲ့ကြတာလို့ မိဘတွေက ပြောပါတယ်။

ဘာသာရေးကို ဘန်းပြပြီး နောက်ကွယ်မှာ ကလေးတွေကို အသုံးချတာ၊ နှိပ်စက်ညှဉ်းပန်းတာဟာ ဗုဒ္ဓတရားတော်နဲ့ ဆန့်ကျင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်း သံဃာတော်အဖွဲ့ (ဗဟို) ရဲ့ အထွေထွေ အတွင်းရေးမှူး အရှင်တိက္ခဉာဏ က မိန့်ပါတယ်။

“ဘာသာတရားအရတော့ ဦးပဉ္စင်းတို့ ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်တိုင်က ဒီလို ညှဉ်းပန်းနှိပ်စက်ဖို့ ဘယ်သော အခါမှ မဟောကြားဖူးဘူးပေါ့နော်။ အခုခေတ်နောက်ပိုင်း ကတော့ ခေတ်စားကြတယ်ပေါ့နော်၊ ပရဟိတကျောင်း တည်ထောင်ကြတယ်၊ တကယ့် ကိုပဲ လက်တွေ့အကျိုးပြုနေတဲ့ ပရဟတိကျောင်းတွေ၊ တကယ့်ကိုပဲ လက်တွေ့ ကလေး တွေကို ပညာဆုံးခန်းထိတိုင်အောင် သင်ပေးနေတဲ့ ပရဟတိ ကျောင်းတွေလည်း အများကြီး ရှိတယ်။ အဲလိုကျောင်းတွေကိုကျတော့ ဦးပဉ္စင်းတို့ တကယ်ကို ကျေးဇူးတင် တယ်။ အဲလိုကျောင်းတွေကို ကျေးဇူးတင်သလို အခုမှ ပေါ်ပေါက်ပြီးတော့ အခုမှစပြီး တည်ထောင်တဲ့ ကျောင်းမျိုးတွေကျတော့လည်း ကလေးတွေကို အသုံးမချစေချင်ဘူး”

ကလေးတွေကို အသုံးချပြီး ခိုင်းစေနေတဲ့ ကျောင်းတွေကို သက်ဆိုင်ရာ သာသနာရေး ဌာနက စိစစ်ပြီး အရေးယူသင့်တယ်လို့ အရှင်တိက္ခဉာဏက မိန့်ပါတယ်။

နှိပ်စက်ညှဉ်းပန်းသူတွေကို ကလေးသူငယ် အခွင့်အရေးအရရော အပြင်းအထန် နာကျင် စေမှု၊ မတရားချုပ်နှောင်မှု ဥပဒေတွေနဲ့ပါ အရေးယူလို့ရတယ်လို့ တအာင်းဥပဒေ အကယ်ဒမီ က ကျောင်းအုပ်ဖြစ်သူ မိုင်းမျိုးအောင် က ပြောပါတယ်။

“ဥပဒေမှာက ဒါမျိုးလုပ်ဖို့ ခွင့်မပြုထားပါဘူး။ ဒါက ကင်းလွတ်ခွင့်လည်း ပေးလို့ မရပါဘူး။ ဒါအရေးယူခြင်းခံရမှာ ဖြစ်ပါတယ်။ အရေးယူမယ့် အပိုင်းကတော့ ဒါ ဘာသာရေးနဲ့ဆက်စပ်တဲ့ အခါကျတော့ ဘာသာရေးကို ခုတုံးလုပ်ပြီးတော့မှ ကလေးတွေကို စုဆောင်းတယ်၊ ညှဉ်းပန်းနှိပ်စက်တယ်။ ဒါတွေက သာသနာရေးဝန်ကြီး ဌာနက ထိရောက်စွာ အရေးယူဖို့လိုအပ်တယ်။ ပြီးတော့လည်း တရားဥပဒေ စိုးမိုးရေးကို အကောင်အထည်ဖော်နေတဲ့ ရဲတပ်ဖွဲ့၊ ပြီးတော့ သက်ဆိုင်ရာဌာနတွေကလည်း ဒါကို အမြန်ဆုံး စုံစမ်းစစ်ဆေးရေး လုပ်ပြီးတော့မှ အရေးယူဖို့လိုပါ လိမ့်မယ်ပေါ့နော်”

ဒီလိုအရေးယူနိုင်ဖို့အတွက် ကလေးမိဘတွေနဲ့ ကာယကံရှင်တွေကို သက်ဆိုင်ရာ အရပ်ဘက် အဖွဲ့စည်းတွေနဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ကူညီပေးသင့်တယ်လို့ မိုင်မျိုးအောင် က ပြောပါတယ်။ တအာင်းဥပေဒေ အထောက်ကူပြုအဖွဲ့ကလည်း ဥပေဒေရေးရာကိစ္စတွေကို ကူညီပေးသွားမယ်လို့ ဆိုပါတယ်။

ကလေးမိဘတွေကတော့ အမှုဖွင့်ရင် ရန်ကုန်အထိ မကြာခဏသွားလာရမှာမို့ ငွေကြေး မတတ်နိုင်ဘူးလို့ ပြောပါတယ်။

တအာင်းလူငယ်တွေနဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေကတော့ ဘာသာရေးကို ခုတုံး လုပ်ပြီး ကလေးတွေကို ညှဉ်းပန်းနှိပ်စက်တဲ့ အဲဒီလို ကျောင်းတိုက်မျိုးကို လူသိရှင်ကြား အမည်ပျက်စာရင်းသွင်းဖို့ တအာင်း အရပ်ဘက်အဖွဲ့တွေကို တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။