ကပ်ဘေးဒဏ်ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ အပစ်ရပ်ရေးတောင်းဆို


2020.08.28

ရခိုင်ပြည်နယ်ဟာဆိုရင် စစ်ဘေးဒဏ်အပြင် ကိုဗစ် 19 ကပ်ရောဂါဘေးကိုပါ တပြိုင်တည်း ရင်ဆိုင်နေရတာပါ။ ဒီလို ကပ်ဘေးသင့်ကာလမှာတောင် တစ်ပူပေါ် နှစ်ပူဆင့် ခံရတဲ့ ပြည်သူတွေအတွက် စစ်ရှိန် လျှော့မချနိုင်သေးတာ ဘာကြောင့်ပါလဲ။

အခုဆိုရင် မြို့တော်စစ်တွေအပါအဝင် ရခိုင်ပြည်နယ်မှာ ကိုဗစ် 19 ကပ်ရောဂါပိုး ကူးစက်ခံရသူတွေ စံချိန်ချိုး လောက်အောင် များလာနေပါတယ်။ လက်ရှိအချိန် မြန်မာတနိုင်ငံလုံးမှာ ဒီကပ်ဘေးဒဏ်ကို အဓိက ခံနေရတာ ရခိုင်ပြည်နယ်ပါ။ ဒါကြောင့်လည်း ညမထွက်ရအမိန့်အပြင် ပြည်နယ်တခုလုံးမှာ မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြ ဖို့ ညွှန်ကြားချက်တွေကို အစိုးရကိုယ်တိုင်က ထုတ်ပြန်ထားပါတယ်။ ဒီလို ကပ်ရောဂါဘေးဆိုးကြီးကို ကြုံနေရတဲ့အချိန်မျိုးမှာတောင် စစ်ရေးအရှိန်က လျော့ကျမသွားသေးပါဘူး။  

ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေးကို စက်တင်ဘာလကုန် အထိ နောက်ထပ် သက်တမ်းတိုးလိုက်ကြောင်း တပ်မတော်က ဒီတပတ်ထဲမှာပဲ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဒီအပစ်ရပ်ကြေညာချက်က အကြမ်းဖက်အဖွဲ့အစည်းတွေ လှုပ်ရှားတဲ့ဒေသတွေမှာတော့ သက်ရောက်မှု မရှိဘူး လို့ ဖော်ပြထားတာပါ။ ဆိုတော့ ရက္ခိုင့်တပ်တော် AA ကို အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ် ထားချိန်မှာ တပ်မတော်ရဲ့ကြေညာချက်အရ - အဓိက တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ် ပါဝင်မှာ မဟုတ်ပါဘူး။  

AA ဘက်ကလည်း တပ်မတော်ဘက်က ထိုးစစ်ဆင်နေတာတွေ ရပ်မှပဲ တိုက်ပွဲတွေရပ်ဖို့ ဖြစ်နိုင်လိမ့်မယ်လို့ တုံ့ပြန်ထားပါတယ်။

ရွှေစေတီဆရာတော် အရှင်အရိယဝံသ က...

“AA ရက္ခိုင့်တပ်တော်အနေနဲ့လည်း ကိုယ့်ရဲ့ယုံကြည်ချက်နဲ့ ရခိုင်ပြည်မှာအခြေစိုက်မယ်ဆိုတဲ့ သန္နိဌာန် ချမှတ်ထားတယ်။ မြန်မာ့တပ်မတော်အနေနဲ့ကလည်း အမြစ်ပြတ် ချေမှုန်းမယ်ဆိုပြီးတော့ ဖြစ်နေတဲ့အခါ ပြဒါးတလမ်း သံတလမ်း ဖြစ်နေတယ်။”

ရခိုင်ပြည်နယ်မှာ အခုလို ကပ်ရောဂါဘေးဆိုးကြီးကို ကြုံနေရချိန်မှာပဲ - သြဂုတ်လ ၂၇ ရက်နေ့က ကျောက်တော်မြို့ ရှမ်းရွာရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးကို AA နဲ့ ဆက်နွယ်ပြီး မသင်္ကာတဲ့အတွက် တပ်မတော်စစ်ကြောင်းက ပစ်သတ်မှုဖြစ်ပွားခဲ့ပါတယ်။  

လုံခြုံရေးအရ အမည်မဖော်လိုသူလူငယ်တဦးက ..

“ကျနော်တို့ဆီမှာ သံသယနဲ့ ဖမ်းဆီးခံရတယ်၊ နှိပ်စက်ခံရတယ်ဆိုတဲ့အခါ ကိုယ့်ဟာကိုယ် လုံခြုံမှု မရှိဘူးလို့ ခံစားလာရပြီးတော့ ရက္ခိုင့်တပ်တော် (AA) ဘက်ကို ဝင်ပြီးတော့မှ သူတို့ကို တော်လှန်ချင်တဲ့ စိတ်တွေ ပေါ်လာတယ်ပေါ့နော်။ အဲဒါကတော့ သူတို့ကိုယ်တိုင်က ပို့ပေးတဲ့ တွန်းအားပါပဲဗျ”


ပြီးခဲ့တဲ့ သီတင်းပတ်ကုန်တုန်းကလည်း လက်နက်ကြီးနဲ့ မိုင်းဒဏ်သင့်မှုတွေကြောင့် အနည်ဆုံး အရပ်သား ၁ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။

မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောကတော့ လူသားချင်းစာနာပြီး တိုက်ခိုက်တာ တွေ ရပ်ထားကြဖို့ တပ်မတော်နဲ့ AA နှစ်ဘက်စလုံးကို မေတ္တာရပ်ခံထားပါတယ်။

“ဒီအချိန်မှာ သူစလို့ ငါက ပစ်တယ် သူပစ်လို့ ငါက ပစ်တယ်ဆိုတာမျိုး လုပ်တယ်ဆိုရင်တော့ ကျနော်တို့ တိုင်းပြည်ရဲ့ အင်မတန်လည်း ရှက်ဖို့ ကောင်းပါတယ်နော်။ နှစ်ဘက်စလုံးပေါ့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာလည်း အများကြီး ထိခိုက်ပါတယ်။ လူတွေ ဒီလောက် ကျီးလန့်စာစားနဲ့ တကယ့် ဒီကပ်ကြီးက ဘယ်အချိန်ပြီးမှာလဲ မသိသေးဘူး။ ဒီကာလမျိုးမှာတော့ တကယ့်လူတွေကို တန်ဖိုးထားပြီး နှစ်ဘက်စလုံးက သေနတ်မဖောက် ကြေးဆိုတဲ့ ကတိကဝတ်လေးနဲ့ နေကြဖို့၊ အမြှောက်ကြီးတွေလည်း မပစ်ကြဖို့ ကျနော်တို့ မျှော်လင့်ပါတယ်ဗျာ”


အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရကကြေညာထားတဲ့ AA ကို မကြာခင်သေးခင်က ပြီးဆုံးသွားတဲ့ စတုတ္ထ အကြိမ် ပင်လုံညီလာခံကိုတက်ဖို့ မဖိတ်ကြားတဲ့အတွက် ကျန်တဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေလည်း တက် ရောက်လာတာမျိုး မရှိခဲ့ဘူး။ တချိန်တည်းမှာပဲ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတွေမှာ အဓိက တိုက်ပွဲဖြစ်နေ တဲ့ AA ကို ချန်လှပ်ထားတဲ့အပေါ် ကရင်အမျိုးသားအစည်းအရုံး (KNU) လို အစိုးရနဲ့ အပစ်ရပ်ထားပြီးသား အဖွဲ့အစည်းတွေကပါ မလိုလားတဲ့ သဘောထားတွေကို ပြောဆိုခဲ့ကြတာပါ။

ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးလမ်းစပေါ်ဖို့အတွက်ဆိုရင် နှစ်ဘက်စလုံးက ရပ်တည်ချက် သဘောထားတွေကို ပြောင်းလဲမှ ဖြစ်မယ်လို့ ရခိုင့်နိုင်ငံရေးလေ့လာသူ ဦးဝင်းအောင် က ပြောပါတယ်။

“ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ခိုက်နေတဲ့ AA အပေါ်မှာ အစိုးရအနေနဲ့ရော၊ တပ်ဘက်အနေနဲ့ရော အပြုသဘောနဲ့ ပြည်ထောင်စုကြီးတခုကို ဝိုင်းဝန်းတည်ဆောက်မယ်ဆိုတဲ့ အခြေခံမူတွေကိုကိုင်ပြီးတော့ ပြောဆိုရ မယ့်အစား အငြိုးကြီးပြီးတော့ တဖက်သတ် မဟာမိတ်တွေဆီကလည်း ဆွဲထုတ်တယ်။ အထီးကျန်အောင် လုပ်တယ်။”

မြန်မာအစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး ကတော့ ရခိုင်ပြည်နယ်မှာ ကပ်ရောဂါကြံုနေရချိန် AA အနေနဲ့ ချောင်းမြောင်း တိုက်ခိုက်တာ၊ အကြမ်းဖက်တာမျိုးတွေ မလုပ်ဖို့ ၂၁ ရာစု ပင်လုံညီလာခံ အဆုံးသတ်ချိန်မှာပဲ သတိပေးထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ..

“ဦးဇော်ဌေးပြောတဲ့ AA က အဲ့ဒါတွေ မလုပ်သင့်ဘူးဆိုရင် ကျနော်ကတော့ AA တင် ပြောရုံနဲ့ မလုံလောက်ဘူး။ တပ်မတော်ကိုလည်း ပြောရမှာပါပဲ။ AA ဖြစ်ဖြစ်၊ တပ်မတော်ဖြစ်ဖြစ်၊ ဘယ် လက်နက်ကိုင်အင်အားစု ကမှ ရခိုင်ပြည်နယ်မှာ ဒီလိုအခြေအနေတွေ ဆိုက်ရောက်နေတဲ့ကာလ ဘယ်သူမှ စစ်ရေးလှုပ်ရှားမှုတွေ မလုပ် သင့်ပါဘူး။ စစ်ရေးလှုပ်ရှားမှုတင် မဟုတ်ဘူး။ တဘက်က ကိုယ့်လူ သူ့လူ အပြန်အလှန် ဖမ်းဆီးတာတွေ၊ ပြန်ပေးဆွဲတာတွေ၊ အခွန်ကောက်တာတွေ စသည်အားဖြင့် အဲ့ဒီလှုပ်ရှားမှုအားလုံးကို နှစ်ဘက်လုံးက ရပ်ဆိုင်း သင့်တယ်လို့ ထင်ပါတယ်”


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရပ်စ် (Antonio Guterres) ကလည်း ကမ္ဘာ့ဘုံရန်သူဖြစ်တဲ့ ကိုဗစ် 19 ကပ်ဘေးအန္တရာယ်ကို ရင်ဆိုင်နိုင်အောင် - တိုက်ခိုက်မှုတွေအားလုံး ရပ်ဆိုင်းထားကြဖို့ မတ်လ ၂၃ ရက်နေ့က တိုက်တွန်းခဲ့ပါတယ်။ ဒီတိုက်တွန်းချက်ကို တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်တာတွေအားလုံး ရပ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း တပ်မတော်ရဲ့ ကြေညာချက်မှာ ပြောဆိုထားပေမဲ့ - တကယ်တိုက်ခိုက်မှုတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ် မပါဝင်တာကို တွေ့ရပါတယ်။

တချိန်တည်းမှာပဲ AA အပါအဝင် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ကလည်း တဖက်သတ်အပစ်ရပ်ကြေညာချက်ကို ဒီလကုန်အထိ သက်တမ်းတိုးထားပေမဲ့ တိုက်ခိုက်မှုတွေရှိလာရင်တော့ ခုခံစစ်အဖြစ် တုံ့ပြန်မယ်လို့ ပြောဆို ထားတာပါ။

တခါ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ငြိမ်းပြီး၊ ငြိမ်းချမ်းရေးရဖို့ ပင်လုံညီလာခံလို ဆွေးနွေးပွဲတွေကို အစိုးရက တက်တက်ကြွကြွနဲ့ ဦးဆောင်ကျင်းပနေပေမဲ့ - တကယ် အဓိက တိုက်နေတဲ့ AA အဖွဲ့ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်ဖို့ ချန်လှပ်ခဲ့တာဖြစ်ပါတယ်။

နှစ်ဘက်စလုံးက စစ်မှန်တဲ့ အပစ်ခတ်ရပ်စဲရေး မလုပ်သ၍၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ AA မပါနိုင်သေးသ၍ကတော့ - စစ်ဘေးဒဏ်ရော၊ ကပ်ဘေးဒဏ်ပါ ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်မှာ သေနတ်သံတွေစဲသွားဖို့က အလှမ်းဝေးနေနိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။