ရသေ့တောင်မှာ မုန်တိုင်းသင့် စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော် အခက်အခဲကြုံနေ
2023.06.02

မုန်တိုင်းအပြီးကျန်ခဲ့တဲ့ အပျက်အစီးတွေကြားက သစ်တို၊ ဝါးစအဟောင်းတွေစုပြီး မိသားစုအတွက် တဲတစ်လုံးဆောက်ဖို့ ကြိုးစားနေတဲ့သူက စေတီတောင်အရှေ့ စစ်ဘေးဒုက္ခစခန်းမှာနေတဲ့ အသက် ၄၃ နှစ်အရွယ် ဒေါ်ဦးနုရီ ဖြစ်ပါတယ်။
သူ့မှာ အသက် ၄ နှစ်ကနေ ၂၀ ကြား သားသမီး သုံးယောက်ရှိပြီး မုန်တိုင်းတိုက်အပြီး ၁၀ ရက်ကျော်တဲ့အထိ တဲတစ်လုံးရဖို့ ခက်ခက်ခဲခဲနဲ့ ရုန်းကန်နေဆဲပါ။
“ အကူအညီက တစ်ခုမှမရောက်သေးပါဘူး။ အခုက ကိုယ့်မှာရှိတဲ့ အစုတ်တွေနဲ့ ဖာထေးပြီး လုပ်နေရတာပါ။ မိုးကလည်း ရွာနေတော့လေ။ တစ်ရက်မှာ နေခင်းမရွာဘူးဆိုရင် ညပိုင်း မိုးရွာပါတယ်။ ဒီတော့ အကူအညီတွေလည်း မရောက်သေးတော့ ကိုယ့်ဘာသာ ရှိတာနဲ့ ဆောက်နေကြရတာပေါ့။ မိုးရွာရင်တော့ ဟိုဘက်က မိုးရွာရင် ဒီဘက်ရွှေ့ပြီးနေကြရတာပေါ့။ ဒီလိုပဲ လုပ်ရတာပေါ့။ မိုးက ဘယ်လိုမှ မလုံဘူးလေ။ အပေါက်တွေနဲ့လေ။ ဒီတော့ နေစရာမရှိတော့ ထီးရှိတဲ့သူတွေမှာကျတော့ ထီး တစ်ချောင်းနဲ့ မိသားစုလိုက် ကုပ်ကုပ်ကပ်ကပ်နဲ့ မိုးခိုနေကြရပါတယ်”
အဲဒီဒုက္ခသည်စခန်းမှာ အိမ်ခြေ ၂၀၉ လုံးရှိပြီး လူဦးရေကတော့ ၈၆၃ ယောက် နေကြပါတယ်။
သူတို့ဟာ စစ်ဘေးဒုက္ခသည်တွေ ဖြစ်ခဲ့ရတဲ့အပြင် လေမုန်တိုင်းဒုက္ခသည်ဘဝပါ ရောက်ရလို့ စားဝတ်နေရေး ပိုခက်ခဲနေပါပြီ။ ရှိတဲ့ဆန်နဲ့ စားနပ်ရိက္ခာတွေလည်း မုန်တိုင်းကြောင့် ပျက်စီးသွားလို့ နည်းနည်းပါးပါး ကျန်တဲ့သူတွေဆီက ချေးငှားပြီး စားသောက်နေကြရတယ်လို့ သူကပြောပါတယ်။
လက်ရှိ ရသေ့တောင်မြို့ပေါ်မှာ စေတီတောင်အရှေ့၊ စေတီတောင်အနောက်၊ ပြားချောင်းကြီး၊ ရွှေကျင်ကျောင်း၊ ပြည်လုံးချမ်းသာဗိမ္မာန်၊ ဂူတာပြင်၊ မြို့ဦးကျောင်း၊ ကိန်းသာကျောင်း၊ ပုပ္ပါရုံကျောင်း၊ ဓမ္မာရုံကျောင်း၊ အလိုတော်ပြည့်၊ ရွှေပါရမီကျောင်းစတဲ့ စစ်ဘေးဒုက္ခသည်စခန်း ၂၈ နေရာရှိပြီး အိမ်ခြေပေါင်းလေးထောင်နီးပါး (၃၉၄၁) ရှိနေပါတယ်။ လူဦးရေကတော့ နှစ်သောင်းကျော် (၂၀၈၇၂ ဦး) ရှိပါတယ်။
"အခုတော့ ကိုယ်ထူ ကိုယ်ထစနစ်နဲ့ ဆောက်နေကြပါတယ်။ အခြေအနေက မဆောက်တဲ့သူ မဆောက်ရသေးဘူး။"
သူတို့ဟာ ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ၂၀၁၉ ခုနှစ်က ထွက်ပြေးရပြီး ရသေ့တောင်မြို့ပေါ်ကိုရောက်လာခဲ့တာပါ။
ရသေ့တောင်မြို့နယ် မြောက်ပိုင်းက ရွာသစ်ကယ်၊ သောင်းဒရာ၊ ထီးစွဲ၊ အောင်သာဇေ၊ ငတောက်တူ ချေ၊ကျောက်တန်း၊ ဆောက်ခတ်၊ အောင်မြေကုန်း၊ ဗောဓိကုန်း၊ ရေမျက်၊ ညောင်ပင်လှ၊ ပြိန်းတော၊ ကုလားချောင်း၊ မညှင်းတောင်၊ အမျက်တောင်၊ ရေစိုးချောင်း၊ ကျောက်ရံ၊ မောင်ဖြူရွာ၊ ရေပုတ်၊ ကုန်တန်း၊ သမီးလှရွာဟောင်း၊ သမီးလှရွာသစ်၊ အုတ်ဖို၊ ဇေယျာမြိုင်၊ အုန်းချောင်း စတဲ့ကျေး ရွာ ၂၅ ရွာက ဖြစ်ကြပါတယ်။
လက်ရှိမှာ ပျက်စီးသွားတဲ့အိမ်တွေကို ကိုယ်ထူကိုယ်ထ ပြင်နေကြပေမယ့်လည်း သစ်၊ ဝါး၊ တာပေါ်လင်စ၊ သွပ်နဲ့ သံတွေကို ပုံမှန်ထက်ဈေးကြီးနေလို့ အခက်အခဲရှိနေတယ်လို့ ဒုက္ခသည်တွေရော၊ စခန်းတာဝန်ခံ ဦးစိုးဝင်းချေကပါ RFA ကို ပြောပါတယ်။
“ မုန်တိုင်းတိုက်ခတ်သွားတဲ့ ဒီအခြေအနေနဲ့ ရှေ့ဆက်ဖို့ဆိုရင်မလွယ်ဘူး။ ဒီမှာရှိတဲ့ အိမ်ခြေ ၂၀၉ လုံးစလုံး အကုန်လုံးပျက်သွားပြီလေ။ အခုတော့ ကိုယ်ထူ ကိုယ်ထစနစ်နဲ့ ဆောက်နေကြပါတယ်။ အခြေအနေက မဆောက်တဲ့သူ မဆောက်ရသေးဘူး။ ကျွန်တော်မှာလည်း အိမ်ပြန်ဆောက်ဖို့ လုံးဝ မရသေးဘူး။ ဒီဟာက ကျွန်တော်အိမ်ပါ။ တိုင်လည်းမရှိ၊ ဝါးလည်းမရှိ၊ အမိုးလည်းမရှိပါဘူး။ ဆောက်ဖို့ ပစ္စည်းဘာမှမရှိလို့ မဆောက်ရသေးပါဘူး ”
စစ်ကောင်စီကတော့ မုန်တိုင်းတိုက်ပြီး နောက်တစ်ရက် မေလ ၁၅ ရက်မှာ လူတစ်ဦးကို ကြက်ဥ တစ်လုံးနဲ့ ထမင်းတစ်ထုပ်ဝေပေးတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က စစ်ဘေးဒုက္ခသည်တွေကို တစ်လတစ်ခါ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ လက်ဖက်ခြောက်နဲ့ တစ်ကိုယ်ရေသုံး သန့်ရှင်းရေး ပစ္စည်းတွေကို သုံးသုတ်ခွဲပြီး ကူညီထောက်ပံ့တာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ မုန်တိုင်းမတိုင်ခင် ပထမဆုံးရထားတဲ့ဆန်တွေက ရေငန်တွေကြောင့် ပျက်စီးသွားလို့ ကျန်တဲ့ဆန်တွေကိုပဲ မျှဝေစားနေကြရတယ်လို့ သူတို့က ပြောပါတယ်။
အသက် ၁၅ နှစ်နဲ့ အသက် ၈ နှစ်အရွယ်သားသမီးနှစ်ဦးအပြင် အသက် ၇၀ ကျော် အမေကိုပါ ကျွေးမွေးစောင့်ရှောက်နေရတဲ့ အသက် ၄၀ အရွယ် မခင်မာချိုကတော့ သူတို့နေဖို့တဲကို ကြိုးစား ဆောက်လုပ်ပြီးသွားပေမယ့် စားဖို့အတွက် ချေးငှားပြီး ချွေတာ စားသောက်နေရတယ်လို့ ဆိုပါတယ်။
“ တချို့ဆိုရင် ဟိုဘက်မှာနေကြတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အနေအထား။ ကျွန်မတို့ဆီကို ဒုက္ခရောက်ပြီး ပြေးလာကြတာပေါ့။ ကလေးတွေဆို ငိုကြ ဟစ်ကြနဲ့။ ကူညီရေးသမားတွေကူပေးလို့သာ ကျွန်မတို့ဆီရောက်လာလို့ နည်းနည်း လုံခြုံသွားတာ။ ဒုက္ခတွေကတော့ အမျိုးမျိုးခံရတယ်။ အခုလည်း စားစရာမရှိ၊ သောက်စရာမရှိနဲ့။ ထမင်းလည်း ငတ်ကြရတယ်။ ချက်ပြုတ်ဖို့လည်း မလွယ်ဘူးလေ။ ဘာမှ မှမရှိတာကို။ တချို့ ထောက်ပံ့တာတွေကလည်း ချက်လို့မရဖြစ်ကုန်တယ်။”
ရသေ့တောင်မြို့မှာ ပုံမှန်ကာလမှာတောင် ရေရှားတတ်တဲ့အတွက် မုန်တိုင်းအပြီးမှာတော့ ပိုပြီး ဆိုးဆိုးရွားရွား ရေရှားနေပါတယ်။ ရေကန်ကြီး ၁၂ ကန်ရှိပေမယ့် ၁၁ ကန်က ခမ်းခြောက်ကုန်တဲ့အပြင် ရေငန်ဝင်သွားလို့ လက်ရှိမှာ ပြည်တော်သာကန်တစ်ကန်ပဲ သောက်ရေ အဖြစ်သုံးလို့ရပါတော့တယ်။
ရသေ့တောင်မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်မှာနေတဲ့လူဦးရေ သုံးသောင်းခွဲကျော်အပြင် ဒုက္ခသည်စခန်း ၂၈ ခုက လူပေါင်း နှစ်သောင်းကျော်၊ စုစုပေါင်း လူဦးရေ ငါးသောင်းခွဲကျော်ရှိပါတယ်။ အဲဒီလူတွေက ပြည်တော်သာကန်တစ်ကန်ကိုပဲ သောက်ရေအတွက် မှီခိုနေကြရတဲ့ အနေအထားပါ။
ဒါကြောင့် ကန်ရေကို ခပ်ချင်တိုင်းခပ်ခွင့်မရှိဘဲ ညနေ ၅ နာရီကနေ ၆ နာရီထိ တစ်နာရီပဲ ခပ်ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ ဒီကန်လည်း ရေခမ်းစပြုလာပြီး ဗွက်ရေနီးပါး ဖြစ်နေတယ်လို့ မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ ဦးရန်ပိုင်စိုး က RFA ကိုပြောပါတယ်။
“ ကန်တော်ကြီးမှာလည်း ရေမရှိတော့ဘူး။ ဒီကန်တစ်ခုတည်းကိုပဲ တစ်မြို့နီးပါး မျှပြီးတော့မှ သောက်နေရတဲ့ဟာဆိုတော့ ဘယ်လိုမှကို အဆင်မပြေဘူး။ အခုက အဲဒီရေကန်ကလည်း မုန်တိုင်းတိုက်လိုက်တော့ ရွှံ့ဗွက်ရေတွေ ဖြစ်သွားပြီ။ အဲဒီ ရွှံ့ဗွက်ရေကိုပဲ ပြန်ပြီးတော့ သုံးနေရတာ။ အဲဒီ ရွှံ့ဗွက်ရေတောင်မှ လောက်လောက်ငှငှ သုံးရတာမဟုတ်ဘူး။”
လက်ရှိမှာ မသန်စွမ်းစစ်ဘေးဒုက္ခသည်တွေအတွက် အိမ်သာ အလုံး ၂၀ ဆောက်ပေးဖို့ လုပ်နေတယ်လို့ ဦးရန်ပိုင်စိုးက ပြောပါတယ်။ ရသေ့တောင်မြို့ပေါ်က ရပ်ကွက် လေးရပ်ကွက်၊ ရွာ ၂၁ ရွာနဲ့ ဒုက္ခသည်စခန်း ၂၈ ခုမှာ မသန်စွမ်းဦးရေ ၄၅၀ လောက်ရှိနေတယ်လို့ မသန်စွမ်းသူများအသင်းက ကောက်ထားတဲ့စာရင်းအရ သိရပါတယ်။
မုန်တိုင်းကြောင့် အိမ်သာတွေအားလုံး ပျက်စီးသွားတာကလည်း စစ်ဘေးဒုက္ခသည်တွေအတွက် အဓိက စိန်ခေါ်မှု တစ်ခုဖြစ်နေပါတယ်။
“ အားလုံးအထုပ် ထုပ်ထားကြရတယ်။ ဟိုဘက်ကိုသွားတဲ့ အဲက မိသားစုတွေက ဒီဘက်ကို လုံးဝ လာမစွန့်နဲ့ တားတယ်။ ဒီဘက်ကိုသွားတော့လည်း အဲဘက်မှာ ရဲသားအစောင့်တွေ ရှိတယ်။ ရဲတွေက လေးခွနဲ့ပစ်ဖို့လုပ်တယ်။ အဲတော့ ကြောက်တော့ မသွားဖြစ်တော့ဘူး။ ကျွန်မတို့မှာ ကိုယ့်အိမ်မှာ ကိုယ် ထုပ်ထားရတယ်။ သေတာထက်မထူးတော့ဘူး။ အားလုံးထုပ်ထားကြတယ်အိမ်တွေမှာ။ အဲတော့ နံစော်နေတာပေါ့။ ”
ဒီလူနှစ်သောင်းကျော်ဟာ နေရပ်ပြန်ဖို့လည်း မဖြစ်နိုင်သေးပါဘူး။ စစ်ကောင်စီ တပ်စွဲထားတဲ့ ရွာတွေ ရှိနေသလို ရွာအတော်များများမှာ မြေမြှုပ်မိုင်းအန္တရာယ် ရှိနေတဲ့အတွက်ကြောင့် ပြန်လို့မဖြစ်သေးဘူးလို့ စခန်းထဲက ဦးမောင်ဦးဖြူက ပြောပါတယ်။
“ ကျွန်တော်တို့က ငတောက်တူချေရွာက။ ရွာကို ဘာဖြစ်လို့မပြန်သလဲဆိုရင် မပြန်ရဲလို့ မပြန်တာပါ။ မိုင်းကွဲသွားလို့ လူတစ်ယောက်သေသွားတယ်။ အဲဒီလို မိုင်းပေါက်လို့ မသွားဝံ့တာပါ။ ရွာအနီးအနားမှာ မိုင်းတွေရှိတယ်။ လယ်လည်းမလုပ်ရဘူး။ ”
မုန်တိုင်းမိခဲ့တဲ့နေရာတွေမှာ ရေကြီးရေလျှံသွားလို့ မြေမြှုပ်မိုင်းတွေရွေ့တဲ့အတွက် အန္တရာယ်ရှိနေတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့လခြမ်းနီအဖွဲ့ချုပ် IFRC က မေလ ၂၆ ရက်က ထောက်ပြထားပါတယ်။
ဒါကြောင့် နိုင်ငံတကာနဲ့ ပြည်တွင်းအကူအညီတွေ အမြန်ဆုံး လိုအပ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ စခန်းမှာနေတဲ့ ဒေါ်မမအေးကတော့ ရူးမတတ်ခံစားရတယ်လို့ ပြောပါတယ်။
“ တစ်ခါတလေကျတော့လည်း ရူးသွားမလို ခံစားရတယ်။ ဟိုမှာလည်းအဆင်မပြေ၊ ဒီမှာလည်း အဆင်မပြေနဲ့။ မိသားစုတွေနဲ့လည်း ခွဲခွာပြီးနေရတယ်။ ညီအမခုနစ်ယောက်မှာ ဒီမှာ တစ်ယောက်တည်းလေ။ တွေ့လည်းမတွေ့ရဘူး။ စိတ်ထဲမှာ စဉ်းစားရင်းစဉ်းစားရင်းနဲ့ နောက်ဆုံးမှာ ဖြေလိုက်ပါတယ်။ ငါတစ်ယောက်တည်း ဖြစ်နေတာမှမဟုတ်တာ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ဖြစ်နေတာပဲလို့ ကိုယ့်စိတ်ကိုယ်ဖြေတာပေါ့။ ”
ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းကြောင့် ပြည်သူတစ်သန်းကျော် ထိခိုက်ခဲ့ကြရပြီး ပြန်လည်ထူထောင်ရေးအတွက် ပြည်တွင်းပြည်ပက အကူအညီတွေပေးနိုင်အောင် စစ်ကောင်စီက ကန့်သတ်ချက်တွေ လျှော့ပေးဖို့ ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက မေလ ၂၉ ရက်နေ့က တောင်းဆိုထားပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC အပြင် နိုင်ငံတကာ လူမှုအဖွဲ့တချို့က မုန်တိုင်းသင့်ပြည်သူတွေကို ပံ့ပိုးကူညီနေတာရှိပေမယ့် ဒီနေ့အထိ ဘာအကူအညီမှ မရသေးတဲ့သူတွေလည်း အများအပြားရှိနေသေးတယ်လို့လည်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။