ကျောင်းတက်ရင်း ကျူဖျာကူရက်တဲ့ အင်းလေးသူ မပုန်းညက်ဖြူ
2024.06.19

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးကန်မှာ အလေ့ကျပေါက်တဲ့ ကျူပင်အရိုင်းတွေကို ဖျာရက်ပြီးရောင်းတဲ့အလုပ်ကို အင်းလေးဒေသ စည်သာရွာက လူအများစုလုပ်ကြပါတယ်။
အဲဒီရွာက မပုန်းညက်ဖြူဆိုတဲ့ အသက် ၁၁ နှစ်အရွယ် မိန်းကလေးက မိသားစုအတွက် ချက်ရေးပြုတ်ရေးကူညီသလို မိဘတွေရဲ့ ကျူဖျာရက်တဲ့အလုပ်ကိုလည်း ကူလုပ်ပေးပါတယ်။
“တစ်ရက်နှစ်ရက်လောက် အခြောက်လှန်းရတယ်ရှင့်။ ပြီးရင် ဓားနဲ့ခွဲပြီး သစ်သားတင်းပုတ်နဲ့ ထုရတယ်ရှင်။ ပြီးမှ ရက်ရတာရှင့်”
ခုတ်လာတဲ့ ကျူရိုးတံတွေကို နေပူလှန်း၊ ဓားနဲ့ခွဲပြီး ပြားချပ်အောင် သစ်သားတင်းပုတ်နဲ့ ထုရပါတယ်။ ပြီးမှဖျာဖြစ်အောင် ရက်ကြရတာပါ။
“သမီးပညာတတ်ကြီး ဖြစ်ချင်တယ်ရှင့်။ သမီး အိမ်က မိုးရွာရင် မိုးယိုလို့ အဖေတို့၊ အမေတို့အတွက် သမီး အိမ်ဆောက်ပေးချင်တယ်ရှင့်"
အခုလို ကျူဖျာရက်တဲ့အလုပ်ကို မပုန်းညက်ဖြူက အသက် ခုနစ်နှစ်၊ ရှစ်နှစ်ကတည်းက မိဘကို ဝိုင်းကူခဲ့တာလို့ အိမ်နီးချင်း မသန်းဝင်းက ပြောပါတယ်။
“ပုန်းညက်ဖြူက သူ့အဖေ သူ့အမေနဲ့ ဖျာလုပ်ကူတယ်။ အိမ်မှုကိစ္စဆိုလည်း အကုန်လုပ်ကူတယ်။ ကျောင်းပိတ်တယ်ဆိုလည်း သူ့အဖေတို့၊ အမေတို့ ဖျာရောင်းသွားရင်လည်း သွားလိုက်ကူတယ်။ သမီး လိမ္မာလေးပေါ့။ သူက ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ကတည်းက ကျူဖျာလုပ်တတ်တယ်”
ဒီနှစ်မှာတော့ မပုန်းညက်ဖြူ ငါးတန်းတက်နေပါတယ်။
ကျောင်းချိန်ပြီးရင် ကလေးသဘာဝဆော့နေပေမဲ့လည်း မပုန်းညက်ဖြူတစ်ယောက် မိသားစုတစ်ပိုင်တစ်နိုင် မွေးထားတဲ့ဝက်တွေကို အစာကျွေးတာ၊ အဝတ်လျှော်တာ၊ အစ်မရဲ့သားလေးကို ထိန်းပေးတာအပြင် မိသားစုဝမ်းရေးအလုပ်ကိုလည်း ဝိုင်းလုပ်တာ တွေ့ရပါတယ်။
မိသားစုတွေရက်ထားတဲ့ ကျူဖျာတွေကို ရွာထဲက ငါးရက်တစ်စျေးမှာရော၊ သူတို့ရွာနဲ့ မလှမ်းမကမ်းက ခေါင်တိုင်စျေးမှာပါ သူ့မိဘတွေက စက်လှေနဲ့ သွားပြီးရောင်းရပါတယ်။
“မနက်ဆို သုံးနာရီလောက်ထ။ ကျောင်းသွားမဲ့ကလေးရှိတော့ ထမင်းဟင်းချက်ပြင်ရတယ်။ ပြီးတော့ အိမ်ကနေ မနက်ငါးနာရီလောက် စက်လှေနဲ့ထွက်လာပြီး ငါးနာရီခွဲလောက် ဒီစျေးကိုရောက်တယ်။ ပစ္စည်းတွေချပြီး ခြောက်နာရီလောက် စရောင်းရတယ်။ ဒီခေါင်တိုင်စျေးလည်း မနက် ကိုးနာရီလောက်ဆို လူမရှိတော့ဘူးလေ။ အဲဒါကြောင့် ခြောက်နာရီလောက် ရောင်းရတာ။ တစ်စျေး တစ်စျေးလည်း ကျူဖျာရောင်းရတာ မကုန်ဘူး။ မကုန်တော့လည်း ယူပြန်သွားရတာ။ ပြီးတော့ ၈၀၀၀ တန်လည်း ၅၀၀၀ နဲ့ လျှော့ရောင်းပြီး ပြန်ရတာ၊ တချို့စျေးနေ့တွေလည်း စျေးဦးမပေါက်လို့ အကုန်လုံး ယူပြန်သွားရတာ”
အခုလို စျေးနေ့တချို့မှာ ကျောင်းပိတ်ရက်နဲ့ကြုံရင် မပုန်းညက်ဖြူက စျေးကိုလိုက်ပြီး ကူရောင်းပေးလေ့ရှိပါတယ်။ စျေးရောင်းကောင်းတဲ့နေ့တွေဆို အိမ်ကို စောစောပြန်ရပြီး ရောင်းမကုန်တဲ့နေ့တွေဆို အကြွေးနဲ့ရောင်းခဲ့တာလည်းရှိပါတယ်။
“ကျောင်းပိတ်ရက်တွေ သမီးဈေးရောင်းလိုက်ပြီး အဖေနဲ့ အမေတို့ကို သမီး ဈေးရောင်းကူတယ်ရှင့်။ ဈေးကတော့ မရောင်းကောင်းဘူးရှင့်။ မရောင်းကောင်းရင် သမီးတို့က အကြွေးပေးခဲ့ရတယ်ရှင့်။ ရောင်းကောင်းရင်တော့ စောစော အိမ်ပြန်ရတယ်ရှင့်။ အိမ်အပြန်လမ်း အင်းလယ်ခေါင်မှာ ဝက်စာခူးပြီး ပြန်ရတာရှင့်”
အင်းလေးကန်ဟာ တစ်ချိန်က ပြည်တွင်းပြည်ပခရီးသည်တွေကြားမှာ လည်ပတ်စရာကောင်းတဲ့နေရာအဖြစ် ရေပန်းစားပြီး ကမ္ဘာကျော်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။
ဒါပေမဲ့လည်း လက်ရှိအချိန်မှာ တိုင်းပြည်ရဲ့အခြေအနေကြောင့် အင်းလေးကို ဧည့်သည်မလာတော့သလောက်ဖြစ်နေသလို ဒေသခံတိုင်းရင်းသားတွေရဲ့ ကလေးတွေကတော့ မိသားစုဝမ်းရေးအတွက် တစ်ဖက်တစ်လမ်းက ကူညီနေကြရတာပါ။
တစ်ချိန်မှာတော့ ပညာတတ်တစ်ဦးဖြစ်ချင်တယ်လို့ မပုန်းညက်ဖြူက ပြောပြပါတယ်။
“သမီး ပညာတတ်ကြီးဖြစ်ချင်တယ်ရှင့်။ သမီး အိမ်က မိုးရွာရင် မိုးယိုလို့ အဖေတို့၊ အမေတို့အတွက် သမီး အိမ်ဆောက်ပေးချင်တယ်ရှင့်”