မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဖြတ်စခန်းတွေ အကူအညီ လိုအပ်နေ
2021.01.22
မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ မော်လမြိုင်ခရိုင်၊ သထုံခရိုင်၊ ထားဝယ်ခရိုင်ဌာနချုပ် အသီးသီးမှာ မူးယစ်ဆေးဖြတ်ဖို့ ရောက်လာသူတွေ နဲ့ မူးယစ်ဆေးမှုနဲ့ ဖမ်းဆီးခံထားရသူ များလာတာကြောင့် ဆေးဝါးတွေ လိုအပ်နေပြီး စားနပ်ရိက္ခာနဲ့ နေစရာလည်း အခက်အခဲရှိနေပါတယ်။ လိုအပ်တဲ့ ဆေးဝါးအကူအညီ အထောက်အပံ့တွေရဖို့ ပြည်နယ်အစိုးရကို မွန်ပြည်သစ်ပါတီက အကူအညီတောင်းထားပြီး ရိက္ခာတချို့ကိုတော့ အရပ်ဘက်အဖွဲ့တွေက ကူညီထောက်ပံ့ပေးနေပါတယ်။
မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ မော်လမြိုင်ခရိုင်၊ သထုံခရိုင်နဲ့ ထားဝယ်ခရိုင်ဌာနချုပ်အသီးသီးက မူးယစ်ဆေးဖြတ်စခန်းတွေမှာ မူးယစ်ဆေးဖြတ်ဖို့ ရောက်လာသူတွေနဲ့ မူးယစ်ဆေးဝါးရောင်းချမှုကြောင့် ဖမ်းဆီးခံထားရသူတွေ စုစုပေါင်း ၂၀၀ ကျော် ရှိနေပါတယ်။
မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ဒေသတွေမှာ မူးယစ်ဆေး ရောင်းဝယ်ဖြန့်ဖြူးသုံးစွဲသူတွေ များလာတယ်လို့ မွန်ပြည်သစ်ပါတီ သထုံခရိုင် ဥက္ကဋ္ဌ နိုင်ဧက က ပြောပါတယ်။
မူးယစ်ဆေးသုံးသူတွေကို မိဘအုပ်ထိန်းသူကိုယ်တိုင် အပ်နှံတာတွေရှိသလို မူးယစ်ဆေးရောင်းလို့ ဖမ်းဆီးထားသူတွေပါ များလာတာကြောင့် နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေတာလို့ နိုင်ဧက က ပြောပါတယ်။
“ကျွန်တော်တို့ဒေသက တအားကို များလာတယ်။ ဖြန့်ဝေတဲ့သူရော၊ သုံးစွဲတဲ့သူတွေရော တော်တော်လေး များလာတယ်။ တော်တော်လေးများလာတော့ ကျွန်တော်တို့လည်း ဒီဖမ်းဆီးအရေးယူတဲ့အပိုင်းရော နောက်ပြီးတော့ သုံးစွဲများလာတဲ့အခါကျတော့ လူငယ်တွေ သုံးစွဲလွန်တော့ မိဘတွေ မထိန်းနိုင်တော့ မိဘတွေ လာအပ်ကြတယ်။ သုံးစွဲတဲ့လူငယ်တွေများတော့ မိဘတွေ လာအပ်တာများတော့ ကျွန်တော်တို့ဆီမှာ လူဦးရေက ပိုများလာတယ်။ အဲဒီမှာတော့ နေထိုင်တဲ့နေရာရော၊ အစားအသောက်အပိုင်းရော အခက်အခဲဖြစ်သွားတယ်”
သထုံခရိုင်မှာဆိုရင် မိဘအုပ်ထိန်းသူ ကိုယ်တိုင် လာရောက်အပ်နှံတဲ့ မူးယစ်ဆေးလာဖြတ်သူ လစဉ်ပုံမှန်အားဖြင့် ၅၀ ဦး ဝန်းကျင်ရှိပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ မူးယစ်ဆေး လက်လီ ရောင်းချသူတွေလည်း ရှိနေပါတယ်။ အဲဒီအထဲမှာ အမျိုးသမီးတွေလည်းပါနေတာကြောင့် သီးသန့်ထားဖို့ နေရာမလုံလောက်တဲ့ အခက်အခဲတွေ့နေပါတယ်။ မူးယစ်ဆေးဖြတ်သူတစ်ယောက်ဟာ အနည်းဆုံး ၄ လကနေ ၁ နှစ် ဝန်းကျင်အထိ ဆေးဖြတ်စခန်းတွေမှာ နေကြရပါတယ်။
အလားတူ မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်နဲ့ ထားဝယ်ခရိုင်တွေမှာလည်း မူးယစ်ဆေးစွဲနေတဲ့ လူငယ်တွေကို မိဘအုပ်ထိန်းသူတွေကိုယ်တိုင် လာရောက်အပ်နှံတာတွေရှိနေပါတယ်။ ဒါကြောင့် မော်လမြိုင်ခရိုင်နဲ့ ထားဝယ်ခရိုင်တွေမှာလည်း စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အခက်အခဲ ရှိနေတယ်လို့ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် အတွင်းရေးမှူး နိုင်ခင်အေးက ပြောပါတယ်။
“စားရေးသောက်ရေးအတွက် ကျွန်တော်တို့ ထားဝယ်ခရိုင်မှာက အခက်အခဲရှိတယ်။ သူတို့စားသောက်ဖို့ အတွက် မိဘတွေလာအပ်ရင် ဆန်တစ်အိတ်နဲ့ ငွေတစ်သောင်းကျပ်ပေးရမယ်။ ဆေးဝါးအတွက်ကတော့ ကျွန်တော်တို့မှာ အခက်အခဲရှိတယ်။ ဒီကိစ္စက ကျွန်တော်တို့က အစိုးရအဖွဲ့လည်း မဟုတ်တော့ အစိုးရအဖွဲ့ကို အကူအညီတောင်းမှ အဆင်ပြေနိုင်မယ်”
မွန်ပြည်သစ်ပါတီက ဖွင့်လှစ်ထားတဲ့ မူးယစ်ဆေးစွဲသူတွေ ကုသရေးနဲ့ ပြန်လည်ထူထောင်ရေးစခန်းတွေမှာ လိုအပ်နေတဲ့ဆေးဝါးတွေကို ကူညီထောက်ပံ့ပေးဖို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ကို တင်ပြထားတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။
မူးယစ်ဆေးစွဲသူတွေ ကုသရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို မွန်တိုင်းရင်းသား အရပ်ဘက်အဖွဲ့ တချို့ဆီက ကူညီထောက်ပံ့ပေးတာတွေလည်းရှိပါတယ်။ လတ်တလော လိုအပ်နေတဲ့အကူအညီတွေကို ပေးနိုင်ဖို့ကြိုးစားနေတဲ့ထဲမှာ မွန်ဒေါက်တာအဖွဲ့လည်း ပါဝင်ပါတယ်။
မွန်ဒေါက်တာအဖွဲ့ဝင်လည်းဖြစ် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာမင်းစိုးလင်းက ရေရှည်ကူညီနိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
“ကျွန်တော်ထင်တာ အခက်အခဲမရှိဘူးပေါ့။ အခုချိန်က ငွေရေးကြေးရေး အခက်အခဲဖြစ်နေကြတဲ့ အချိန်ဆိုတော့ ခရိုင်သုံးခုလုံးမှာ လူဦးရေ ၂၀၀ ကျော်တယ်။ ငွေရေးကြေးရေးအတွက် အခက်ခဲရှိတော့ တာဝန်ဆက်ယူဖို့က အခက်အခဲရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ မကူညီရင် မရတော့ဘူးလို့မြင်တော့ ကျွန်တော်တို့ ထောက်ပံ့သလို စိတ်တူကိုယ်တူ များများပေါ်လာဖို့ ကျွန်တော်တို့ ဆက်ပြီး စုစည်းသွားမယ်။ စုစည်းပြီးတော့ ရေရှည်အတွက် ကူညီနိုင်အောင်တော့ အကောင်အထည်ဖော်သွားမယ်”
မူးယစ်ဆေး လာဖြတ်သူတွေနဲ့ မူးယစ်ဆေးဝါး အမှုအခင်းနဲ့ ဖမ်းဆီးထားသူတွေကို စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုကျင့်ဝတ်ပိုင်းဆိုင်ရာ ပြုပြင်ရေး အစီအစဉ်တွေကို မွန်ပြည်သစ်ပါတီ တရားရေးဌာနက နှစ်ပတ်တစ်ကြိမ် နှစ်သိမ့်ဆွေးနွေးပေးနေပါတယ်။
ရေးမြို့နယ် ဝယ်ဇင်ရွာအနီးမှာလည်း မူးယစ်ဆေးစွဲသူတွေ ကုသရေးနဲ့ ပြန်လည်ထူထောင်ရေးစခန်း နောက်ထပ်တစ်ခုကို မွန်ပြည်သစ်ပါတီက တည်ဆောက်ထားပေမယ့် ကပ်ဘေးကာလဖြစ်နေတာကြောင့် မဖွင့်လှစ်နိုင်သေးပါဘူး။
မွန်ပြည်သစ်ပါတီဟာ တစ်နိုင်ငံလုံးအတိုင်းအတာအရ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးပြီးနောက်ပိုင်းမှာ မူးယစ်ဆေးဖြတ်စခန်းကို ၂၀၁၉ နှစ်ဆန်းပိုင်းက စတင် အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။
မူးယစ်ဆေးဖြတ်ပေးခဲ့သူ အရေအတွက်ကို မေးမြန်းရာမှာတော့ အဝင်၊ အထွက်တွေ များတာကြောင့် အတိအကျ မသိနိုင်ဘူးလို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဖြတ်စခန်းတွေဖြစ်တဲ့ မော်လမြိုင်ခရိုင်မှာ လူဦးရေ ၈၀ ကျော်၊ သထုံခရိုင်မှာ လူဦးရေ ၉၀ နီးပါးနဲ့ ထားဝယ်ခရိုင်မှာ လူဦးရေ ၇၀ ကျော်ရှိနေပါတယ်။ အဲဒီထဲမှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ ဖမ်းဆီးထားသူ ၁၀ ဦးလည်း ပါဝင်ပါတယ်။