ဆင်းရဲတဲ့ ကလေးတွေအတွက် ရေချမ်းစင် စာသင်ဝိုင်း
2024.07.03

စစ်တပ်အာဏာသိမ်းထားတဲ့ အခုကာလမှာ အခြေခံလူတန်းစားတွေက အလုပ်အကိုင်ရှားပါး၊ ပုံမှန်ဝင်ငွေ မရှိတဲ့အတွက် သူတို့ရဲ့ ကလေးတွေက မိသားစုဝန်ကိုဝိုင်းထမ်းကြရပြီး ပညာသင်ခွင့် ဆုံးရှုံးနေရပါတယ်။
စျေးရောင်းတဲ့သူတွေရဲ့ ကလေးတွေက မိဘကိုစျေးကူရောင်းကြရသလို၊ စျေးရောင်းဖို့ အရင်းအနှီးမရှိတဲ့သူတွေရဲ့ ကလေးတချို့က ပလုံကောက်တယ်လို့ခေါ်တဲ့ ပုလင်းခွံ ဗူးခွံကောက်ကြရပါတယ်။ အခြေအနေ အဆိုးဆုံးကတော့ လမ်းဘေးမှာ တောင်းရမ်းစားသောက်ကြရတဲ့ ကလေးတွေပါ။
"သူငယ်ချင်းတွေနဲ့လည်း ပျော်ရတယ်၊ စာလည်း သင်ချင်လို့ပါ”
ဒါကြောင့် ကိုဖြိုးကိုကိုမောင်နဲ့ သူငယ်ချင်းတွေက ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ “ရေချမ်းစင်” ဆိုတဲ့ နာမည်နဲ့ လမ်းဘေးစာသင်ဝိုင်းကို အင်းစိန်ခုံးတံတားအောက်မှာ ကလေးငါးယောက်နဲ့စပြီး စာသင်ပေးခဲ့ပါတော့တယ်။
အဲဒီကနေ တစ်နှစ်ကျော်အကြာ အခု ဇွန်လမှာတော့ သူတို့မှာလမ်းဘေးစာသင်တဲ့နေရာ ၁၀ နေရာအထိရှိလာပြီး စာလာသင်တဲ့ ကလေးလည်းအယောက် ခြောက်ရာဝန်းကျင်ရှိလာပါတယ်။
“အရင်က စာသင်ဝိုင်းမှာ ၂၀ ရာခိုင်နှုန်းလောက်ပဲ ကလေးတွေရှိမယ်ဆိုရင် လက်ရှိ ၈၀ ရာခိုင်နှုန်းလောက် တိုးလာတာပေါ့နော်၊ ဒါပေမဲ့ လမ်းမပေါ်မှာ လက်လှမ်းမမီနိုင်တဲ့ ကလေးတွေ အများကြီးရှိသေးတယ်။ ကျွန်တော်တို့ဆီ ရောက်လာတဲ့ ကလေးတွေက လက်တစ်ဆုပ်စာလောက်ပဲရှိပါတယ်။ အခုလို စာသင်ခန်းကို မရောက်ဘဲ လမ်းဘေးမှာ ကလေးဦးရေတွေတိုးလာတာ သုံးသပ်ရမယ်ဆိုရင် အများကြီးရှိပါတယ်”
အင်းစိန်မြို့နယ်မှာနေတဲ့ မောင်ခန့်မင်းထွန်းက ရန်ကင်းမြို့နယ် မိုးကောင်း ကံဘဲ့စျေးအထိ မိဘတွေ စျေးသွားရောင်းတဲ့အခါ စျေးခြင်းထမ်း၊ စျေးကူရောင်းပြီးမှ ဒညင်းကုန်းဘူတာဘေးက ရေချမ်းစင် စာသင်ဝိုင်းကို လာရပါတယ်။
“မေမေတို့ အဆင်မပြေတာ ကူညီချင်လို့ပါ၊ စျေးကူရောင်းပြီး ကူညီနေတာ၊ မနက်သုံးနာရီ ထရတယ်၊ စျေးသွားတိုက်ပြီး ရန်ကင်းက ကံဘဲ့စျေးမှာရောင်းတယ်၊ နေ့လယ်တစ်နာရီလောက် ပြန်လာပြီး ဒီမှာ စာလာသင်တယ်။ သူငယ်ချင်းတွေနဲ့လည်း ပျော်ရတယ်၊ စာလည်း သင်ချင်လို့ပါ”
မောင်ခန့်မင်းထွန်းတို့လို ကလေးတွေကို ကိုယ်ချင်းစာလို့ ရေချမ်းစင်မှာ စာသင်ပေးနေတဲ့ စေတနာ့ ဆရာ၊ ဆရာမတွေထဲက မချစ်စုရဲ့ ခံယူချက်ကိုလည်း အခုလို ကြားရပါတယ်။
“ပိုက်ဆံတွေ၊ အချိန်တွေ ပေါနေလို့ စာလာသင်ပေးတာ မဟုတ်ဘူး။ စိတ်ထဲမှာ ကိုယ်ချင်းစာလို့၊ နှလုံးသားထဲက သနားလို့ ကလေးတွေကို စာသင်ပေးနေတာပါ၊ စျေးတွေမှာ အလုပ်လုပ်ရတဲ့ ကလေးတွေ၊ လမ်းဆုံမှာ ပန်းရောင်းတဲ့ ကလေးတွေ၊ ခိုစာရောင်းနေတဲ့ ကလေးတွေ၊ ရေသန့်တို့ တစ်ရှူးတို့ ရောင်းနေတဲ့ ကလေးတွေအများဆုံး ဒီကျောင်းမှာ လာတက်နေကြတာပါ”
ဒီစာသင်ဝိုင်းကို တည်ထောင်ပြီး ဦးဆောင်သင်ကြားပေးနေတဲ့ ဆရာ ကိုဖြိုးကိုကိုမောင်က တစ်ဖက်မှာတော့ ဂျပန်ဘာသာစကားသင်တဲ့ ဆရာဖြစ်ပါတယ်။ သူ့ဝင်ငွေတချို့ကိုထည့်ပြီး အလှူရှင်တွေရဲ့ပံ့ပိုးငွေနဲ့ ရေချမ်းစင်စာသင်ဝိုင်းကို လည်ပတ်နေတာလို့ ပြောပြပါတယ်။
အခုလို အစစအရာရာစျေးကြီးပြီး ရှားပါးကျပ်တည်းတဲ့အချိန်မှာ ကလေးတွေအတွက် သင်ထောက်ကူ ပစ္စည်းလည်း မလောက်မငှနဲ့ပါ။ ဒါကြောင့် အဲဒီကလေးတွေအတွက် စာရေးကိရိယာပစ္စည်းတွေ လှူခဲ့တယ်လို့ ရန်ကုန်သား ကိုကျော်မျိုးလွင်က ပြောပါတယ်။
“ကျွန်တော်တို့ လာလှူတယ်ဆိုတာ နည်းနည်းလေးပါပဲ၊ အများကြီး လိုအပ်နေတာ တွေ့နေရပါတယ်၊ ကျန်တဲ့သူတွေလည်း လာပြီးလှူစေချင်ပါတယ်၊ ဒီအလှူလေးကိုလည်း မုဒိတာပွားစေချင်တယ်၊ ကျပ်တည်းနေတဲ့ကာလမှာ ပိုပြီးခက်ခဲနေတာကို မြင်ရတယ်၊ သင်ထောက်ကူ ပစ္စည်းတွေကလည်း စျေးကြီးတယ်၊ ချွေတာပြီး သုံးနေရတာကို မြင်နေရပါတယ်ခင်ဗျ”
လူကြီးတွေတောင် အစစအရာရာ ခက်ခဲနေတဲ့ခေတ်မှာ လူကြီးတွေကိုမှီခိုရတဲ့ ကလေးတွေအတွက် ပိုခက်ခဲလှပါတယ်။ ဒါကြောင့် စာသင်ဝိုင်းတည်ထောင်တဲ့ ဆရာ ကိုဖြိုးကိုကိုမောင်က နိုင်သလောက် ဆက်ပြီးလုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။
“အဓိကကတော့ဗျာ ပညာသင်ကြားခွင့်ဆိုင်ရာ သူတို့ ဆုံးရှုံးနေတယ်၊ တခြားစားဝတ်နေရေးအရဆိုရင်လည်း အသက်ရှင်သန်ပိုင်ခွင့် အခွင့်အရေးတွေ ဆုံးရှုံးနေတယ်၊ သူတို့ ဆုံးရှုံးနေတဲ့အခွင့်အရေးပေါ်မှာ ကျွန်တော်က ပြန်ပေးလိုက်တဲ့ သဘောမျိုးပါ”