မြေဖြူကိုင် ကျောင်းဆရာမဘဝက ဆေးတပ်သား ဖြစ်လာခဲ့တဲ့ ကလေးမြို့သူ

2021.12.03
မြေဖြူကိုင် ကျောင်းဆရာမဘဝက ဆေးတပ်သား ဖြစ်လာခဲ့တဲ့ ကလေးမြို့သူ ကလေး PDF တပ်ရင်း (၇) မှာ ဆေးတပ်သား တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာမလေး မသန္တာလင်းကို တွေ့ရစဉ်
Photo: CJ

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုတွေ၊ မတရားမှုတွေကို လုံးဝ လက်မခံနိုင်တာကြောင့် အနာဂတ် ရည်မှန်းချက်တွေကို စွန့်လွှတ်ပြီး ကျရာနေရာက ဆန့်ကျင်တွန်းလှန်ကြတဲ့ လူငယ်တွေ အများအပြား ရှိလာခဲ့ပါတယ်။ ဒီလူငယ်တွေထဲက ကျောင်းဆရာမလေးအဖြစ်ကနေ လက်ရှိ ကလေး PDF အဖွဲ့မှာ ဆေးတပ်သားအဖြစ် တာဝန်ယူ လုပ်ကိုင်နေသူကတော့ ကလေးမြို့သူ မသန္တာလင်း ဖြစ်ပါတယ်။

"မြေဖြူကိုင်နေတဲ့လက် ဘောပင်ကိုင်နေတဲ့ လက်တွေက ဒီလိုမျိုး သေနတ်တွေ နားကြပ်တွေ ကိုင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူးပေါ့နော်။ ကျနော်တို့နဲ့မှ မအပ်စပ်တာ။ ဇာတ်ကားထဲမှာသာ ကြည့်ဖူးတာ"

မသန္တာလင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကလေး - PDF) တပ်ရင်း ၇ ရဲ့ ဆေးတပ်သားတစ်ဦးဖြစ်ပြီး သူမဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမသိမ်းခင် အချိန်အထိ ဆရာ မလုံလောက်တဲ့ နယ်စွန်နယ်ဖျားက ကျောင်းတွေမှာ ဆွဲခန့်ဆရာမအဖြစ်နဲ့ လှည့်လည် စာသင်ကြားပေးရင်း ဝါသနာပါရာကို ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်နေခဲ့သူပါ။

"အိမ်ကလည်း ကျနော့်ကို မိန်းကလေးလည်း ဖြစ်တဲ့အတွက် အိန္ဒြေရရ ကျောင်းဆရာမ အလုပ်လုပ်စေချင်တယ်။ ကျနော်ကလည်း ငယ်ငယ်ကတည်းက ကျောင်းဆရာမ အလုပ်ကို ဝါသနာပါတယ်။ သို့ပေမယ့် ကျနော်က အစိုးရဝန်ထမ်း မဟုတ်ဘူး။ ဆရာ မလုံလောက်တဲ့ နယ်စွန်နယ်ဖျား တိုင်းစွန်တိုင်းဖျားက အစိုးဝန်ထမ်းမလောက်တဲ့ အထက်တန်း ကျောင်းခွဲလေးတွေမှာ လိုက်ပြီးတော့ ၉ တန်း ၁ဝ တန်းတွေကို Chemistry တို့ မြန်မာတို့ ကျနော်ကျွမ်းကျင်တဲ့ ဘာသာရပ်တွေကို ပြပေးတဲ့ ဆရာမ"

မျိုးဆက်သစ် လူငယ်လေးတွေကို ပညာသင်ကြားပေးနေရင်း ကျေနပ်ပျော်ရွှင်နေခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ကျောင်းဆရာမလေးဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က နိုင်ငံ့အာဏာကို သိမ်းယူလိုက်ချိန်မှာတော့ ပြည်သူရွေးချယ်တင်မြောက်ထားတဲ့ အရပ်သားအစိုးရဆီကနေ တရားမျှတမှုမရှိဘဲ အတင်းအကျပ် အာဏာလုယူခဲ့တဲ့ စစ်အာဏာရှင်နဲ့ ဒီလို လက်နက်ကိုင်ပြီး ကြီးနိုင်ငယ်ညှင်း စနစ်မျိုးကို လုံးဝလက်မခံနိုင်တာကြောင့် ကျရာနေရာက ဆန့်ကျင်တွန်းလှန်ဖို့ ဆုံးဖြတ်ခဲ့ရာက လက်နက်ကိုင် တော်လှန်ရေးမှာ ပါဝင်လာသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေကို တူမီးသေနတ်တွေ သုံးပြီး ပထမဆုံး ပြန်ခုခံတိုက်ခိုက်ခဲ့တဲ့ ကလေးမြို့က တိုက်ပွဲတွေထဲမှာ ကလေးမြို့သူ ဖြစ်တဲ့ မသန္တာလင်းလည်း အတူတကွ ပါဝင်ဆင်နွှဲခဲ့ပါတယ်။

"အာဏာသိမ်းပြီးကတည်းက ပထမဆုံး တိုက်ပွဲဖြစ်တာ ကလေးနယ်က ဖြစ်တာလေ။ ကလေးနယ်တိုက်ပွဲမှာ အဲတုန်းက PDF ဆိုတာလည်း မရှိဘူး။ ပကပ သင်တန်းဆင်းဆိုတာ မရှိဘူး။ ရိုးရာသေနတ်လေးတွေနဲ့ တိုင်းရင်းသားတွေနဲ့ ပေါင်းပြီး စတော်လှန်တာ။ အဲဒီအချိန်မှာ လူအင်အားလည်း ကျနော်တို့ဘက်က ရာနဲ့ချီရှိတယ်။ အနောက်မှာ ကျနော်တို့က ယမ်းလိုတယ်ဆိုရင် ယမ်းလိုက်ရှာတာတို့။ ကျည်ဆိုရင် ဘယ်မှာရှာရမလဲ။ ခဲလိုရင် ခဲ။ ဘက်ထရီအိုးတွေ သွားဖြည့်ပေါ့နော်။ အဲလိုတွေလုပ်ရင်းနဲ့ နောက်တော့ စိတ်က ကိုယ်ကိုယ်တိုင်ပါ တစ်ကောင်ကောင်လောက်တော့ တိုက်ချင်တယ်။ လုပ်မယ်ပေါ့နော်"

စစ်ကောင်စီကို တော်လှန်ဖို့ တိုက်ခိုက်ရေးသမားအဖြစ် PDF ထဲ ဝင်ခဲ့ပေမယ့် တိုက်ခိုက်ရေးရဲဘော်တွေ လုံလောက်တဲ့ အခြေအနေမှာ ရှိနေတာက တစ်ကြောင်း ဆရာဝန်ရှားပါးတဲ့ နေရာဖြစ်တာကြောင့် တစ်ကြောင်းမို့ ဆေးအကူတပ်သားအဖြစ် ကူညီလုပ်ကိုင်ပေးဖို့ အကြောင်းဖန်လာရပုံကိုလည်း အခုလို ပြောပြပါတယ်။

"ပထမဆုံးတိုက်ပွဲ ကျနော်တို့ရွာကပဲ။ ကောင်လေးတစ်ယောက် ခေါင်းကိုမှန်ပြီးတော့ ကျသွားတယ်။ ကျန်တဲ့တစ်ယောက်ကကျတော့ ဆီးခုံကိုမှန်ပြီး ကျသွားတယ်။ အဲဒါဆိုတော့ စိတ်ထဲမှာ ပေါ်လာတာက ဆရာဝန်တွေလည်း နီးနီးနားနား မရှိဘူးဆိုတော့။ ဒါနဲ့ တိုက်ခိုက်ရေးသမားလုပ်ဖို့လည်း အဆင်မပြေဘူး။ ဆိုတော့ ဆရာဝန်တစ်ယောက်ရယ် ဒီက Medical team က ဆရာမတွေ ဆရာဝန်တွေ အကူအညီနဲ့ လေ့လာတယ်။ ကိုယ်မှီသလောက် ကျွမ်းကျွမ်းကျင်ကျင်တော့ မဟုတ်ဘူးပေါ့။ အဲလိုမျိုးဆိုရင် ဖုန်းဆက်ပြီးတော့ မေးတယ်။ ဆရာဝန် ဆရာမတွေ အကူအညီနဲ့ ကိုယ်လုပ်နိုင်တာပေါ့နော်။ အဓိကက လူနာဘာမှ ဖြစ်မသွားရင် နည်းနည်းသက်သာရင် ပြီးရောဆိုပြီး အဲလိုမျိုးနဲ့ ဆေးဝါးဘက်ကို ပြန်ပြောင်းဖြစ်သွားတာ"

ကလေးမြို့က PDF တပ်ရင်း တစ်ခုစီတိုင်းမှာ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသပေးဖို့ အခြေခံဆေးပညာ သင်တန်းတက်ထားတဲ့ အမျိုးသမီး ရှစ်ယောက်လောက်ကို တာဝန်ပေးထားတယ်လို့ အမျိုးသမီး ဆေးတပ်သားတွေက ပြောပါတယ်။ နိုဝင်ဘာ ၁၆ ရက်နေ့က ဒေသအခြေစိုက် စစ်ကောင်စီတပ်က အင်အားသုံးဖြိုခွင်းရာမှာ ကလေး PDF တပ်ရင်း (၃) နောက်တန်းစခန်းက ဆေးတပ်သား အမျိုးသမီး ကိုးယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

"ကျနော်တို့က သူတို့ထက် မသန်မာရင်တောင် သူတို့လောက်နီးပါး သန်မာနေဖို့လိုတယ်။ ဒါကြောင့်မို့ စိတ်ဓာတ်ကို ပြောင်းလဲခဲ့ရတာပေါ့ဗျာ"

ဆေးတပ်သား တစ်ဦးဖြစ်တဲ့ မသန္တာလင်းအနေနဲ့လည်း အလားတူ အဖြစ်မျိုးတွေ ကြုံလာရနိုင်တယ်ဆိုတာ သိပေမယ့် အဆုံးစွန်ထိတွေးပြီး အသက်ကို စတေးထားကြောင်း RFA ကို ပြောပါတယ်။

"အဲလိုမျိုး ဖမ်းမိသွားတယ်ဆိုရင်တောင်မှ ကျနော်တို့က ကျနော်တို့လူတွေကို ပြောပြီးသား ကျနော်တို့ အာဏာရှင်လက်ထဲမှာ တစ်စက္ကန့်တောင် တစ်မိနစ်တောင် မနေချင်ဘူး။ ကျနော်တို့ မိသွားပြီဆိုတာနဲ့ သေချာတာကတော့ သူတို့လက်ထဲမှာ ညှဉ်းပန်းခံရမယ်။ နှိပ်စက်ခံရမယ်။ အသက်ကို ဒီတော်လှန်ရေးအတွက် စတေးပြီးသား ဖြစ်တဲ့အတွက် အသက်တွေ သွေးတွေ ဒီတော်လှန်ရေးအတွက် စတေးပြီးသား ဖြစ်တဲ့အတွက် အဆုံးစွန်ထိ သူတို့ကို တောင်းဆိုထားပြီးသား မိသွားခဲ့ရင် ကျနော်နဲ့အတူ (ခွေး) တွေကိုပါ ပစ်သတ်ပေးပါလို့"

စိတ်ထားနူးညံ့တဲ့ ကျောင်းဆရာမ အဖြစ်ကနေ ဒီလိုမာကြောကြောစိတ်နဲ့ PDF အဖွဲ့ဝင်အဖြစ် ပြောင်းလဲဖို့ ဆိုတာကလည်း မလွယ်ကူလှပါဘူး။

"ကျောင်းသူ၊ ကျောင်းသားတွေကို စာသင်ရတဲ့ အခါမျိုးမှာ ကျနော့်စိတ်က မကြမ်းတမ်းဘူး။ နူးညံ့တယ်။ သာမန် မိန်းမတစ်ယောက်လိုပါပဲ။ ဒါပေမဲ့ တော်လှန်ရေးထဲကို ရောက်တဲ့အခါ စိတ်ခံစားချက်ကို ဦးစားပေးနေလို့မရဘူး။ ကျနော်တို့ တော်လှန်ရမှာက နှစ်ကာလများစွာ တမင်တကာ လေ့ကျင့်ယူထားတဲ့ အာဏာရှင်တွေ ဖြစ်တဲ့အတွက် ကျနော်တို့က သူတို့ထက် မသန်မာရင်တောင် သူတို့လောက်နီးပါး သန်မာနေဖို့လိုတယ်။ ဒါကြောင့်မို့ စိတ်ဓာတ်ကို ပြောင်းလဲခဲ့ရတာပေါ့ဗျာ။ ကျနော်ဆို ဆံပင်အရှည်ကြီး ကျောလယ်လောက်ထိရှိတယ်။ အဲဒီဆံပင်က တော်လှန်ရေးအတွက် အဆင်မပြေတော့ဘူး။ ကျနော့်အတွက်လည်း အနှောင့်အယှက် အဖြစ်မခံနိုင်ဘူး သူများကိုလည်း အနှောင့်အယှက် အဖြစ်မခံနိုင်ဘူး။ ဒါမျိုးကြောင့် ဆံပင်ကို ကိုယ့်ဟာနဲ့ကိုယ် တောထဲမှာ ကိုယ့်ဟာနဲ့ကိုယ်ပဲ ညှပ်ပစ်လိုက်တယ်။ ကျနော်တို့မှာ တွယ်တာစရာ နှောင်ဖွဲ့စရာ သံယောဇဉ်ဆိုတာ ထားလို့မရဘူး"

kalay-pdf.jpg
(ဆေးတပ်သား မသန္တာလင်းကို ကလေး PDF (တပ်ရင်း - ၇) က တပ်ဖွဲ့ဝင်တွေနဲ့အတူ တွေ့ရစဥ်) Photo: CJ

ပင်ပန်းဆင်းရဲနေတဲ့ကြားထဲ စိတ်ဓာတ်တွေကို လုံးဝပြောင်းလဲခဲ့ရပေမယ့် မပြောင်းမလဲ ကျန်ရစ်တာကတော့ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် အာဏာရှင်ကို အဆုံးထိ တော်လှန်သွားမယ်ဆိုတဲ့ စိတ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

"တော်လှန်ရေးမှာ အများကြီး အသက်တွေ သွေးတွေ ချွေးတွေ ပေးဆပ်ခဲ့ရတယ်။ ကိုယ်လည်း ဘယ်နေ့ ဘယ်အချိန် ပေးဆပ်ရမယ်ဆိုတာ မသိဘူး။ အိမ်ကို ကိုယ့်အသက်နဲ့ ပြန်သွားရမလားဆိုတာလည်း မျှော်မှန်းထားလို့မရဘူး။ ခြေကျိုး လက်ကျိုးနဲ့လည်း ပြန်ရင်ပြန်ရနိုင်တယ်။ အသက်မပါဘဲနဲ့လည်း တိုက်ပွဲမှာ ကျသွားနိုင်တယ်။ ဒါပေမဲ့ ကျနော်တို့ မနိုင်မချင်း နောက်ပြန်မလှည့်ဘူး။ မနိုင်မချင်း အိမ်မပြန်ဘူး"

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကနေ နိုဝင်ဘာလအထိ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကလေး PDF တပ်ဖွဲ့တွေကြား တိုက်ပွဲပေါင်း ၂၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ကလေးမြို့နယ်ထဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ သေဆုံးသူ ၆၅ ယောက်ကျော်ရှိပြီး အဖမ်းခံထားရသူ ၃၆၀ ကျော် ရှိတယ်လို့ ကလေးမြို့ ပင်မသပိတ်က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီလို ဖမ်းဆီးနှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေရှိနေတဲ့ကြားက မသန္တာလင်းတို့လို လူငယ်တွေကတော့ အာဏာရှင်ကို အမြစ်ပြတ်တဲ့အထိ တွန်းလှန်သွားကြမယ်လို့ သန္နိဋ္ဌာန်ချထားတယ်လို့ RFA ကိုပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။