စားဝတ်နေရေးကျပ်တည်းမှု အမျိုးသမီးရော အမျိုးသားပါ ဆံပင်ဖြတ်ရောင်းလာ

RFA Burmese
2023.02.02
စားဝတ်နေရေးကျပ်တည်းမှု အမျိုးသမီးရော အမျိုးသားပါ ဆံပင်ဖြတ်ရောင်းလာ ဆံပင်အဝယ်ဒိုင်တစ်ခုတွင် ဆံပင်ဖြတ်ရောင်းနေသည့် အမျိုးသမီးတစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်။
RFA

‘ယောက်ျားမှာဘုန်း၊ မိန်းမမှာဆံထုံး’ ဆိုတဲ့ ဆိုရိုးစကားအတိုင်း မြန်မာအမျိုးသမီးတွေဟာ ဆံပင်ကို ဘုန်းကျက်သရေသဖွယ် မြတ်နိုးတန်ဖိုးထားကြပြီး အဲဒီဆံပင်ကို အလှူဒါန အတွက်သာ ဖြတ်လေ့ရှိတာပါ။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ရင်ပေါင်တိုင်ရွာက တံတားဆိုရင် နိုင်ငံတစ်ဝန်းက အမျိုးသမီးတွေလှူဒါန်းတဲ့ ဆံပင်တွေရောင်းပြီး ရတဲ့ပိုက်ဆံနဲ့ တည်ဆောက်တာကြောင့် ရွှေဆံပင်တံတားလို့တောင် အမည်တွင်ခဲ့ပါတယ်။

"ကိုယ့်ဆံပင် ဖြတ်ရတော့ ဆံဦးဆံဖျားဖြတ်တော့လည်း စိတ်မကောင်းဘူးပေါ့။ မကောင်းတော့လည်း ကိုယ့်မှာ စားဝတ်နေရေး အဆင်မပြေတော့ ဖြတ်လိုက်ရတော့တာပဲ”

ဒါပေမဲ့ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်နီးပါးကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်က ယိုယွင်းကျပ်တည်းလာတာကြောင့် မြန်မာအမျိုးသမီးတွေဟာ နေ့စဉ် ခက်ခဲတဲ့ဘ၀တွေကို ရင်ဆိုင်ဖြေရှင်းဖို့ ဆံပင်ကိုပါ ဖြတ်တောက်ရောင်းချနေကြရပါတယ်။

စားဝတ်နေရေး ကျပ်တည်းတာကြောင့် ဆံပင်ကိုဖြတ်ရောင်းလိုက်ရပေမယ့် ဆံဦးဆံဖျား ဖြစ်တာကြောင့် ဝမ်းနည်းမိတယ်လို့ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်တစ်ခုမှာနေထိုင်တဲ့ ဒေါ်လှက ပြောပါတယ်။

“ဆံပတ်ဖြတ်ရတာတော့ ကိုယ့်ဆံပင်ကတော့ ဘယ်စိတ်ကောင်းပါ့မလဲ။ ဒါပေမဲ့ စားဝတ်နေရေး အဆင်မပြေတော့လည်း ဒီလိုပဲဖြတ်ပြီးရောင်းရတာပေါ့။ နှစ်သောင်း ရတယ်။ စားကြသောက်ကြတယ်။ စိတ်ထဲ မှာတော့ မကောင်းဘူးပေါ့။ ကိုယ့်ဆံပင် ဖြတ်ရတော့ ဆံဦးဆံဖျားဖြတ်တော့လည်း စိတ်မကောင်းဘူးပေါ့။ မကောင်းတော့လည်း ကိုယ့်မှာ စားဝတ်နေရေး အဆင်မပြေတော့ ဖြတ်လိုက်ရတော့တာပဲ”

မိသားစုကိုးဦးအတွက် ခင်ပွန်းနဲ့မြေးတစ်ဦးဟာ ပန်းရန်လုပ်ကိုင်ပြီး မိသားစုစားဝတ်ရေးကို ဖြေရှင်းခဲ့ကြပေမယ့် ခေတ်အခြေအနေကြောင့် အရင်လိုအလုပ်မကောင်းလို့ လက်ရှိ တရုတ်နယ်စပ်မှာ အလုပ်သွားလုပ်နေရပါတယ်။

ဒါပေမဲ့ အခုချိန်ထိ ပုံမှန်ငွေမပို့နိုင်သေးတာကြောင့် သားသမီး မြေးမြစ်တွေနဲ့အတူ ကျန်ခဲ့ တဲ့ ဒေါ်လှဟာ နေ့စဉ် စားဝတ်နေရေးပြဿနာကို ကြုံသလိုဖြေရှင်းနေရတယ်လို့ အိမ်နီးချင်းဖြစ်သူ မတင်မြင့်က ပြောပါ တယ်။

“ဆံပင်ဖြတ်ရောင်းတာ သူတို့အဆင်မပြေတာက အမှန်ပဲပေါ့နော်။ ကလေးတွေလည်း အလုပ်အကိုင်က မရှိကြဘူး။ ဆံပင်လည်း ဖြတ်ရောင်းလိုက်တယ်။ ကလေးတွေ ကျန်းမာရေးမကောင်းကြဘူး။ သူလည်း ကျန်းမာရေးမကောင်းဘူးပေါ့။ နောက် သူ့မြေးတစ်ယောက်နဲ့ သူတို့နှစ်ယောက်ကတော့ အလုပ်ကတော့ရှိတယ်။ ဒါပေမဲ့ ပိုက်ဆံကတော့ မပို့နိုင်သေးဘူး။ သူတို့လည်း ဟိုမှာ အခက်အခဲဖြစ်နေလို့ သူတို့ဟာ သူတို့ ရှာစားနေရတာ”

ဆံပင်တွေကို ရပ်ကွက်တွေထဲမှာ လိုက်ဝယ်တဲ့သူတွေရှိသလို ဆံပင်ဝယ်တဲ့ဒိုင်တွေမှာ သွားရောင်းကြတာလည်း ရှိပါတယ်။

ဆံပင်လိုက်ဝယ်နေတဲ့ မဖွေးဖွေးကတော့ မြို့ပေါ်မှာထက် တောဘက်တွေမှာ စားရေးသောက်ရေးနဲ့ အိမ်လခ ပေးစရာမရှိလို့ ဆံပင်ရောင်းတာ ပိုများတယ်လို့ ပြောပါတယ်။

hair.jpg
ဆံပင်အဝယ်ဒိုင်တစ်ခုအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

“မှော်ဘီတောရွာဘက်တွေ ဝယ်တယ်။ မြို့ဘက်ကိုသိပ်မသွားဘူး။ တောရွာလေးတွေ၊ ရပ်ကွက်လေးတွေ။ ပြီးတော့ အဲလိုတောရွာလေးတွေက ဆံပင်အများဆုံးရောင်းတယ်။ မြို့ဘက်က သိပ်ပြီးတော့ မရောင်းဘူး။ တောရွာတွေက အဲလိုအဆင်မပြေတဲ့သူတွေက ရောင်းတယ်။ ဘုရားလှူချင်တယ်၊ ကိုယ့်မိသားစုစားဝတ်နေရေး ဆန်မရှိဘူး၊ အဲလို အိမ်လခပေးရမယ် အဲလိုလူတွေက ပိုပြီးတော့ရောင်းတယ်”

ဆံပင်အရှည် လက်မနှစ်ဆယ်ကျော်ရင် ၁၀ သိန်း၊ ၁၂ သိန်းစျေးကနေ လက်မသုံးဆယ် ကျော်ရင် သိန်းနှစ်ဆယ်ခန့်အထိ စျေးရတယ်လို့ မဖွေးဖွေးက ဆိုပါတယ်။

စစ်ကောင်စီလက်ထက်မှာ တိုင်းပြည်မတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုတွေနဲ့ အလုပ် အကိုင် အခွင့်အလမ်း နည်းပါးလာလို့ အမျိုးသမီးတွေအပြင် ဆံပင်အရှည်ထားတဲ့ အမျိုးသား တွေပါ ဖြတ်ရောင်းနေရပါတယ်။

ရန်ကုန်မြို့မှာနေထိုင်တဲ့ ကိုမင်းသူဟာ အလုပ်မရှိလို့ အဆောင်လခ ပေးစရာမရှိတာ တွေကြောင့် သုံးနှစ်လောက် အမြတ်တနိုးထားတဲ့ ဆံပင်ကို ဖြတ်ရောင်းလိုက်ရတယ်လို့ RFA ကို ပြောပါတယ်။

“အလုပ်ရယ်၊ အဆောင်လခရယ် ကျနော့်ဆံပင်ရှည်နေတာ အလုပ်လုပ်လို့ အဆင်မပြေ ဘူးဗျ။ အလုပ်လုပ်လို့ အဆင်မပြေတဲ့အတွက် အလုပ်ကိုလည်းစဉ်းစားတယ်။ နောက်ပြီး တော့ ကျနော်တို့မှာ အလုပ်မရှိတဲ့အတွက် အဆောင်လခ အခက်အခဲရှိတယ်။ အဲဒါကြောင့် ကျနော်ညှပ်တာ။ ကျနော်စဉ်းစားနေတာ ဖြတ်ရတာ အရမ်းပေါက်ကွဲတယ်။ အရမ်းကြေကွဲ တယ်။ ဆိုးတယ် သုံးနှစ်ဗျာ ”

ဆံပင်တွေဝယ်တဲ့အခါ ဆံပင်ကောင်းမွန်မှုနဲ့ အရှည်ပေါ်မူတည်ပြီး စျေးအမျိုးမျိုး သတ်မှတ်ထားသလို လက်မ သို့မဟုတ် အလေးချိန်နဲ့ ရောင်းသူရဲ့ စိတ်တိုင်းကျ ဝယ်ယူတယ်လို့ ဆံပင်ဝယ်ယူသူတွေက ပြောပါတယ်။

Hair cut.jpg
ဆံပင်အဝယ်ဒိုင်တစ်ခုတွင် ဆံပင်ဖြတ်ရောင်းနေသည့် အမျိုးသားတစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

လက်ရှိကာလမှာ အခြေခံလူတန်းစားတွေအပြင် စီးပွားရေးအဆင်မပြေတဲ့ လူလတ်တန်းစားတွေပါ ဆံပင်ဖြတ် ရောင်းလာကြတယ်လို့ အင်းစိန်စျေးမှာရှိတဲ့ ဆံပင်ဒိုင်ပိုင်ရှင် မဖြူက RFA ကို ပြောပါတယ်။

“အဓိကကတော့ အဆင်မပြေတဲ့ အခြေခံလူတန်းစားတွေကတော့ အများဆုံးလာရောင်း တာပေါ့။ အခုနောက်ပိုင်းဆိုရင်တော့ လူလတ်တန်းစားလောက်တောင်မှ စီးပွားရေး အဆင်မပြေလို့ လာရောင်းကြတဲ့သူ တွေ ရှိတယ်ပေါ့နော်။ ခုချိန်ကတော့ စီးပွားရေး မပြေလည်ကြတော့ နောက်ဆုံး အိမ်လခ ပေးစရာမရှိတာတို့၊ ဆေးဖိုးမရှိတာတို့ တစ်နေ့တစ်နေ့ ဆံပင်လာရောင်းတဲ့သူတွေ များတယ် ”

အဲဒီဆံပင်တွေကို နိုင်ငံအနှံ့မှာရှိတဲ့ ဆံပင်ဒိုင်ကြီးတွေကတစ်ဆင့် တရုတ်နဲ့ ဗီယက်နမ် နိုင်ငံတွေက ပြန်ဝယ်ကြပြီး နည်းပညာနဲ့ ဆံပင်အတုတွေ ပြန်လုပ်ကြတာလို့ ဆံပင်ဒိုင် တွေက ပြောပါတယ်။

အတုပြန်လုပ်ထားတဲ့ ဆံပင်အစစ်တွေက နိုင်လွန်နဲ့ပြုထားတဲ့ ဆံပင်အတုတွေထက် အဆမတန်စျေးကြီးပြီး သိန်းဂဏန်းကစလို့ ဆံပင်အရည်အသွေးအလိုက် စျေးကြီးပေးရ တာလို့ မဖြူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ သွင်းအားစုရှားပါးတာ၊ ဝယ်လိုအား လျော့နည်းတာတွေကြောင့် ၂ဝ၂၃ ဘဏ္ဍာနှစ်မှာ လူတစ်ဦးချင်းရဲ့ GDP ဟာ ၂ဝ၁၉ ခုနှစ်ကထက် ၁၃ ရာခိုင်နှုန်း လျော့ကျနေ ဦးမယ်လို့ ကမ္ဘာ့ဘဏ်က ဇန်နဝါရီလ ၃ဝ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။

မြန်မာကျပ်ငွေတန်ဖိုးကလည်း ၂ဝ၂၂ ခုနှစ် ဇူလိုင်လကတည်းက ထိုးကျလာခဲ့ပြီး ဒီဇင်ဘာလမှာတော့ ပြီးခဲ့တဲ့နှစ်နှစ်ကထက် ၅ဝ ရာခိုင်နှုန်း လျော့ကျသွားခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

လူဦးရေ ၅၄ သန်းရှိတဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် အလုပ်လက်မဲ့ဦးရေ များလာပြီး လူဦးရေထက်ဝက်ကျော် ဆင်းရဲနွမ်းပါးမှုဒဏ်ကို ရင်ဆိုင် ခံစားရနိုင်တယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) က ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ကလည်း ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်း နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် မြန်မာနိုင်ငံဟာ ၂၀၂၂ ခုနှစ်၊ ပထမငါးလမှာတင် အလုပ်လက်မဲ့ပြဿနာ ပြင်းပြင်းထန်ထန် ခံစားနေရကြောင်း၂၀၂၂ ခုနှစ် ဇွန်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။