နေဝန်းနီ စစ်ဘေးဒုက္ခသည်စခန်း မြေနေရာအခက်အခဲ
2019.02.22
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မှာရှိတဲ့ နေဝန်းနီဒုက္ခသည်စခန်း အနေနဲ့ စခန်းနေရာ ထပ်ပြီးပြောင်းရွှေ့ဖို့ မြေနေရာ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
RFA သတင်းထောက် ကိုရဲထက်က တင်ပြထားပါတယ်။
ကချင်ပြည်နယ် မန်စီမြို့နယ် အိုလမ်ပါ ကျေးရွာအုပ်စုအတွင်းက မန်လွယ် အထက်ရွာ၊ မန်လွယ်အောက်ရွာနဲ့ ချူဆား ရွာတွေကနေ ၂၀၁၂ ခုနှစ်က ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် ၃၀၀ ခန့်ဟာ လက်ရှိမှာ တအာင်းစာပေယဉ်ကျေးမှုအဖွဲ့ ပိုင်ဆိုင်တဲ့ တရုတ်သင်းချိုင်းကုန်းအနီးက မြေနေရာမှာ နေထိုင်နေကြတာဖြစ်ပါတယ်။
အဲဒီနေရာကနေ ထပ်မံ ဖယ်ပေးရမယ့် အခြေအနေဖြစ်လာတာကြောင့် သူတို့ နောက်တစ်ခါ ပြောင်းရွှေနေရမယ့် မြေနေရာ အခက်အခဲဖြစ်နေရတယ်လို့ မန်လွယ်အထက်ရွာက
မိုင်ဒန်းအောင်က ပြောပါတယ်။
"ကျနော်တို့ဒီမှာ အရေးကြီးတာက ပြောင်းရွှေဖို့ပဲ နေစရာမရှိဘူးပေါ့၊အဓိက အဲဒါပဲ ပြောင်းရွှေဖို့အတွက် မြေနေရာရှာနေရတာပေါ့၊ ဒီနေရာက ကျနော်တို့ ပိုင်တဲ့နယ်မြေ မဟုတ်တဲ့အတွက်မို့ပေါ့၊ ကျနော်တို့က ပြောင်းရွှေ့ပေးရမယ်၊ ဒါအရေးကြီးဆုံးပေါ့"
မြေနေရာ အခက်အခဲနဲ့ပတ်သက်လို့ လားရှိုးမှာ သက်ဆိုင်ရာဌာနတွေကို တင်ပြဆွေးနွေးတာတွေ ရှိခဲ့ပေမယ့် အခုအချိန်အထိ အဆင်မပြေသေးဘူးလို့ စခန်းကော်မီတီဝင် ဒေါ်ဝင်းဝင်းဆွေက ပြောပါတယ်။
"ကျမတို့ လက်ရှိမြေကတော့ ဘုံနယ်မြေ တအာင်းတွေ ပိုင်တဲ့မြေ၊ ကျမတို့ တအန်းလူမျိုးစုက များလာပြီ၊ ဘာပဲလုပ်လုပ် ဆုပေးပွဲပဲလုပ်လုပ် ဟောပြောပွဲပဲလုပ်လုပ် ကျမတို့မှာ စာပေဟောပြောပွဲဆိုတာရှိတယ်။ ညီလာခံဆိုတာရှိတယ် အားလုံးတွေ့ဆုံရမယ့်ပွဲပေါ့၊ လုပ်မယ့်နေရာ ခန်းမဆိုတာမရှိဘူး၊ ဟောခန်းလည်း မရှိဘူး၊ သူများခန်းမကိုပဲ ငှားနေရတာ ဒါကြောင့် သူတို့လျာထားတာ ကျမတို့နေတဲ့နေရာကို၊ သူတို့က ဟောခန်းလေး လုပ်မှာပေါ့၊ ကျမတို့ကို ဖယ်ပေးပါလို့ သူတို့က မပြောရက်ဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့က ဖယ်ပေးတဲ့ နေရာမရှိသေးဘူးလေ၊ ဒီခေတ်ဈေးနဲ့ နမ့်ခမ်းမြို့မြေဈေးက ကျမတို့ မတတ်နိုင်ဘူး၊ ကူညီပေးမယ့် အလှူရှင်ကလည်း အခုအချိန်ထိ စောင့်မျှော်နေဆဲပါ ဒါပေမဲ့ ပေါ်မလာသေးဘူးပေါ့"
စစချင်းထွက်ပြေးလာတဲ့အချိန်က လူဦးရေ ၉၀၀ ကျော်လောက်ရှိပြီး တချို့လူတွေက အဆင်မပြေလို့ တခြားနေရာမှာ ပြောင်းရွှေသွားကြတာကြောင့် အခုအခါ နေဝန်းနီ ဒုက္ခသည်စခန်းမှာ လူဦး ၃၀၀ ကျော်လောက်ပဲရှိတော့တယ်လို့ သိရပါတယ်။ စားသောက်နေထိုင်ရေးနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေကို WFP အဖွဲ့ကနေ အဓိက ကူညီထောက်ပံ့ပေးတဲ့အပြင် တခြားလူမှုအဖွဲ့အစည်းတွေကလည်း ရံဖန်ရံခါ ကူညီထောက်ပံ့ပေးတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ရင် မိမိအိမ်ရှိရာကိုပဲ ပြန်ချင်တယ်လို့ ဒေါ်ဝင်းဝင်းဆွေက ပြောပါတယ်။
"ထောက်ပံ့ပေးထားပါတယ် အဆောင်တွေကအစပေါ့လေ ဒါပေမဲ့ ပေးတော့ ပေးထားကြပါတယ်။ ကျမတို့မှာ မိသားစုက များလာတယ်လေ တစ်ရက်ပြီးတစ်ရက် တစ်လမှာ ရက်သုံး ၃၀ ရှိတယ်၊ နှစ်နဲ့တွက်မယ်ဆိုရင် အများကြီး ပေးထားတဲ့ဟာနဲ့ ကျမတို့က မလုံလောက်ဘူးဖြစ်နေတာ ကိုယ်ဒူးကိုယ်ချွန်ချင်တယ်၊ ကိုယ့်အိမ်ကိုယ့်မြေဆိုတာ ပိုင်ချင်တယ် ဒါပေမဲ့ ကျမတို့ အဲဒီလို ပိုင်ဆိုင်ခွင့်မရှိဘူး၊ ကျမတို့ ဖြစ်နိုင်မယ်ဆိုရင် ရွာပြန်ချင်တယ်၊ မြေမြှုပ်မိုင်းတွေ ရှင်းလင်းပေးပါ၊ ကျမတို့ပြန်မယ် ကိုယ့်အိမ်မှာနေရင် ဘာပဲစားရစားရ အခုကျတော့"
၂၀၁၇ ခုနှစ်က သူတို့နေခဲ့တဲ့ရွာမှာ လက်နက်ကြီးဒဏ်၊ မြေမြုပ်မိုင်း ဒဏ်တွေကြောင့် အိမ်တွေ၊ စိုက်ခင်းတွေ၊ တိရိစ္ဆာန်တွေ သေကြေပျက်စီးကုန်တာကြောင့် အခုအချိန်ထိ ရွာပြန်ချင်ပေမယ့် ဘယ်သူမှ မပြန်ရဲကြဘူး ဖြစ်နေပါတယ်။ သူတို့ဒေသမှာ လက်ရှိအချိန် တိုက်ပွဲတွေ အရင်လိုမရှိပေမယ့် ၂ ဖက်တပ်တွေရဲ့ လှုပ်ရှားမှုတွေကတော့ ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်ခင်ဗျာ။