တိုက်ပွဲတွေကြားက ရက်ကန်းသံ

RFA Burmese
2023.06.23
တိုက်ပွဲတွေကြားက ရက်ကန်းသံ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မောက်ရွာတွင် ရက်ကန်းခတ်နေသည့် အမျိုးသမီးတစ်ဦးအား ၂၀၂၃ ခုနှစ် ဇွန်လ ၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မကွေးတိုင်း ဂန့်ဂေါမြို့နယ်က မောက်ကျေးရွာလေးမှာရှိတဲ့ ရက်ကန်းစင် ၂ဝ ဝန်းကျင်ကနေ ကြားနေရတဲ့ ရက်ကန်းခတ်သံတွေပါ။

ဒီဒေသမှာ စစ်ရေးနဲ့ နိုင်ငံရေး ပဋိပက္ခတွေ ရှိနေပေမယ့် ဒီရွာလေးက အမျိုးသမီးတွေဟာ မိသားစု စားဝတ်နေရေးအတွက် မဖြစ်မနေ ရက်ကန်းခတ်နေကြရပါတယ်။

"တစ်ရွာလုံးနီးပါး ဒီရိုးရာအထည် လုပ်ငန်းကို လုပ်ကိုင်ကြတယ်"

အရင်က ဒီရွာလေးမှာ ရက်ကန်းစင်တည်ထောင်ထားသူ နှစ်ဦးသာ ရှိပါတယ်။ နောက်ပိုင်းမှာတော့ ချင်းရိုးရာ အထည်တွေ ဈေးကွက်မှာ လူကြိုက်များ နာမည်ရလာတော့ တစ်ရွာလုံးနီးပါး လုပ်ကိုင်လာကြတယ်လို့ ရက်ကန်းခတ်တဲ့ မညိုထွေး က ပြောပါတယ်။

"ကျွန်မတို့က အဲဒီချင်းကုတ်ကနေစပြီးတော့မှ ချင်းရိုးရာ အထည်ကို ရက်လာတာ ဖြစ်တယ်။ တစ်ရွာလုံး ဘယ်သူမှ စိတ်မဝင်စားဘူး ဒီချင်းရိုးရာအထည်တွေကို။ ဒါပေမဲ့လို့ လူတွေက တဖြည်းဖြည်းနဲ့ ချင်းရိုးရာအထည်တွေကလည်း နာမည်ကြီး လာတယ်။ ဈေးကွက်တွေလည်း သူက တွင်ကျယ်လာတဲ့အခါမှာ လူတွေက အဲရိုးရာ အထည်ကို သိလာတယ်။ ကိုယ်တိုင်က မဝတ်ဖူးဆိုရင်တောင်မှ ချင်းရိုးရာအထည်က လူတွေကို ဘယ်လောက်အထိ အကျိုးပြုတယ်ဆိုတာကို လူတွေက သိလာတဲ့အခါမှာ ကျွန်မတို့ မောက်ကျေးရွာမှာဆိုလို့ ရှိရင်လည်း တစ်ရွာလုံးနီးပါး ဒီရိုးရာအထည် လုပ်ငန်းကို လုပ်ကိုင်ကြတယ်"

အခုတော့ သူတို့ရွာမှာ ရက်ကန်းခတ်ပြီး အသက်မွေးတဲ့သူ ၂၀၀ ဝန်းကျင်ရှိနေပြီလို့ ဆက်ပြောပါတယ်။

ဒီချင်းရိုးရာအထည်တွေကို ဂန့်ဂေါမြို့နယ်က ကျေးရွာတော်တော်များများမှာ ရက်လုပ်ကြပြီး အုတ်လှရွာနဲ့ ရှုံးရှီရွာက ဒီလုပ်ငန်းကို စလုပ်ခဲ့တဲ့ ရွာတွေလို့ ပြောပါတယ်။

ရက်ကန်းခတ်ရာမှာ လက်ခတ်အပွင့်တွေ၊ အကွက်တွေ ဖော်လို့ရအောင် ချည်အရှည်တွေကို မြို့ပေါ်မှာ အရင်ဝယ်ရပါတယ်။

ကုန်ကြမ်းရအောင်လုပ်ပြီးရင် အပွင့်တွေ၊ အကွက်တွေ ဖော်လို့ရအောင် ချည်ဟာ ရှည်ရပါတယ်။ ပြီးရင် အငှားလုပ်တဲ့ ရက်ကန်းယက်သမားတွေက ရက်သားကောင်းအောင် ပေးထားတဲ့အရောင်အတိုင်း မမှားအောင်ကောက်ပေးရပြီး လက်ခတ်ကို နာနာလေး ခတ်ပေးရပါတယ်။

ဒီလို လက်ခတ်ကို နာနာမခတ်ရင် အသားကပိတ်ပိတ်လေးမနေဘဲ အပွင့်တွေ၊ အပြောက်တွေနဲ့ ချည်သားကြဲပြီး လှမှာမဟုတ်ဘူးလို့ ရက်ကန်းခတ်သူတွေက ပြောပါတယ်။

နယ်မြေမတည်ငြိမ်မှုတွေ၊ စစ်ရေးပဋိပက္ခတွေကြောင့် သူတို့မှာ အခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

"တိုက်ပွဲတွေကြားမှာ ကျွန်မတို့ကလည်း ရက်ကန်းခတ်နေရတာဆိုတော့ စစ်ကြောင်း လာတဲ့အခါဆိုရင်တော့ ရက်ကန်းခတ်တဲ့ အလုပ်ကို နားထားရပါတယ်။ ပြီးတော့မှ စစ်ကြောင်းပြန်ပြီဆိုတော့ ပြန်ခတ်ရတာပေါ့။ ပြီးရင် အထည်ပြတ်ပြီဆိုရင် ကျွန်မတို့က မြို့ကနေပြီးတော့မှ အငှားခတ်ရတယ်ဆိုတော့ အထည်တွေပို့မှ ကျွန်မတို့က ပိုက်ဆံ ရတာဖြစ်တယ်။ ပြီးတော့မှ သူတို့ဆီက အထည်တွေက ခတ်တဲ့အခါမှာ ပြတ်သွားပြီ ဆိုလို့ရှိရင် မြို့ကိုသွားလို့ မရတော့ဘူးဆိုရင် ကျွန်မတို့က အထည်တွေလည်း ပြန်ယူလို့ မရတော့ဘူး။ ကားလမ်းတွေကလည်း ပိတ်ထားတယ်ဆိုတော့ အဲခါကျ ငွေရေးကြေးရေး အခက်အခဲလေးတွေရော အထည်ပြဿနာလေးတွေ အခက်အခဲလေးတွေရော အဲလိုမျိုးလေးတွေ ရှိပါတယ်ရှင့်"

မောက်ရွာက အသက် ၄၂ အရွယ် ရက်ကန်းခတ်သူ မမိပြုံး ပြောသွားတာပါ။

မမိပြုံးဒီအလုပ်ကိုလုပ်တာ သုံးနှစ်ရှိနေပါပြီ။ စစ်ကောင်စီစစ်ကြောင်းတွေကြောင့် ထွက်ပြေးခဲ့ရတာလည်း အကြိမ်ကြိမ်ရှိနေပြီလို့ ပြောပါတယ်။

ဒီဒေသက ပြည်သူတွေဟာ စစ်ရေးပဋိပက္ခတွေကြောင့် အကြိမ်ကြိမ်ထွက်ပြေးနေရလို့ ပုံမှန်ဝင်ငွေမရှိကြချိန်မှာ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကိုလည်း တစ်ပြိုင်တည်း ရင်ဆိုင်နေရပါတယ်။

ဒီကာလမှာ ကုန်ဈေးနှုန်းကြီးတာကြောင့် ရက်ကန်းခတ်လို့ရတဲ့ ဝင်ငွေနဲ့ အဆင်မပြေဘူးလို့ ရက်ကန်းခတ်သူ မဝင်းဌေးက ပြောပါတယ်။

"အထည်တွေကကျတော့ ကိုယ့်ရ ရသလို ပိုက်ဆံက ရတယ်ရှင့်။ ဒါပေမဲ့ အခုလို စစ်ကာလကြီးမှာကျတော့ စစ်ကြောင်းတွေကလည်း ခဏခဏထိုးတော့ကျတော့ အဲလိုမျိုး မြန်မြန်ရောင်းလို့လည်း မရတော့ဘူးဆိုတော့ အကျိုးအမြတ်ကတော့ ကိုယ်ရ ရသလို၊ ရတာဆိုတော့ အခုက မရောင်းရတော့ အကျိုးအမြတ်က မရှိပါဘူးရှင့်။ စားဝတ်နေရေးတောင်မှ မပြေလည်တဲ့ အနေအထားမျိုး ဖြစ်နေပါတယ်ရှင့်။ ရက်ကန်းကကျတော့ နဂိုတုန်းက တစ်ပြတ်ကို ငါးသောင်းရတယ်ရှင့်။ အဲလို ငါးသောင်းရလို့ရှိရင် ဆန်လည်းဝယ်လို့ရတယ်။ ဆီလည်း ဝယ်လို့ရတယ်။ ငရုတ်၊ ကြက်သွန် အကုန်လုံး ဝယ်လို့ရတယ်ရှင့်။ အခုခေတ်ကာလကြီးမှာတော့ ဘယ်လိုမှကို အဆင်မပြေဘူးရှင့်။ ပိုက်ဆံငါးသောင်းတောင် ဆန်တစ်တောင်းတောင် မရအောင် ဖြစ်နေတော့ပါတယ်ရှင့်။ အဲလောက်အထိ ခက်ခဲနေပါတယ်"

ရက်ကန်းခတ်သူတွေဟာ လေးတောင်ပြတ်ကို ကျပ်ငါးသောင်းရပြီး ရှစ်တောင်ပြတ် (တစ်ကွင်း) ကို ကျပ်တစ်သိန်း ရရှိတယ်လို့ မဝင်းဌေးက ဆက်ပြောပါတယ်။

အသက် ၃၃ နှစ် ရှိပြီဖြစ်တဲ့ မဝင်းဌေးတစ်ယောက် ဒီအလုပ်ကို ငယ်ငယ်ကတည်းက လုပ်ကိုင်ခဲ့ပေမယ့်လည်း စစ်အာဏာ မသိမ်းခင်ကလို အေးအေး ချမ်းချမ်းလုပ်ကိုင်လို့ မရတော့ပါဘူး။

အခက်အခဲတွေရှိနေပေမယ့်လည်း ဒီအလုပ်က သူတို့ရွာက အမျိုးသမီးတွေအတွက် မိသားစု စားဝတ်နေရေးကို အထောက်အပံ့ပေးမယ့် အလုပ်အကိုင်တစ်ခုဖြစ်နေတယ်လို့ ပြောပါတယ်။

ဒါကြောင့် ဒီအလုပ်ကို ရေရှည်တိုးတက်လာအောင် တစ်ယောက်နဲ့တစ်ယောက် လက်ဆင့်ကမ်း ဝေမျှဖို့လိုအပ်တယ်လို့ မညိုထွေးက ပြောပါတယ်။

"ဒါကြောင့်မို့လို့ ဒီလုပ်ငန်းကို မတိမ်ကောသွားအောင် ကျွန်မတို့က ဘာတွေလုပ်ရမလဲ ဆိုလို့ရှိရင်တော့ ဒီလုပ်ငန်းကို လက်ဆင့်ကမ်းပေးဖို့ လိုအပ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဒီလုပ်ငန်းရဲ့ အကျိုးရှိပုံ၊ ဒီလုပ်ငန်းရဲ့ ခံစားရတဲ့ ခံစားခွင့်၊ ရပိုင်ခွင့် အကျိုးတရားတွေကို ကိုယ်တစ်ယောက်တည်း ခံစားတာမျိုး မဟုတ်ဘဲနဲ့ ဒီရက်ကန်း ခတ်တဲ့ လုပ်ငန်းကနေတော့မှ ဖြစ်ပေါ်လာတဲ့ အကျိုးတရားတွေ၊ ကောင်းကျိုးတွေကို တစ်ယောက်နဲ့တစ်ယောက် လက်ဆင့်ကမ်းဖို့လိုတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဝေမျှဖို့အတွက်လိုတယ်"

ဒီလုပ်ငန်းတွေကို မြတ်မြတ်နိုးနိုးနဲ့ သစ္စာရှိရှိလုပ်ကိုင်မှ မတိမ်ကော မပျောက်ပျက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ကိုယ်တိုင်က ချင်းလူမျိုးဖြစ်လို့ ချင်းရိုးရာ အထည်တွေကို ဝတ်ဆင်ရတာ ချစ်တဲ့စိတ်၊ ကျေနပ်တဲ့စိတ်နဲ့ လေးစားဂုဏ်ယူတဲ့စိတ်တွေ ဖြစ်ပေါ်မိတယ်လို့လည်း သူက ပြောပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မောက်ရွာတွင် ရိုးရာ ရက်ကန်းစင်တစ်ခုအား ၂၀၂၃ ခုနှစ် ဇွန်လ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မောက်ရွာတွင် ရိုးရာ ရက်ကန်းစင်တစ်ခုအား ၂၀၂၃ ခုနှစ် ဇွန်လ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ဒီရိုးရာ အထည်တွေဟာ ဈေးနှုန်းအရ မြင့်ပေမယ့်လည်း ရက်ကန်းခတ်ရမှ စားဝတ်နေရေး အဆင်ပြေမှာဖြစ်လို့ အားပေးကြပါလို့ မမိပြုံးက ပြောပါတယ်။

"ကျွန်မတို့ ခတ်နေတဲ့ ရိုးရာလုံချည်လေးတွေကို၊ အခုခတ်နေတဲ့ ကွင်းလေးတွေကို အားပေးလည်း အားပေးပေးကြပါ။ အားပေးတဲ့သူတွေရှိမှလည်း ကျွန်မတို့က လုပ်အားခလေးတွေလည်းပဲ ပုံမှန်ဈေးသုံးရမှာဖြစ်ပါတယ်။ အခုဆိုရင် မိုးရာသီ ရောက်တော့ခါ အထည်ဈေးက ခတ်တဲ့ဈေးလေးတွေကလည်း ကျွန်မတို့က ကျတတ်ပါတယ်။ အားပေးတဲ့ သူတွေကလည်း နောက်မတွန့်ကြဘဲနဲ့ အားပေးပေးကြပါ။ ဒါမှ ကျွန်မတို့ကလည်း ကုန်ဈေးနှုန်းတွေကလည်း မြင့်တယ်ဆိုတော့ စားဝတ်နေရေး မှာလည်း ရက်ကန်းခတ်တဲ့ အဖိုးအခလေးနဲ့ စားရမှာ အဆင်ပြေမှာ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်ရှင့်"

လက်ရှိ နိုင်ငံရေး အကျပ်အတည်းတွေကြားထဲမှာ အခြေခံလူတန်းစားတွေ စားဝတ်နေရေး ခက်ခဲကြပြီး ဒီလုပ်ငန်းလေးတွေက သူတို့ရဲ့ အခက်အခဲအချို့ကို ဖြေရှင်းပေးနေတယ်လို့ ပြောပါတယ်။

သူတို့ ခတ်နေတဲ့ ဒီရိုးရာချည်ထည်လေးတွေကို အားပေးတဲ့ လူတွေရှိမှသာ လုပ်အားခတွေ ရရှိကြမှာပါ။

မိုးရာသီကို ရောက်လာပြီဖြစ်လို့ ရက်ကန်းခတ်တဲ့ လုပ်အားခနှုန်းတွေ ကျလာတဲ့အချိန်မှာ သူတို့ကိုယ်တိုင် ချွေးနှဲစာနဲ့ ရက်လုပ်ထားတဲ့ ရိုးရာအထည်လေးတွေကို အားပေးဖို့ ရက်ကန်းခတ်သမလေးတွေက မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။