ထိုင်းရိုးရာ လွယ်ကထုံပွဲတော် မဲဆောက်ရောက်မြန်မာတွေပါဝင်ဆင်နွှဲ

RFA Burmese
2024.11.15
ထိုင်းရိုးရာ လွယ်ကထုံပွဲတော် မဲဆောက်ရောက်မြန်မာတွေပါဝင်ဆင်နွှဲ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် လွယ်ကထုံ ခေါ် မီးမျှောပွဲတော်အား ၂ဝ၂၄ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့က ကျင်းပနေစဉ်။
RFA

ထိုင်းရိုးရာ လွယ်ကထုံလို့ခေါ်တဲ့ မီးမျှောပွဲတော်ကို ထိုင်းတစ်နိုင်ငံလုံးမှာ ပျော်ပွဲရွှင်ပွဲအဖြစ်နဲ့ ကျင်းပနေပါတယ်။ မဲဆောက်မြို့ရောက် မြန်မာနိုင်ငံသားတွေလည်း လွယ်ကထုံပွဲတော်နဲ့အတူ တန်ဆောင်တိုင်ပွဲတော်အဖြစ် ထိုင်းနိုင်ငံသားတွေနဲ့အတူ ပါဝင်ဆင်နွှဲကြပါတယ်။

ခုလိုရက်မျိုးမှာ ထိုင်းလူမျိုးတွေရဲ့ ယုံကြည်မှုရိုးရာအရ ရေစောင့်နတ်သမီးကို ပန်း၊ ဖယောင်းတိုင်၊ အမွှေးနံ့သာ စတာတွေပါဝင်တဲ့ ဆီမီးခွက် ရေထဲမျှောလိုက်ပြီး ပူဇော်ကြသလို လိုရာဆုလည်း တောင်းကြပါတယ်။

မြန်မာနိုင်ငံမှာလည်း တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း အစဉ်အလာအားဖြင့် ရပ်ကွက်တွေထဲက လမ်းတိုင်းလိုလိုမှာ စတုဒီသာကျွေး၊ ဘုရားစေတီတွေမှာ ပန်း၊ ဆီမီးကပ်လှူပူဇော်၊ အိမ်တွေမှာ ညဘက်မီးပူဇော်ကြပါတယ်။

ဒါပေမဲ့ လက်ရှိမြန်မာနိုင်ငံတစ်ဝန်း စစ်မီးတွေတောက်လောင်နေတဲ့အတွက် တန်ဆောင်တိုင်ပွဲတော်ကို နေရာတချို့မှာသာ ကျင်းပနိုင်ကြပါတယ်။

ခုလိုတန်ဆောင်တိုင်ပွဲတော်မှာ မြန်မာနိုင်ငံက စစ်ပွဲတွေအမြန်ပြီးဖို့ မီးမျှောပွဲမှာဆုတောင်းတယ်လို့ မဲဆောက်မြို့ Memories of Mae Sot ဆိုင် တာဝန်ခံ မကြည်ကြည်က ပြောပါတယ်။

"ဒီထိုင်းလူမျိုးတွေကလည်း လွယ်ကထုံပွဲတော်ကို တော်တော်လေး အားစိုက်ကြတာတွေ့တယ်၊ ကျွန်မတို့ မြန်မာပြည်ကရောက်လာတဲ့ ကျွန်မတို့တွေကလည်း ဒီမှာရှိတဲ့ The Boss ဝင်းရဲ့ပိုင်ရှင် ထိုင်းတွေနဲ့ ပူးပေါင်းပြီးတော့ ထိုင်း-မြန်မာ ပူးပေါင်းပြီးတော့ ကျွန်မတို့က လွယ်ကထုံပွဲတော် လေးကို သူတို့ထိုင်းရိုးရာအရရော ကျွန်မတို့မြန်မာ့ယဉ်ကျေးမှုအရရော နှစ်ခုပေါင်းပြီးတော့ ကျင်းပလိုက်တာဖြစ်ပါတယ်ရှင်၊ ကျွန်မတို့မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းဖို့ မြန်မာပြည်သူပြည်သားတွေ အမြန်ဆုံး ပျော်ရွှင်ရတဲ့နေ့တွေရောက်ရှိပိုင်ဆိုင်ဖို့အတွက် ကျွန်မတို့ဆုတောင်းပြီး မီးမျှောမယ် လို့"


ဆက်နွှယ်သောသတင်းများ

ထိုင်းမှာ သုံးလကျော်အတွင်း မြန်မာအလုပ်သမား နှစ်သိန်းနီးပါး အဖမ်းခံရ

ထိုင်းအထက်တန်းကျောင်းတွေအထိ ဝင်ဆန့်လာတဲ့ မဲဆောက်မြို့က ပီတိအိမ်ကျောင်း

ကရင်ရိုးရာလက်ချည်ပွဲ မဲဆောက်မှာကျင်းပ


မဲဆောက်မြို့ရဲ့ အစိုးရဌာနဆိုင်ရာရုံးရှေ့၊ ချစ်ကြည်ရေးတံတား အမှတ် ၁ စတာတွေမှာ ဈေးရောင်းပွဲတော်တွေ၊ မီးအလှဆင်ထားတာတွေနဲ့ မီးရှုးမီးပန်းနဲ့ မီးပုံးတွေ လွှတ်တင်ကြတာကို တွေ့ရပါ တယ်။

"ဒီမှာတော့လွယ်ကထုံလို့ခေါ်တယ်၊ မြန်မာနိုင်ငံမှာဆိုရင်တော့ တန်ဆောင်တိုင် လပြည့်နေ့မှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင်တော့ ဘုရားပွဲတွေလုပ်တယ်၊ စတုဒီသာတွေ ကျွေးတယ်၊ တစ်လမ်းဝင် တစ်လမ်းထွက်လုပ်တယ်၊ ဒီမှာကျတော့မတူဘူး၊ အဝေးရောက်ရွှေမြန်မာတွေအကုန်လုံးကို စုစည်း စေချင်တဲ့ဆန္ဒလည်းပါမယ်၊ ပြီးတော့ တော်လှန်ရေးလုပ်တဲ့ လူငယ်တော်တော်များများ ဒီမှာလည်း လာပြီးတော့ အကုန်လုံး စုစုဖွဲ့ဖွဲ့ စည်းစည်းလုံးလုံးနဲ့ ဒီလိုပွဲမျိုးလေးကျင်းပတာပေါ့"

တိုင်းပြည်ငြိမ်းချမ်းတည်ငြိမ်မှသာ ခုလိုပွဲလမ်းသဘင်မျိုးကျင်းပနိုင်မှာဖြစ်လို့ စစ်ပွဲတွေအမြန်ပြီးဆုံး စေချင်ပြီး အိမ်ပြန်ဖို့လည်း နီးသထက်နီးလာပါစေလို့ပဲ ဆုတောင်းမိတယ်လို့ ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။