ပန်းထိုးပညာ အခမဲ့သင်ပေးနေတဲ့ ဦးတင်ဦး

အသက် ၆၀ အရွယ် ဦးတင်ဦးဟာ ရန်ကုန်မြို့၊ ကုန်သည်လမ်း၊ ၃၇ လမ်းထိပ်မှာ ပိတ်စတွေ ပေါ် ပန်းထိုးတဲ့ လက်မှုပညာကို အခမဲ့သင်ပေးနေသူပါ။
ဖခင်ဆီကရခဲ့တဲ့ ပန်းထိုးပညာနဲ့ အသက် ၂၀ အရွယ်ကစပြီး မိသားစုကို လုပ်ကိုင်ကျွေးမွေး ခဲ့သလို စိတ်ဝင်စားတဲ့လူငယ်တွေကိုလည်း ဖခင်ရဲ့အမွေ လက်ဆင့်ကမ်းပြီး အခမဲ့ ပညာသင်ပေးခဲ့တာ နှစ်ပေါင်း ၄၀ ကျော်ပါပြီ။
သူ့ဖခင်အမည်ကိုအစွဲပြုပြီး ဆရာလှိုင်ရဲ့ ဇာထိုးပန်းထိုးဆိုတဲ့နာမည်နဲ့ ပန်းထိုးရာမှာ အသုံးပြုရတဲ့အပ်တွေ ရောင်းသလို၊ လာရောက်အပ်နှံတဲ့ ရုပ်ပုံတူ ပန်းထိုးပန်းချီတွေလည်း လုပ်ကိုင်ပါတယ်။
လက်မှုပညာကို လူငယ်တိုင်းတတ်စေချင်တာကြောင့် သူ့ဆီက ပစ္စည်းမဝယ်လည်း ပညာဒါနအနေနဲ့ အခမဲ့သင်ပေးနေတယ်လို့ ဦးတင်ဦးက RFA ကို ပြောပါတယ်။
"လူငယ်တိုင်း တတ်စေချင်တာ။ တတ်စေချင်တဲ့လူငယ်တိုင်း အကုန်လာကြသလား ဆိုတော့ အကုန်တော့မလာကြဘူးပေါ့။ ဒါပေမဲ့ တိုက်ဆိုင်မှုနဲ့ ဒီဘက်က ဖြတ်ပြီး သွားတာတို့၊ လိုင်းပေါ်ကတွေ့တာတို့ လာပြီးသင်ကြတယ်။ ဘယ်သူပဲသင်သင် အလကားသင်ပေးတယ်။ ဝယ်တာကတော့ သူနှစ်သက်တာလေးတွေ ဝယ်တယ်။ အနိမ့်ဆုံးတော့ တစ်ထောင်ဖိုး ရောင်းပေးတယ်။ ဒါလည်း ဝယ်လို့ရောင်းပေးတာ။ မဝယ်လည်းရတယ်။ အလကား သင်ပေးလိုက်တာပဲ။ ဒါကိုယ့်အတွက် ပညာဒါနပဲ"
အရင်က ပန်းထိုးတဲ့အခါ ကောက်ကြောင်းလောက်သာထိုးနိုင်ကြပေမယ့် သူကတော့ လူတွေပိုပြီး စိတ်ဝင်စားမှုကောင်းအောင် ရုပ်ပုံတူပန်းထိုးနိုင်တဲ့အထိ အချိန်ပေး လေ့ကျင့်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုလက်မှုအတတ်ပညာကို လူငယ်အမျိုးသားတွေရော၊ အမျိုးသမီးတွေရော စိတ်ဝင်တစား လာရောက်သင်ယူကြတယ်လို့ ဦးတင်ဦးက ပြောပါတယ်။

မခင်ခင်ဟာ အရင်က ဒီပညာကိုစိတ်မဝင်စားပေမယ့် မြန်မာနိုင်ငံမှာ ကိုဗစ်-နိုင်တင်းန် ကပ်ရောဂါ ဖြစ်လာတဲ့နောက်ပိုင်း အိမ်မှာပဲနေရတာကြောင့် စိတ်တည်ငြိမ်ဖို့နဲ့ လက်မှုပညာတစ်ခုတတ်ဖို့ ဦးတင်ဦးဆီမှာ ပညာလာသင်ခဲ့တယ်လို့ ပြောပါတယ်။
“လက်မှုပညာက အခုဒီဘက်ခေတ်မှာဆိုရင် တော်တော်လေး ပျောက်နေပြီလို့ ပြောလို့ရတယ်။ သိပ်မရှိတော့ဘူး။ အဘကကျတော့ သူ့ဆီကိုလာတယ်ဆိုရင် သေသေချာချာပေါ့နော်၊ အခကြေးငွေမယူဘဲနဲ့ free သင်ပေးတယ်။ သေသေချာချာ ပြပေးတဲ့အခါကျတော့ ကိုယ့်အလုပ်ပေါ်ကို စေတနာထားပြီး လုပ်ပေးတယ်လို့ ခံစားရတယ်။ ပြီးတော့ ကိုယ့်ရဲ့ဝါသနာကို ချစ်မြတ်နိုးပြီးတော့ တခြားသူကိုလည်း Sharing လုပ်ပေးတယ်လို့ ခံစားရတယ်။ ချည်ထိုးတာကို ဝါသနာပါတယ်ဆိုရင်တော့ အဘဆီကို လာပြီးတော့ အဘကို တစ်နည်းနည်းနဲ့ Supporting ပေးဖို့အတွက် တောင်းဆိုချင်ပါတယ်"
ဦးတင်ဦးဟာ အိမ်ထောင်ကျသွားတဲ့ သားသမီးသုံးဦးက ဘာမှလုပ်စရာမလိုအောင် ထောက်ပံ့ ပေးထားပေမယ့် ဇနီး၊ သမီးအငယ်ဆုံးနဲ့ ရိုးရှင်းတဲ့ဘဝကို ဖြတ်သန်းချင်တာ ကြောင့် ပညာတွေ ဆက်မျှဝေနေတာလို့လည်း ဆိုပါတယ်။
ရန်ကုန်မြို့မှာနေထိုင်တဲ့ ကိုထက်အောင်ရှိုင်းကလည်း စိတ်ဖိစီးမှုတွေလျော့ဖို့နဲ့ မိုဘိုင်းဖုန်းနဲ့ ဆိုရှယ်မီဒီယာတွေကြည့်တဲ့အချိန် လျော့သွားအောင် ပန်းထိုးပညာကို သင်ယူခဲ့တယ်လို့ RFA ကို ပြောပါတယ်။
"ကိုယ်တွေတတ်နိုင်တဲ့ ဘတ်ဂျက်အနေအထားနဲ့လည်း တော်တော်အဆင်ပြေတယ်။ နောက်ပြီးတော့ ဒီကောင်လေးက စိတ်လည်းငြိမ်တယ်ဗျာ။ အခုဆို ကျနော်တို့ လူငယ် တွေက ဖုန်းတအားသုံးတယ်ဗျာ။ ဘယ်သူ့မှ မပြောပါနဲ့၊ ကျနော်ကိုယ်တိုင်ဆို တစ်နေ့ကို ဖုန်းတော်တော်များများသုံးတယ်။ အဲဒါကြောင့် နောက်ပိုင်း စာအုပ်ဖတ်တာတို့၊ ဒီဟာလေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်လေးကိုပြန်ဖြေမယ်ပေါ့ဗျာ။ စိတ်ဖိစီးမှုတွေ လျော့မယ်။ တစ်ခါတလေ အဆင်မပြေတာရှိရင် စိတ်ဖိစီးမှုရှိတဲ့အခါ အဲဒါနဲ့ ပြန်လျော့မယ်ပေါ့"
လက်ရှိ နိုင်ငံရေးအခြေအနေတွေကြောင့် ကျောင်းဆက်မတက်တော့ဘဲ လေလွင့်နေတဲ့ အချိန်ကို ကုစားနိုင်ဖို့ ဒီလိုစိတ်တည်ငြိမ်စေမယ့် အတတ်ပညာကိုလာသင်တာလို့လည်း ပြောပါတယ်။
"ကိုယ်တွေတတ်နိုင်တဲ့ ဘတ်ဂျက်အနေအထားနဲ့လည်း တော်တော်အဆင်ပြေတယ်။ နောက်ပြီးတော့ ဒီကောင်လေးက စိတ်လည်းငြိမ်တယ်ဗျာ"
လွန်ခဲ့တဲ့ သုံးနှစ်ကျော်က ဦးတင်ဦး အခုထက် အရောင်းအဝယ်ပိုကောင်းပေမယ့် ကိုဗစ် ကပ်ရောဂါနဲ့ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် အရောင်းအဝယ် မကောင်းတော့ပါဘူး။
ဒါပေမဲ့ ပညာမျှဝေချင်တဲ့စိတ်တစ်ခုနဲ့ပဲ ဒီအသက်အရွယ်အထိ ဆက်လုပ်နေတာလို့ ဦးတင်ဦးက ပြောပါတယ်။
ဒါ့အပြင် အခုလို နည်းပညာထွန်းကားတဲ့ခေတ်ကာလမှာ လက်မှုပညာတွေရှင်သန်နိုင်ဖို့ တော်တော်ခက်ခဲလာနေတယ်လို့ ဦးတင်ဦးက RFA ကို ပြောပါတယ်။
"ပိုက်ဆံဘယ်လောက်ချမ်းသာ၊ ချမ်းသာ၊ ပိုက်ဆံဘယ်လောက်ပဲ ရှိနေ၊ ရှိနေ ဝါသနာ မပါရင် ဒီပညာမရဘူး။ တစ်က ဝါသနာ၊ နှစ်ကတော့ ပိုက်ဆံပေါ့။ ပိုက်ဆံဆိုလည်း လေး၊ ငါးထောင်ရှိရင် တတ်တာပဲ။ အခု အင်တာနက်ခေတ်မှာ နည်းပညာပေါင်းစုံကြားထဲမှာ ဒီပညာလေးက ရှင်သန်နေရတာ တော်တော်ကြီးကို ရုန်းရုန်းကန်ကန်နဲ့ ရှင်သန်ရတာ။ Handmade လေ။ လူ ၁၀ ယောက်မှာ တစ်ယောက်ပဲ၊ နှစ်ယောက်ပဲ ထွက်တယ်"
ပန်းထိုးပညာဟာ အနုပညာတစ်ခုဖြစ်နေတာကြောင့် ထိုးပြီးသွားတဲ့ပုံတွေကို တစိမ့်စိမ့် ကြည့်ရင်း ရလာတဲ့ပီတိက ဘာနဲ့မှအစားထိုးမရနိုင်ဘူးလို့လည်း ဦးတင်ဦးက ပြောပါတယ်။
သူ့အနေနဲ့ အခုလိုလမ်းဘေးမှာ လက်မှုပညာကို အခမဲ့ မျှဝေနေတာဟာ သူ့ရဲ့အတတ်ပညာ ကို မိသားစုထဲမှာ ဆက်ခံမယ့်မျိုးဆက်မရှိသလို၊ ဒီလိုပညာတတ်တဲ့သူ နည်းပါးလာတာ ကြောင့် ပျောက်ကွယ်မှာကို စိုးရိမ်မိတယ်လို့ ဦးတင်ဦးက ပြောပါတယ်။