အရှုံးပေါ်နေတဲ့ တရုတ်နယ်စပ် တစ်သျှူးငှက်ပျောစိုက်ပျိုးရေး

မဲခေါင်ဒေသအုပ်ချုပ်ရေးအဖွဲ့ (Mekong Region Land Governance) ရဲ့ ၂၀၂၀ နိုဝင်ဘာလ ထုတ်ပြန်ချက်အရ ကေအိုင်အေဌာနချုပ် လိုင်ဇာဒေသအပါအဝင် ကချင် ပြည်နယ်တစ်ခုလုံးမှာ တရုတ်လုပ်ငန်းရှင်တွေရဲ့ တစ်သျှူးငှက်ပျောစိုက်ခင်း ဧက တစ်သိန်းခုနစ်သောင်းကျော် ရှိပါတယ်။
ဝိုင်းမော်မြို့နယ် တစ်ခုတည်းမှာတင် ဧက တစ်သိန်းခွဲနီးပါး ရှိနေပြီး ကျန်စိုက်ခင်းတွေ ကတော့ ကေအိုင်အို ထိန်းချုပ်ရာ လိုင်ဇာနဲ့ ဗန်းမော်၊ မန်စီ၊ မိုးမောက်၊ ရွှေကူမြို့နယ်တွေ မှာ ရှိပါတယ်။
၂၀၀၇ လောက်ကတည်းက ကချင်ပြည်နယ်မှာ တရုတ်ပိုင် တစ်သျှူးငှက်ပျောစိုက်ခင်းတွေ စတင်လာတာပါ။ တစ်နှစ်ထက်တစ်နှစ် လုပ်ငန်းပိုတွင်ကျယ်လာပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မှာတော့ ဧက တစ်သိန်းခုနစ်သောင်းကျော် လောက်အထိ ဖြစ်လာတာပါ။
လိုင်ဇာဒေသ ကွန်ဘာယန်ရွာအနီးမှာဆိုရင် တရုတ်လုပ်ငန်းရှင်တွေရဲ့ တစ်သျှူးငှက်ပျော စိုက်ခင်း ဧက ၁၀၀ ကျော်ရှိပြီး မြန်မာနဲ့ ကချင်အလုပ်သမား ၇၀ ကျော် စားဝတ်နေရေး အတွက် မှီခိုလုပ်ကိုင်နေပါတယ်။
ဒါပေမဲ့ ၂၀၂၀ နှစ်ဆန်း ကိုဗစ်ကူးစက်မှု မြင့်တက်လာချိန်မှာတော့ တရုတ်အစိုးရက ရှမ်းနဲ့ ကချင်ပြည်နယ်ထဲမှာရှိတဲ့ နယ်စပ်ဝင်ပေါက်အားလုံးကို ကာလကြာရှည် ပိတ်လိုက်ပါတယ်။
ဒီ့နောက်မှာတော့ အချိန်မီခုတ်ပြီး တရုတ်ဘက် အချိန်မီတင်ပို့ရတဲ့ တစ်သျှူးငှက်ပျောခင်း တွေ ဘာမှ ဆက်လုပ်လို့မရတော့ဘဲ ဒီအတိုင်းစွန့်ပစ်ထားရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ဒီလိုအခြေအနေကြောင့် သူရမယ့် ကျပ် သိန်း ၃၀၀ နဲ့ ညီမျှတဲ့ တရုတ်ယွမ်ငွေ ကိုးသောင်း လောက် လုပ်ခမရဘဲ ခက်ခဲနေတယ်လို့ တရုတ်ပိုင် တစ်သျှူးငှက်ပျောခြံတစ်ခုမှာ မိသား စုလိုက် အလုပ်လုပ်နေတဲ့ လိုင်ဇာဒေသ ဂျေယန်စစ်ဘေးဒုက္ခသည်စခန်းက ဦးမခါတူးနန် က ပြောပါတယ်။
“မနှစ်တုန်းက ဒီ Covid 19 ပြန့်ပွားလာပြီးနောက် တရုတ်အစိုးရက ကားအဝင်အထွက် တွေကို အကုန်လုံးပိတ်လိုက်တယ်။ အဲဒါကြောင့် ကားတွေ လုံးဝ ဝင်လို့မရတော့ လော ပန်း (တရုတ်သူဌေး) တွေကလည်း ကျနော်တို့ အလုပ်သမားတွေကို ချုပ်ထားတဲ့ စာချုပ်အတိုင်း မပေးတော့ဘူးပေါ့။ စာချုပ်အတိုင်းဆို ရှစ်သောင်းကျော် ကိုးသောင်း လောက် ရရမယ်။ ငှက်ပျောသီးအိတ်ထပ် အိတ်စွပ်တဲ့အချိန်လည်း လောပန်းက ပိုက်ဆံမရှိသေးဘူးဆိုတော့ တစ်ယောက်ယောက်ဆီက ငွေချေးပြီး ၈၀၀၀ ကျော် ကျနော်က စိုက်ပေးထားတာ။ အဲဒါလည်း မရသေးဘူး။ အခု ကလေးတွေရဲ့ ကျောင်းစရိတ်နဲ့ စားဝတ်နေရေးအတွက်ပါ တော်တော်ခက်ခဲနေတယ်”
တရုတ်ငှက်ပျောခြံတွေက အလုပ်သမားအများစုဟာ ပြည်တွင်းစစ်ကြောင့် လိုင်ဇာရှိ စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေတဲ့ ကချင်ဒုက္ခသည်တွေ ဖြစ်ပါတယ်။
အလုပ်စလုပ်စဥ်က အလုပ်ရှင်နဲ့ အလုပ်သမားအကြား သဘောတူစာချုပ်မှာ သဘာဝ ဘေးကြောင့် ပျက်စီးသွားရင် ဒါမှမဟုတ် နိုင်ငံရေးကြောင့် ပျက်စီးသွားရင် ငှက်ပျောပင် တစ်ပင်ကို တရုတ်ငွေ ၅ ယွမ် မြန်မာငွေ ကျပ် ၁၅၀၀ စီ လျော်ကြေးပေးမယ်လို့ ပါရှိပေမယ့် လက်ရှိအချိန်မှာတော့ ဘာလျော်ကြေးမှ မရဘူးလို့ ဦးမခါတူးနန် က ပြောပါတယ်။
အခု သူလုပ်ကိုင်နေတဲ့ ငှက်ပျောခြံမှာ အပင်ပေါင်း တစ်သောင်းရှစ်ထောင်ရှိပြီး သူတို့ မိသားစုဝင် ငါးယောက် တစ်နှစ်ပတ်လုံး အချိန်ပေးပြီး လုပ်ခဲ့ရတာလို့ ဆိုပါတယ်။
ဦးမရူအောင်ကတော့ ကိုဗစ်အခြေအနေ ဆိုးလာချိန်မှာ တရုတ်အလုပ်ရှင်က ပစ်ပြေး တာကြောင့် မနှစ်ကတည်းက သူရဖို့ရှိတဲ့ လုပ်ခတောင် အခုထိ မရသေးဘူးလို့ ပြောပါတယ်။
“၁လပိုင်း လဆန်းပိုင်းကနေ ဖုန်းအဆက်အသွယ်လည်း မရတော့ဘူး။ ဘယ်သွားလဲ မသိဘူး။ ထွက်ပြေးသွားတာပေါ့။ အစပိုင်းက Wechat ကနေလည်း တွေ့တယ်။ အခု ဖုန်းဆက်မရတော့ Wechat မှာလည်း မတွေ့တော့ဘူး။ အမျိုးသားနဲ့လည်း မတွေ့ တော့ဘူး။ အမျိုးသမီးနဲ့လည်း အဆက်အသွယ်မရတော့ဘူး။ နစ်နာကြေး နည်းနည်း ပါးပါးတောင် ဘယ်လိုမှ မတောင်းယူနိုင်တော့ဘူး ဖြစ်နေတယ်။ ပိုးသတ်ဆေးဖျန်း တာက အနည်းဆုံး ၁၅ ကြိမ်လောက်လုပ်တယ်။ ကျနော်တို့ လုပ်ကြည့်ရင်တော့ ကျန်းမာရေးက တော်တော်ခံစားရတယ်။ အားယုတ်သလို ခံစားရတယ်။ ကျနော် တို့လည်း ကျန်းမာရေးကို ထိတာလည်းသိတယ်။ ကျနော်တို့လည်း တခြားလုပ်စရာ မရှိတော့ လုပ်နေရတာ အခုနှစ်တော့ ဒီလိုခံစားရတာပေါ့။”
တရုတ်လုပ်ငန်းရှင်ထံကနေ မနှစ်က လုပ်ခအတွက် ယွမ် တစ်သောင်းခြောက်ထောင်၊ ဒီနှစ်လုပ်ခအတွက် ယွမ် ငါးသောင်း၊ စုစုပေါင်း ယွမ်ငွေ နှစ်သောင်းတစ်ထောင် မရသေး ဘူးလို့ ဆိုပါတယ်။ အဲဒီငွေဟာ မြန်မာ ကျပ်ငွေ သိန်း ၂၀၀ ကျော်နဲ့ ညီမျှပါတယ်။ လိုင်ဇာ ဒေသဟာ ကေအိုင်အို ထိန်းချုပ်နယ်မြေဖြစ်တာမို့ ဒီနစ်နာမှုတွေကို ဖြေရှင်းပေးဖို့ ကေအိုင်အို အုပ်ချုပ်ရေးမှူးတွေထံ တိုင်ကြားထားတယ်လို့ ဦးမရူအောင်က ပြောပါတယ်။
ကေအိုင်အို သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ကိုဗစ်ကူးစက်မှု ကြောင့် တစ်သျှူး ငှက်ပျောတွေ တရုတ်ဘက် အချိန်မီ မပို့နိုင်ဘဲ အရှုံးပေါ်တာဖြစ်ပြီး ဒီကိစ္စ သူတို့နဲ့ တိုက်ရိုက်မပတ်သက်ဘူးလို့ ပြောပါတယ်။
“ကျနော်တို့ကြားသလောက်တော့ ဒီကိုဗစ်ပေါ့။ ကိုဗစ်ရောဂါကြောင့် ဒီစီးပွားရေး လမ်းကြောင်းတွေ အကုန်လုံး ပိတ်လိုက်တယ်။ နယ်စပ်ဂိတ်တွေလည်း အကုန်လုံး ပိတ်သွားတာ။ အဲဒါကြောင့် ဒီငှက်ပျောခြံတွေ၊ ငှက်ပျောသီးတွေ တခြားတရုတ်ဘက် ကိုဝင်တဲ့ ဒီပစ္စည်းတွေ အားလုံးကတော့ ဝင်လို့မှ မရတာ။ အဲဒါကြောင့်ဖြစ်မှာပါ။ ဒါပေမဲ့ အဲဒါက ကျနော်တို့ ကေအိုင်အိုနဲ့ တိုက်ရိုက်ပတ်သက်မှုတော့ မရှိပါဘူး။ သူတို့ စီးပွားရေးသမားတွေ၊ ခြံပိုင်ရှင်တွေ၊ သူတို့က ပို့သိမှာပါ။ ကျနော်တို့ သိတာက ဒီကိုဗစ် ရောဂါကြောင့် တရုတ်ဘက်ကို ကူးလို့မရဘူး။ ဒါက အဓိကပြဿနာဖြစ်တယ်လို့ ကျနော့်အနေနဲ့တော့ အဲလိုပဲမြင်ပါတယ်”
"နယ်စပ်ဂိတ်တွေလည်း အကုန်လုံး ပိတ်သွားတာ။ အဲဒါကြောင့် ငှက်ပျောသီးတွေ တရုတ်ဘက်ကိုဝင်တဲ့ ဒီပစ္စည်းတွေ ဝင်လို့မှမရတာ။"
ကေအိုင်အို ထိန်းချုပ်နယ်မြေမှာ တရုတ်ပိုင် တစ်သျှူးငှက်ပျောစိုက်ခင်း အသစ်တွေကို ခွင့်မပြုတာ သုံးနှစ်လောက် ရှိပြီလို့ သူက ဆိုပါတယ်။ အလုပ်သမားတွေ အခုလို လုပ်ခ လစာ ဆုံးရှုံးနေတာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
တစ်သျှူးငှက်ပျောစိုက်ပျိုးရေးကို အရင်စစ်အစိုးရခေတ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး တရုတ်လုပ်ငန်းရှင်တွေက စစ်တပ်အရာရှိတွေ၊ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ကိုင် တာကြောင့် လွန်ခဲ့တဲ့ ငါးနှစ်အတွင်း အဆမတန် ကြီးထွားလာခဲ့တယ်လို့ ဝိုင်းမော်မြို့နယ် က NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇယ်ခေါင်က ပြောပါတယ်။
အခု ကိုဗစ်ကူးစက်မှုကြောင့် အရှုံးပေါ်လာချိန်မှာတော့ ဒီစိုက်ခင်းတွေအတွက် တာဝန်ယူ မယ့်သူ မရှိတော့ဘဲ အဲဒီခြံတွေမှာ လုပ်ကိုင်နေတဲ့ မြန်မာနဲ့ ကချင်အလုပ်သမားအားလုံး အတိဒုက္ခရောက်ရတယ်လို့ ဦးဇယ်ခေါင်က ပြောပါတယ်။
“တပ်မတော်အစိုးရခေတ်ကတည်းက ဒါ စစိုက်တာ။ ဦးသိန်းစိန်ခေတ်မှာလည်း ဒါ တောက်လျှောက်စိုက်လာတာ။ ငြိမ်းချမ်းရေးအဖွဲ့တွေပေါ့နော် ပြည်သူ့စစ်အဖွဲ့တွေ စစိုက်လာတဲ့အချိန် နောက်ပိုင်း ကျနော်တို့ NLD အစိုးရခေတ်မှာတော့ ချက်ချင်း ထိန်းမနိုင် သိမ်းမရ ဖြစ်သွားတာ။ အခက်အခဲလေးတွေ တွေ့ရတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ NLD အစိုးရလက်ထက်မှာတော့ ဒါကို သေချာထိန်းဖို့ SOP တွေဆွဲတယ်။ ဒါကို အတည်ပြုပြီး လုပ်မယ်ဆိုတဲ့အချိန် နောက် ငါးနှစ်အစီအစဉ်တွေက စစ်အာဏာ သိမ်းလိုက်တဲ့အချိန်ကျတော့ လုပ်ငန်းပိုင်းမှာ ထိန်းသိမ်းမှု မရှိတော့ဘဲနဲ့ လွပ်လပ်တဲ့ ပုံစံဖြစ်သွားတာ တွေ့ရတယ်။ ဒီလွန်ခဲ့တဲ့နှစ်တွေမှာ Covid ကြောင့် နယ်စပ်ဂိတ်တွေ အပိတ်များတဲ့အချိန်ကျတော့ အလုပ်သမားတွေ၊ ဒီကဒေသခံတွေ၊ ရွှေ့ပြောင်းလုပ်သား တွေက လုပ်ငန်းပိုင်းဆိုင်ရာမှာ အရှုံးတွေ အများကြီးတွေ့ရတယ်”
NLD အစိုးရလက်ထက်တုန်းကတော့ အလုပ်သမားတွေ ထိခိုက်နစ်နာမှု မရှိအောင် ကချင် ပြည်နယ် အစိုးရကနေ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့တွေ ဖွဲ့ပြီး မြန်မာနိုင်ငံသားအလုပ်သမား တွေ ထိခိုက်နစ်နာမှု မရှိအောင် ဖြေရှင်းပေးခဲ့ဖူး တယ်လို့ သူက ဆိုပါတယ်။
ကချင်ပြည်နယ်ကထွက်တဲ့ တစ်သျှူးငှက်ပျောတွေကို ကချင်ပြည်နယ် ကန်ပိုက်တီး၊ လွယ်ဂျယ်၊ လိုင်ဇာ စတဲ့ နယ်စပ်ဂိတ်တွေကတစ်ဆင့် တရုတ်ဘက်ကို တင်ပို့တာပါ။
ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တုန်းက တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကတစ်ဆင့် ကချင်ပြည်နယ်ကနေ တရုတ်ကို တင်ပို့တဲ့ တစ်သျှူးငှက်ပျော တန်ချိန် ခုနစ်သိန်း သုံးသောင်းကျော်ထိရှိခဲ့တယ်လို့ Mekong Region Land Governance အဖွဲ့က ထုတ်ပြန် ထားပါတယ်။
ငှက်ပျောပင်ကိုစိုက်တဲ့အချိန် စီးပွားရေးအရ အပင်နဲ့အသီးကအစ တစ်ညီတည်း တစ်ရွယ် တည်း ရရှိအောင် ဓာတ်ခွဲခန်းမှာ တစ်သျှူးနဲ့ မျိုးပွားယူတဲ့စနစ်သုံးပြီး စိုက်ပျိုးတဲ့အတွက် တစ်သျှူးငှက်ပျော စိုက်ပျိုးရေးလို့ ခေါ်တွင်တာပါ။
တစ်သျှူးငှက်ပျောစိုက်ပျိုးရာမှာ စီးပွားရေးအရ အထွက်ကောင်းအောင် ပိုးသတ်ဆေးနဲ့ ဓာတ်မြေဩဇာတွေ အဆမတန် သုံးတဲ့အတွက် မြေဆီလွှာနဲ့ သဘာဝဝန်းကျင် ထိခိုက် ပျက်စီးကြောင်း ကချင်ဒေသ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတွေက ထောက်ပြ ဝေဖန်ကြပါတယ်။