အင်းဝမြို့ဟောင်းက ရှင်ပြုအလှူပွဲ
2024.03.19

ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ရိုးရာထုံးတမ်းအစဉ်အလာတစ်ခုလိုဖြစ်တဲ့ ရှင်ပြုနားသအလှူပွဲတွေ မကျင်းပနိုင်ခဲ့ကြပါဘူး။
မန္တလေးမြို့အနီးက အင်းဝမြို့ဟောင်းမှာတော့ အခက်အခဲတွေကြားကနေ ရှင်ပြုအလှူပွဲတချို့ ကျင်းပနေကြပါတယ်။
"အမေက အိမ်မှာ၊ အဖေက ဆုံးသွားပြီ။ ပျော်တာက ဒီအတိုင်း မြင်းမစီးဖူးလို့ အခုမှ စီးရလို့ ပျော်တယ်။ မြင်းကို မတရား စီးချင်တာ၊ အမေက မစီးခိုင်းလို့"
အသက် ၈ နှစ်အရွယ် မောင်စိုင်းခန့်ဇော်ဟာ ရှင်လောင်းအဝတ်အစားဝတ်ပြီး အင်းဝမြို့ဟောင်းက လမ်းမတွေပေါ်ကို မြင်းစီးလှည့်လည်ရလို့ ပျော်နေတာပါ။
မောင်စိုင်းခန့်ဇော်ရဲ့ အဖေက ကိုဗစ်ပထမလှိုင်းမှာ အသည်းခြောက်ရောဂါနဲ့ ဆုံးပါးသွားခဲ့တာပါ။ အခုလို ရှင်လောင်းအနေနဲ့ ပါဝင်ဖူးတာ သူ့အတွက် ပထမဆုံးအကြိမ်လို့ ဆိုပါတယ်။
ဒါကတော့ ပါဝင်သူတွေကို အလှူမလှည့်ခင် နှစ်နာရီလောက်ကြိုပြီး ပြင်ဆင်လိမ်းခြယ်နေကြတာပါ။
တံတားဦးမြို့နယ် အင်းဝမြို့ဟောင်း လေသာရပ်က ကိုကျော်ထွန်းနဲ့ မမာမာဝင်းတို့ရဲ့ ရှင်ပြုအလှူမှာ မောင်ရှင်လောင်း ၂၇ ပါးနဲ့ နားသ ၃၃ ပါး ပါဝင်ပါတယ်။
နေပူပူမှာ မြန်မာဘုရင်တွေ လက်ထက်ကလို နန်းဝတ်နန်းစားတွေဝတ်ပြီး လှည့်လည်လမ်းလျှောက်ကြတာပါ။
"ကျွန်တော်တို့ကကျတော့ လိုတဲ့နေရာကနေ ပါဝင်ပေးရတာပေါ့။ အခု ကျွန်တော်က ပုဏ္ဏားညို၊ သူက ပုဏ္ဏားဖြူပေါ့။ သူတို့ကကျတော့ ဝန်နီ၊ ဝန်စိမ်းတွေပေါ့ အားလုံး။ ပျော်နေလို့ ပူတယ်လည်း မအောင့်မေ့တော့ဘူး၊ အိုက်တယ်လည်း မအောက်မေ့တော့ဘူး။ တစ်လမ်းလုံး ကပြီးတော့မှ လိုက်ရတာကို ပျော်တယ်။ ပါရမီဖြည့်ပေးရတာကို ပျော်တယ်"
"ကိုယ်ဖြစ်ချင်တဲ့ဆန္ဒ ဖြစ်မြောက်သွားပြီဆိုတော့ အေးအေးချမ်းချမ်းပါပဲ။ အဲဒီ ခံစားချက်က ပြောမပြတတ်အောင် ဝမ်းသာတာပေါ့"
လာရောက်ကြတဲ့ ဧည့်ပရိသတ် တစ်ထောင်ကျော်ကို ကျွေးမွေးတဲ့စရိတ်တွေနဲ့ အလှူပွဲမှာလိုအပ်တဲ့ အသုံးအဆောင်ပစ္စည်း ငှားရမ်းခတွေဟာ ကုန်စျေးနှုန်းကြီးမြင့်လာတာနဲ့အတူ ပိုပြီးကုန်ကျလာတယ်လို့ ဆိုပါတယ်။
တစ်နှစ်ထက်တစ်နှစ် ကုန်စျေးနှုန်းတွေ ကြီးမြင့်လာတဲ့အချိန်မှာ အခုလို အလှူကြီးပေးနိုင်ဖို့ဆိုတာ မလွယ်ကူဘူးလို့ ဒီအလှူမှာ ဝိုင်းဝန်းကူညီတဲ့ ဦးထွန်းထွန်းဦးက ပြောပါတယ်။
"အခုခေတ်ဆိုရင် ဆီစျေး၊ ဆန်စျေး ဒီလောက်ကြီးနေတဲ့ကြားကမှ လှူနိုင်တာကိုက ဂုဏ်ပုဒ်တစ်ချက်တော့ မြင့်တာပေါ့။ ဝမ်းသာပီတိ ဖြစ်ရတာပေါ့။ အလှူတစ်လှူဖြစ်ဖို့ဆိုတာက လွယ်တာမှ မဟုတ်ဘဲနဲ့။ အိမ်တိုင်းလည်း မလှူနိုင်သလို လူတိုင်းလည်း အဆင်မပြေနိုင်ဘူးလေ။ ပြီးရင် အလှူရှင်တွေရဲ့ ပါရမီရှိမှသာလျှင် လှူထိုက်တာကိုး။ အဲတော့ တက်နိုင်တဲ့ဘက်က ကူညီတဲ့သူကလည်း တတက်တအားပေါ့နော်၊ လုပ်အားဒါနနဲ့ ကူညီရတာလည်း အလှူတစ်မျိုးပါပဲ"
အလှူကြီးနေ့မှာတော့ လာရောက်သူတွေကို ဆိုင်းနဲ့ ဖျော်ဖြေဧည့်ခံတာ၊ ရှင်လောင်းတွေကို ဘိသိတ်မြှောက်ပြီး အမိအဖကို ကန်တော့တာတွေ လုပ်ကြပါတယ်။ ပြီးရင်တော့ သားရှင်လောင်းတွေက သံဃာတော်တွေရဲ့ အဆုံးအမခံယူကာ သင်္ကန်းစီးမြန်းပေးပြီး သာသနာ့ဘောင်ကို ဝင်ရောက်ကြပါတယ်။
သားရှင်ပြု အလှူလုပ်ကြတာရဲ့ ရည်ရွယ်ချက်ဟာ ဒုက္ခတွေကနေ လွတ်မြောက်စေဖို့အတွက်ဖြစ်တယ်လို့ အင်းဝမြို့ဟောင်းက ရွှေစေတီ ဘုရားလှအထက်ကျောင်းက ဆရာတော် အရှင်တိလောက မိန့်ပါတယ်။
"ဝဋ်ဒုက္ခကနေ လွတ်မြောက်ပါစေခြင်း အကျိုးငှာ ရှင်ရဟန်းပြုရတယ်။ ရှင်ရဟန်းပြုလို့ရင် တစ်အချက် ပရိယတ္တိ သင်ရတယ်၊ နှစ်အချက် သိပြီးတော့ သိတဲ့အတိုင်းကျင့်တယ်။ နံပါတ်သုံး သိပြီးကျင့်ပြီးတော့ကျ ပရိဝေဓဆိုတာ ခံစားရတယ်။ အဲသုံးချက်ပါပဲ။ ရှင်ရဟန်းရဲ့ ပန်းတိုင်က နိဗ္ဗာန်ပါပဲ"
အခုလို စည်ကားတဲ့ အလှူဖြစ်ဖို့ ကုန်ကျစရိတ်ကို ငွေကျပ် သိန်း ၃၀၀ ကျော်မှန်းထားခဲ့ပေမယ့် လက်တွေ့မှာတော့ သိန်း ၅၀၀ နီးပါး ကုန်ကျခဲ့တယ်လို့ အလှူရှင် ကိုကျော်ထွန်းက ပြောပါတယ်။
သမီးနှစ်ယောက်ပဲရှိတဲ့ သူတို့အဖို့ မွေးစားထားတဲ့သားလေး အရွယ်မလွန်ခင်မှာ ရှင်ပြုအလှူ လုပ်ချင်တာကြောင့် အခုလို ကျင်းပဖြစ်ခဲ့တာလို့ ဆိုပါတယ်။
"အခက်အခဲကတော့ အများကြီးပေါ့။ အခက်အခဲက အများကြီးဆိုပေမယ့် ဒီအလှူဖြစ်ဖို့ကတော့ တစ်လ၊ နှစ်လလောက် ကိုယ်ဘာကိုယ် ကြိတ်စဥ်းစားတာပေါ့၊ သူများလည်း မတိုင်ပင်ဘူး။ အကုန်လုံး စီစဥ်ပြီးပြီဆိုတော့မှ ဖွင့်ပြောတာ။ ဘယ်သူ့မှ မတိုင်ပင်ဘူး။ ကိုယ့်မိန်းမကိုတောင် မတိုင်ပင်ဘူး။ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒ ဖြစ်မြောက်သွားပြီဆိုတော့ အေးအေးချမ်းချမ်းပါပဲ။ အဲဒီ ခံစားချက်က ပြောမပြတတ်အောင် ဝမ်းသာတာပေါ့"