ခေတ်စနစ်အပြောင်းအလဲကြား ရုန်းကန်နေရတဲ့ ရန်ကုန်မြို့က လက်နှိပ်စက်ဆရာ
ရန်ကုန်မြို့လယ် ကုန်သည်လမ်းနဲ့ ပန်းဆိုးတန်းလမ်းမပေါ်က ကိုလိုနီခေတ် အဆောက်အအုံတွေအနီးမှာ အသက် ၇၄ နှစ်အရွယ် ဦးအောင်မြင့် လက်နှိပ်စက်နဲ့ စာရိုက်နေတာပါ။
သူဟာ ၁၉၈၀ ပြည့်နှစ်ကတည်းက ပန်းဆိုးတန်းလမ်းမကြီးပေါ်မှာပဲ လက်နှိပ်စက်ရိုက်ပြီး အသက်မွေးဝမ်းကျောင်း ပြုခဲ့တာပါ။
အရင်ကတော့ စာတွေကို မအားမလပ်ရိုက်ခဲ့ရပေမယ့် နည်းပညာမြင့် ကွန်ပျူတာတွေ ပေါ်လာချိန်မှာတော့ လက်နှိပ်စက်ရဲ့ အခန်းကဏ္ဍဟာလည်း မှေးမှိန်လာခဲ့ပါတယ်။
''ရှေ့နေတွေကျတော့ ကွန်ပျူတာဘက်ကို အားသာသွားတာပေါ့။ တရားရုံးကျတော့ ရှင်းရှင်းလင်းလင်း တရားသူကြီးဖတ်လို့ရတယ်လေ။ အဲဒါကြောင့်မို့ သူတို့ကွန်ပျူတာ ဘက်ကို လှည့်သွားကြတယ်။ ကျနော်တို့ အခုလက်နှိပ်စက်ကျတော့ ပါဝါတွေ လွှဲတာ တို့၊ အရေးပေါ်လာတာလေးတွေ၊ ကွန်ပျူတာလုပ်မရတဲ့ဟာလေးတွေ ကျနော်တို့ လက်နှိပ်စက်နဲ့ လုပ်နေရတာပါ"
သူအသုံးပြုနေတဲ့ အနောက်ဂျာမနီလုပ် လက်နှိပ်စက်လေးနဲ့ နေ့စဥ် စားဝတ်နေရေးကို ခက်ခက်ခဲခဲ ရုန်းကန် နေရပြီး တစ်ခါတစ်ရံ စျေးဦးမပေါက်တဲ့နေ့တွေလည်း ရှိနေပါတယ်။
"စျေးဦးမပေါက်တဲ့နေ့တော့ ရှိတာပေါ့။ လက်နှိပ်စက်က ဒီလက်နှိပ်စက်လေးနဲ့က သုံးလုံးမြောက်။ ပထမနှစ်လုံးက စာမူတွေ ရိုက်ပါများတော့ စာလုံးတွေပါးသွားပြီး စက်တွေကလည်း ပြုန်းသွားတာနဲ့ နှစ်လုံးလုံးက ပြန်ရောင်းပစ်လိုက်ရတာ"
အခုအချိန်မှာ လက်နှိပ်စက်ပြင်ဆရာ ရှားပါးတာကြောင့် လက်နှိပ်စက်ပျက်ရင် ကိုယ်တိုင် ပြုပြင်နိုင်အောင် သူ့ရဲ့ လွယ်အိတ်ဟောင်းလေးထဲက ကွန်ပါဘူးထဲမှာ အရေးပေါ်ပြင်ဖို့ လိုအပ်တဲ့ ကိရိယာလေးတွေ အမြဲ ထည့်ထားလေ့ရှိပါတယ်။
အရင်ကလို စာပေစိစစ်ရေး မရှိတော့တဲ့အတွက် စာမူတွေမရိုက်ရတာ၊ စာအုပ်ဖတ်သူ နည်းလာပြီး စာအုပ်ထုတ်ဝေမှုတွေ လျော့ကျလာတာအပြင် နိုင်ငံရေးအခြေအနေတွေကြောင့် သူ့ရဲ့ ဘဝရပ်တည်ရေးဟာလည်း အရင်ကထက် ပိုမို ခက်ခဲလာပါတယ်။
"ကိုယ်စားလှယ်လွှဲစာတွေ၊ စာချုပ်စာတမ်းလေးတွေနဲ့ နောက်ပြီးတော့ အဘတို့ ကျတော့လည်း တချို့က လှူတာတန်းတာ၊ ပေးတာကမ်းတာလေးတွေတော့ ရှိတာပေါ့လေ''
ဦးအောင်မြင့်ဟာ ဦးနှောက်ချို့ယွင်းပြီး မျက်စိကွယ်နေတဲ့ အသက် ၈၄ နှစ်အရွယ် ဇနီးနဲ့အတူ ရန်ကုန်တိုင်း သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ရွာက ၁၀ ပေပတ်လည်အိမ်လေးမှာ လက်ရှိနေထိုင်ပြီး လက်နှိပ်စက်ရိုက်တဲ့အလုပ်နဲ့ ဘဝရဲ့ ကျန်ရှိနေတဲ့အချိန်တွေကို ရုန်းကန်ဖြတ်သန်းနေပါတယ်။