ကရင်လူငယ်ပစ်သတ်ခံရမှု အမေရိကန်ရဲတွေ ဝန်ခံဖို့ မိခင်တောင်းဆို

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2024.07.06
ကရင်လူငယ်ပစ်သတ်ခံရမှု အမေရိကန်ရဲတွေ ဝန်ခံဖို့ မိခင်တောင်းဆို အမေရိကန်ပြည်ထောင်စု နယူးရောက်ပြည်နယ် ယူတီကာမြို့ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် မောင်ညမွှေး ဈာပနအခမ်းအနားအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က ပြုလုပ်ခဲ့စဉ်။
Gemunu Amarasinghe/RFA

မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့ကနေ စစ်ဘေးရှောင်ထွက်ပြေး၊ ထိုင်းနိုင်ငံ အုန်းဖျန်ဒုက္ခသည်စခန်းမှာ ခိုလှုံ၊ အဲဒီကနေတစ်ဆင့် ဘဝသစ်စဖို့ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့အခြေချလာတဲ့ အသက် ၁၃ နှစ်သား မောင်ညမွှေးဟာ သူနေထိုင်ရာ နယူးယောက်ပြည်နယ် ယူတီကာမြို့ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်တာခံရပြီး သေဆုံးသွားပါတယ်။

သူ့ရဲ့နာရေးကို ဇူလိုင် ၆ ရက်နေ့က လုပ်ခဲ့ပြီး မိသားစု၊ သူငယ်ချင်းတွေ ယူတီကာမြို့နေ ကရင်လူမှုအသိုင်းအဝိုင်းက လိုက်ပါပို့ဆောင်ခဲ့ပါတယ်။

မောင်ညမွှေးကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ရဲအပါအဝင် တာဝန်ရှိတဲ့သူ ရဲသုံးဦးကို အလုပ်က ထုတ်လိုက်ဖို့၊ တရားမျှတမှုရအောင် လုပ်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပေမဲ့ ယူတီကာရဲတပ်ဖွဲ့ကတော့ အဲဒီသုံးဦးကို အလုပ်က မထုတ်ဘဲ ရဲတာဝန်တွေ ခဏရပ်ပြီး ရုံးလုပ်ငန်းဘက်ကို ပြောင်းလိုက်ပါတယ်။

သေဆုံးသူသားအတွက် တရားမျှတမှုလိုချင်တယ်လို့ မောင်ညမွှေးရဲ့အမေ ဒေါ်ရှီဝါက RFA ကိုပြောပါတယ်။

"အမှန်တရား လိုချင်တယ်။ အဲဒီရဲသုံးယောက်ဟာ ကျွန်မသားကို ပစ်သတ်လိုက်တယ်ဆိုတာကို ဝန်ခံရင် ကျေနပ်တယ်"

ယူတီကာမြို့မှာ မြန်မာနိုင်ငံက ပြောင်းရွှေ့အခြေချနေထိုင်တဲ့ ကရင်လူမျိုး ငါးထောင်လောက်ရှိပါတယ်။ အဲဒီကရင်တွေအပါအဝင် ဒေသခံတွေဟာ ညမွှေးအတွက် တရားမျှတမှု လိုလားနေကြပါတယ်။

မောင်ညမွှေးသေဆုံးတာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က အခင်းဖြစ်တဲ့ည ရဲခန္ဓာကိုယ်မှာ တပ်ဆင်ထားတဲ့ ကင်မရာက ဗီဒီယိုကို ထုတ်ပြန်ထားပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ရပ်ကွက်ထဲမှာ အဲဒီညက ခိုးမှုဖြစ်ခဲ့ကြောင်း၊ ခိုးမှုမှာပါတဲ့သူတွေနဲ့ ရုပ်ချင်းဆင်တယ်ဆိုပြီး ညမွှေးနဲ့ တခြားဆယ်ကျော်သက် ယောက်ျားလေးတစ်ဦးကို ရဲတပ်ဖွဲ့က လမ်းမပေါ်မှာ တားစစ်ခဲ့တဲ့အကြောင်း၊ အဲဒီလို စစ်ဆေးချိန် လက်ထဲမှာ သေနတ်ပါ မပါ မေးတဲ့အကြောင်း၊ မောင်ညမွှေးဟာ အစစ်မခံဘဲ ထွက်ပြေးတဲ့အကြောင်း၊ နောက်ပိုင်း ညမွှေးမှာ သေနတ်ပါတာကို တွေ့ရပြီး အဲဒီနောက် လုံးထွေးသတ်ပုတ်ရင်း ရဲတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ သေနတ်ကျည်ဆန်ကြောင့် ညမွှေးသေဆုံးခဲ့ရတာပါ။

ညမွှေးမှာပါလာတဲ့ သေနတ်ဟာ သေနတ်အစစ်မဟုတ်ဘဲ ကစားစရာသေနတ်ဖြစ်တယ်ဆိုတာ နောက်ပိုင်းမှ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးရောက်ပြည်နယ် ယူတီကာမြို့ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် မောင်ညမွှေး ဈာပနအခမ်းအနားအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က ပြုလုပ်ခဲ့စဉ်။ (Photo: Gemunu Amarasinghe/RFA)
အမေရိကန်ပြည်ထောင်စု နယူးရောက်ပြည်နယ် ယူတီကာမြို့ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် မောင်ညမွှေး ဈာပနအခမ်းအနားအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က ပြုလုပ်ခဲ့စဉ်။ (Photo: Gemunu Amarasinghe/RFA)

မောင်ညမွှေးနဲ့ တစ်ကျောင်းတည်းနေတဲ့ ကျောင်းသားမိဘတစ်ဦးရဲ့မိခင် ကန်ဒါ ဖေရဂျာက "ဒီလိုဖြစ်တဲ့အတွက် ကျွန်မ အရမ်းတုန်လှုပ်မိတယ်။ ညမွှေးဟာ ပျော်ပျော်နေတတ်တဲ့ ကလေးတစ်ယောက်ပါ။သူ့မျက်နှာမှာ အမြဲတမ်း အပြုံးတွေမြင်ရတယ်။ ဒီအပြုံးတွေကို ကျွန်မပြန်မြင်ရတော့မှာ မဟုတ်ဘူး။ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ဗီဒီယိုကို ကျွန်မ လုံးဝလက်ခံဘူး" လို့ပြောပါတယ်။

ယူတီကာမြို့မှာနေတာ ၁၅ နှစ်လောက်ရှိပြီဖြစ်တဲ့ နော်စူဇန်နာက "သူတို့ရဲ့ လုပ်ရပ်ဟာ လုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာ ပြန်စဉ်းစားသင့်တယ်။ ပစ်သတ်ရလောက်တဲ့အထိ ဒီကလေးက အပြစ်ရှိလား မေးချင်တယ်" လို့ပြောပါတယ်။

နောက်ထပ် ကရင်တိုင်းရင်းသားတစ်ဦးဖြစ်တဲ့ စောကပေါကလည်း "ညမွှေးကိုသတ်တဲ့ ရဲကို ချက်ချင်း အလုပ်က ထုတ်စေချင်တယ်။ အရေးယူစေချင်တယ်။ ဖမ်းစေချင်တယ်" လို့ ပြောပါတယ်။

ယူတီကာရောက် မြန်မာတွေကို ကူညီပေးနေတဲ့ အမေရိကန်နိုင်ငံသား ခရစ္စ ဆန်းဒါးလန်းကတော့ "ကျွန်တော်တို့ မျှော်တော့ မျှော်လင့်တယ်၊ ဒါပေမဲ့ ဘာမှ အများကြီးမျှော်လင့်လို့ မရဘူးလို့ထင်တယ်။ ကျွန်တော်တို့ အချင်းချင်းတော့ တစ်ယောက်ကိုတစ်ယောက် အင်အားကောင်းကောင်းနဲ့ ကူညီဖို့လိုတယ်။”

သေဆုံးသူ မောင်ညမွှေးအတွက် တရားမျှရဖို့ ပြီးခဲ့တဲ့ရက်ထဲမှာ ယူတီကာက ဒေသခံ ရာနဲ့ချီဆန္ဒပြခဲ့ကြသလို နောက်ရက်တွေလည်း ဆန္ဒပြတာတွေ ဆက်ရှိနေဦးမယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။