ဝမ်းရေးအတွက် အသက်လု စျေးရောင်းနေရသူများ
2023.08.10

လူဦးရေထူထပ်လာတဲ့ ရန်ကုန်မြို့မှာ ဝင်ငွေမရှိရင် ကျောတစ်ခင်းစာနေရာရဖို့ မလွယ်လှပါဘူး။
အဲဒီလို ကျောတစ်နေရာစာ မပျောက်ဖို့ ကားတိုက်ခံရမယ့်အန္တရာယ်ကို ကြည့်ရင်း၊ ရှောင်ရင်း မီးပွိုင့်အောက်မှာ အသက်အရွယ်အစုံ စျေးရောင်းနေကြသူတွေ အများအပြားပါ။
စျေးရောင်းနေသူတွေထဲ အရှေ့ဒဂုံမြို့နယ်မှာနေတဲ့ ကိုနိုင်ဦးလည်း ပါပါတယ်။
"အရင်တုန်းကတော့ ကျွန်တော် ကျောက်တွေ လိုက်ထမ်းတယ်ဗျ၊ အခု ကျောက်ထမ်းရမယ့်အလုပ်တွေမရှိတော့ သရက်သီးတို့၊ ရေသန့်တို့ရောင်းတယ်ဗျ။ တစ်နေ့မှ တစ်သောင်းကျော်ရ၊ နှစ်သောင်းရနဲ့ စားဝတ်နေရေးပဲရတယ်။ အဲဒီလိုစားဖို့အတွက် ရဖို့အရေးကို မနည်းရုန်းကန်နေရတယ်။ တစ်နေကုန် အဲလိုကားကြိုကားကြားထဲမှာ ကားမကြောက်၊ မိုးမကြောက်နဲ့၊ မိုးရွာလိုက်လို့ရှိရင် မရောင်းရတော့ဘူး၊ ကားစရိတ်နဲ့ ပြန်ပြန်သွားရတာ၊ စားဖို့သောက်ဖို့အတွက်တော့ ဝေသာဝေးပဲ"
အခုသူရောင်းနေတဲ့ မီးပွိုင့်ကတော့ တောင်ဒဂုံ၊ မြောက်ဒဂုံ (တောင်မြောက်) လမ်းဆုံနဲ့နီးတဲ့ မြောက်ဒဂုံ ပင်လုံဆေးရုံနားက ပင်လုံမီးပွိုင့်အောက်မှာ ဖြစ်ပါတယ်။
ကိုနိုင်ဦးနဲ့အတူ လမ်းဆုံမီးပွိုင့်တစ်ခုထဲမှာ စျေးရောင်းနေတဲ့ မအေးသောင်းဆိုရင်လည်း အရှုံးပေါ်တဲ့နေ့တွေမှာ အရင်းအနှီးပြန်ရဖို့ ရုန်းကန်ရတဲ့အကြောင်း ပြောပြပါတယ်။
"မြောင်းမြမှာနေတယ်၊ ရန်ကုန်တက်လာပြီး ကားကြီးဂိတ်မှာနေပြီးတော့ အိမ်ငှား နေတာပါ၊ ဒီမီးပွိုင့်မှာ စျေးရောင်းစားနေတာ ငါးနှစ်သက်တမ်းရှိသွားပါပြီ၊ အခုဒီမှာ စည်ပင်တွေဖမ်း၊ ဘာတွေဖမ်းဆိုတော့ အခက်အခဲတွေကတော့ တအားကြုံတာပေါ့၊ အခက်အခဲတွေကတော့ ဒီနေ့မရောင်းနဲ့ဆို မရောင်းရတော့ဘူးဆိုတော့ ရောင်းမယ့် ပစ္စည်းတွေက ဆုံးရှုံးသွားပြန်ရော၊ နောက်နေ့ အရင်းအနှီးက မရှိပြန်ဘူး"
တစ်နေ့ရောင်းမှ တစ်နေ့စားသောက်ဖို့ရတာမို့ စျေးထွက်မရောင်းနိုင်တဲ့နေ့ဆို စားရေး သောက်ရေး ဒုက္ခရောက်ရတယ်လို့ ကိုနိုင်ဦးက ပြောပါတယ်။
"တစ်နေ့တစ်နေ့အမြတ်ရတယ်ဆိုပေမယ့် ဘယ်လိုမှ စုလို့မရဘူး၊ ဒီနေ့ရောင်းရတဲ့ အမြတ်သည် မနက်ဖြန်အတွက် အရင်းပဲ ထားရတာ၊ ဒီကြားထဲ ကျွန်တော်တို့က ရိုးရိုးသားသား ရောင်းစားနေရတယ်ဆိုပေမယ့် စည်ပင်လာလည်း ပြေးရတယ်၊ လွှားရတယ်၊ အဲဒီအခါကျရင် အကုန်ရှုံးတယ်။ မိုးရွာလို့ရှိရင်လည်း အမြတ်မရတဲ့အပြင် အရင်းပါ အကုန်ရှုံးတယ်၊ ဘယ်လိုမှအဆင်မပြေတော့ စုဖို့ဆိုတာတော့မပြောနဲ့ အဝေးကြီး။ တစ်နေ့စာ တစ်နေ့စားဖို့ ရုန်းကန်လှုပ်ရှားနေရတာ"
"ကျွန်တော်တို့က ရိုးရိုးသားသား ရောင်းစားနေရတယ်ဆိုပေမယ့် စည်ပင်လာလည်း ပြေးရတယ်၊ လွှားရတယ်။ အဲဒီအခါကျရင် အကုန်ရှုံးတယ်"
မီးပွိုင့်တွေမှာ စျေးရောင်းရင်း ကားတိုက်ခံရမှာ စိုးရိမ်ပေမယ့် အငတ်မခံနိုင်တာကြောင့် ဒီအလုပ်ကိုပဲ လုပ်နေရတာလို့ ဧရာဝတီတိုင်း သာပေါင်းမြို့နယ်ကနေ ရန်ကုန်ကို ရောက်လာတဲ့ ဦးတိုးလွင်က ပြောပါတယ်။
"ကျွန်တော်တို့လည်းစားဖို့နေရေးအတွက် မိုးရွာမရှောင်၊ နေပူမရှောင် လုပ်ရတယ်။ ကားတိုးမှာလည်း ကြောက်ရသေးတယ်၊ ကိုယ့်ဘေးကိုလည်း ကိုယ်ကြည့်ရှောင် ရသေးတယ်။ ကျွန်တော်တို့က လမ်းပေါ်နေပြီးတော့ ကားသမားတွေ၊ ကားပေါ်က လူတွေကို အမှီပြုပြီး ရောင်းစားနေရတာပါ၊ မိုးရွာရင်လည်း ကြောက်ရသေးတယ်၊ ရောင်းတဲ့ပစ္စည်း မိုးစိုသွားရင်လည်း ဆုံးရှုံးတယ်လေ"
ဦးတိုးလွင်ဟာ အခုလိုကားတွေကြားထဲ စျေးရောင်းနေတာ ငါးနှစ်ရှိနေပါပြီ။
သူတို့အားလုံးရဲ့ မျှော်လင့်ချက်က ဆိုင်ခန်းလေးနဲ့ စျေးရောင်းချင်ကြတာပါ။ ဒါပေမဲ့လည်း အရင်းအနှီး မတတ်နိုင်ဘူးလို့ မအေးသောင်းက ပြောပါတယ်။
"ဆိုင်နဲ့၊ အခန်းနဲ့တော့ ရောင်းချင်တာပေါ့။ အဲဒီလို ဆိုင်နဲ့၊ အခန်းနဲ့ရောင်းဖို့ ပိုက်ဆံမတတ်နိုင်ဘူးလေ၊ မီးပွိုင့်မှာပဲ ရောင်းစားရတာ"
ရန်ကုန်မြို့က ကုန်တိုက်ကြီးတွေနဲ့ စတိုးဆိုင်တွေမှာ ဆိုင်ဖွင့်ပြီး စျေးရောင်းကြသူတွေက စီးပွားဖြစ် အမြတ်ရနိုင်ကြပေမယ့် ရုံးသွား၊ ရုံးပြန် ခရီးသည်တွေကိုအားကိုးပြီး စျေးရောင်းနေကြရတဲ့ မီးပွိုင့်က စျေးသည်တွေနဲ့ ကားမှတ်တိုင်တွေမှာ ရောင်းနေကြရတဲ့ ခေါင်းရွက်ဗျက်ထိုး လက်ဆွဲစျေးသည်တွေအတွက်ကတော့ ငွေကြေးစုဆောင်း မိဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ စံပြစျေးမှတ်တိုင်မှာ နှစ်ပေါင်းသုံးဆယ်ကျော် စျေးရောင်းလာတဲ့ ဒေါ်ရင်ရင်အေးက ပြောပါတယ်။
"ကျွန်မငယ်ငယ်ကတည်းက အမေအိုကြီးတွေ၊ အဖေအိုကြီးတွေ ရှိကတည်းက ကျွန်မလုပ်စားတာပါ၊ ၁၈ နှစ်သမီးကတည်းက ရောင်းစားလာတာပါ၊ တူမလေး နှစ်ယောက်၊ အမေအို၊ အဖေအိုကြီးတွေ လုပ်ကျွေးကတည်းက ကျွန်မ အခုအချိန်အထိ စျေးသာရောင်းနေတာ၊ အိမ်ပိုင်တစ်လုံးမှ မရသေးပါဘူး"
တစ်နေ့တခြား မြင့်တက်လာတဲ့ ကုန်စျေးနှုန်းကြောင့် ဝမ်းရေးအတွက် အသက် အန္တရာယ်တွေကြားမှာ မနားမနေ၊ ရုန်းကန်လှုပ်ရှားနေရတဲ့ မီးပွိုင့်က စျေးသည်တွေ အကြောင်း တင်ပြလိုက်ပါတယ်။