ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြလို့ အလုပ်သမားတွေ ဥပဒေအရ ရင်ဆိုင်ရမည်


2019.02.17

ခွင့်ပြုချက်မရရှိခဲ့ပေမယ့် မန္တလေးနဲ့ ရန်ကုန်က အလုပ်သမားအင်အား ၅၀၀ လောက်ဟာ မန္တလေးမြို့မှာ ဒီနေ့ စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ ဒီအကြောင်း RFA သတင်းထောက် မခေမဏီဝင်း က တင်ပြထားပါတယ်။

အလုပ်သမားရေးရာကိစ္စတွေကို အစိုးရနဲ့ လွှတ်တော်က အာရုံစိုက်ဖြေရှင်းပေးဖို့ ရည်ရွယ်ချက်နဲ့ ဆန္ဒထုတ်ဖော်ကြတာဖြစ်တယ်လို့ သိရပါတယ်။

“ခွင့်ရက်နဲ့ အလုပ်ပိတ်ရက် ဥပဒေပြဌာန်းတဲ့အခါမှာလည်း အလုပ်သမားအဖွဲ့ရဲ့ သဘောထားမပါဝင်ခဲ့ပါဘူး။ အလုပ်သမားရေး အငြင်းပွားမှုဖြေရှင်းရေးမှာလည်း အကြံပြုထားတာတွေ မပါတာတွေ့ရတယ်။အလုပ်သမား အဖွဲ့ခေါင်းဆောင်တွေကို အလုပ်ထုတ်ခံရတာများလာတယ်၊ ဒါတွေကို ဖြေရှင်းဖို့ အခုလို ဆန္ဒထုတ်ဖော် တာဖြစ်ပါတယ်“

မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က အထွေထွေ အတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင် က ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ပြည်ကြီးတံခွန်မြို့နယ်၊ အေးသုခလမ်းကနေ မနော်ရမ္မံ ဟစ်တိုင်ကွင်းအထိ ဆန္ဒပြဖို့ စီစဉ်ခဲ့ပေမယ့် ရဲ့တပ်ဖွဲ့ရဲ့ တားမြစ်ချက်ကြောင့် မနော်ရမ္မံကွင်း မရောက်ခင်မှာ ရပ်နားပြီး ဟောပြောခဲ့ကြပါတယ်။

ဆန္ဒပြသူတွေ စီတန်းလှည့်လည်ခဲ့တဲ့ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နဲ့ မဟာအောင်မြေမြို့နယ်တို့က အုပ်ချုပ်ရေးတာဝန်ရှိသူတွေဟာ ဒေသန္တရ အမိန့်အရဆိုကာ သုံးကြိမ်တိုင်တိုင် တားမြစ်ခဲ့ကြပါတယ်။

မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်က အခုလိုတားမြစ်ခဲ့ပါတယ်။

“မြို့နယ်က ကြိုတင်သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို ကြိုတင်ရှင်းပြပြီးပါပြီ။ မနော်ရမ္မံကွင်းမှာ ဈေးပွဲတော်လုပ်နေတဲ့ကာလဖြစ်လို့ ဒီနေရာကနေ ငြိမ်းချမ်းစွာ လူစုခွဲပြီးပြန်ဖို့ တောင်းပန်ပါတယ်။ လူစုခွဲ့ပြီး ငြိမ်းချမ်းစွာ ပြန်ဆုတ်သွားပါ“

တရားမဝင် ဆန္ဒထုတ်ဖော်ခဲ့သူတွေကို ဥပဒေနဲ့အညီ တရားစွဲဆိုသွားမယ်လို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ၊ ဒုတိယရဲမှူးကြီး မျိုးအောင် က RFA ကိုပြောပါတယ်။

နိုင်ငံသားတစ်ယောက်က လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်၊ ပြောဆိုခွင့်မရှိဘူးဆိုရင် နိုင်ငံရဲ့ ဒီမိုကရေစီဆိုတာကို မေးခွန်းထုတ်ဖို့ဖြစ်နေပြီလို့ ခွင့်ပြုမိန့်တင်ခဲ့သူ အလုပ်သမား ကိုနေလင်းအောင် က ပြောပါတယ်။

“မန္တလေး မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့သူတွေမဟုတ်လို့ ခွင့်မပြုဘူးပြောတယ်။ ဆွေးနွေးတယ်။ ဒီအခွင့်အရေးရသင့်လို့ ခွင့်ပြုပေးဖို့ ပြောခဲ့ပေမဲ့ သက်ဆိုင်ရာက မလိုက်နာရင် ခွင့်မပြုဘူးပြောတယ်။ ငြိမ်းစုစီဥပဒေမှာ အကြောင်းကြားရန်ပဲ တာဝန်ရှိပါတယ်။ ခွင့်ပြုမိန့်စောင့်ရန် မရှိဘူးလို့ ပြောခဲ့ပါတယ်“

ဆန္ဒပြပွဲမှာ အလုပ်သမားတရားရုံးတွေပေါ်ပေါက်ဖို့၊ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ရရှိဖို့၊ အလုပ်သမားဝန်ကြီး ခန့်အပ်ပေးဖို့၊ အလုပ်သမားဥပဒေတွေကို ILO စံနှုန်းနဲ့အညီ ပြင်ဆင်ဖို့၊ အထူးစီးပွားရေးဇုန်လုပ်သားတွေ၊ ဆောက်လုပ်ရေး လုပ်သားတွေနဲ့ နိုင်ငံံ့ဝန်ထမ်းတွေ ဥပဒေရဲ့အကာအကွယ်ရရှိဖို့ တို့ကို တောင်းဆိုခဲ့ကြပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။