ရေခဲတောင်ပေါ်က ပရဟိတလူသား ဆန်လုရမ်ဆိန်း

2022.07.27
ရေခဲတောင်ပေါ်က ပရဟိတလူသား ဆန်လုရမ်ဆိန်း ပူတာအိုဒေသက ရဝမ်လူငယ် ဆန်လုရမ်ဆိန်း ကို ကြိုးတံတားနှင့်အတူ တွေ့ရစဥ်
Photo: RFA

မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ် ပူတာအိုခရိုင်က ကျေးရွာတွေဟာ လမ်းပန်းဆက် သွယ်ရေး ခက်ခဲလွန်းတာကြောင့် ကျန်းမာရေး၊ ပညာရေးကိစ္စတွေအပြင် နေ့စဥ် စားဝတ် နေရေးအတွက်ပါ ခက်ခက်ခဲခဲ ရုန်းကန်ရှင်သန်ရပါတယ်။

ဝေးလံခေါင်ဖျားတဲ့ ဒီဒေသကို အစိုးရအဆက်ဆက် မျက်ကွယ်ပြုထားပေမယ့် ဒေသခံ ရဝမ်လူငယ်လေး တစ်ယောက်ဟာ စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့စုပေါင်းပြီး ကျေးရွာသားတွေ အဆင်ပြေစေဖို့အတွက် လမ်းခင်းတာ၊ တံတားဆောက်တာတွေကို စေတနာ့ဝန်ထမ်း လုပ်ကိုင်ပေးနေပါတယ်။

“မိုးတွင်းဘက်မှာဆို မြေပြိုတာတို့၊ ရေကြီးပြီး တံတားတစ်စင်းက ပါသွားတယ်။ အဲဒီတံတားက ပျက်စီးသွားတဲ့အခါမှာ ဒေသခံတွေက ဒီနေ့ရော မနက်ဖြန် အရေးပေါ် ဟိုကူးဒီကူးပေါ့၊ သွားဖို့ အရေးပေါ်ကြုံလာတဲ့အခါမှာ အစိုးရကို တင်ပြတဲ့အခါ တစ်လ၊ နှစ်လ လောက်ကြာတယ်။ ဘတ်ဂျက်က မရှိပြန်ရော၊ ပြည်သူတွေက အဲဒီကြားမှာ တော်တော်ကို အခက်အခဲရှိတာပေါ့။ အရေးပေါ် အခြေအနေဖြစ်လာတဲ့အခါမှာ ပြောမပြတတ်လောက်အောင် ပြည်သူတွေက ဒုက္ခရောက်နေတယ်။ ကျနော်တို့ပဲ အားကိုးစရာ၊ ကျနော်တို့ဘာသာ ကြိုးစားမယ်၊ နိုင်သလောက် ပြုပြင်မယ်၊ သွားလာ လို့ရအောင် ယာယီဖြစ်ဖြစ်ဆိုပြီး၊ အဲလိုကနေ စတင်ပြီး ဒီတံတားတွေ ပြုပြင်ပေး တာပေါ့”

သူရဲ့အမည်က ဆန်လုရမ်ဆိန်း ပါ။ ဆောင်းရာသီဆို ဆီးနှင်းတွေနဲ့ ဖုံးလွှမ်းနေတဲ့ မြန်မာပြည်မြောက်ဖျား ခါကာဘိုရာဇီ ရေခဲတောင်ဒေသမှာ ကြီးပြင်းခဲ့တဲ့ ရဝမ်လူငယ် တစ်ယောက် ဖြစ်ပါတယ်။

ပူတာအိုခရိုင် နောင်မွန်မြို့ နယ်၊ ဒဇုံဒမ်းကျေးရွာမှာ မွေးဖွားခဲ့ပြီး မွေးချင်းခြောက်ယောက် မှာ သူက စတုတ္ထမြောက်သား ဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းတဲ့ဒေသ မှာ ကြီးပြင်းခဲ့ရတဲ့ ဆန်လုရမ်ဆိန်းဟာ ဒေသခံတွေ သွားလာရေး လွယ်ကူအောင် တစ်ဖက် တစ်လမ်းကကူညီဖို့ ငယ်စဉ်ကတည်းက စိတ်အားထက်သန်ခဲ့ပါတယ်။

ဒါ့ကြောင့် ၂၀၁၇ ကစပြီး ကချင်ပြည်နယ်ထဲက ပူတာအို၊ နောင်မွန်း၊ ခေါင်လန်ဖူး၊ မချမ်းဘော့ စတဲ့ မြို့နယ်တွေက လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းတဲ့ ကျေးရွာတွေမှာ ကိုယ်ထူကိုယ်ထစနစ်နဲ့ လူကူးတံတားတွေ သူ ဆောက်လုပ်ပေးနေတာပါ။

ပူတာအိုခရိုင်ဟာ မိုးများပြီး မြစ်၊ ချောင်း ပေါများတာကြောင့် တံတားတစ်စင်းတိုင်းဟာ ဒေသခံတွေအတွက် အလွန်အရေးပါတယ်လို့ ဆန်လုရမ်ဆိန်းက ပြောပါတယ်။

မချမ်းဘော့မြို့နယ် ပန်ဆပ်ကျေးရွာမှာဆိုရင် ဆေးရုံဆေးခန်းမရှိတဲ့အတွက် ဖျားနာသူတွေနဲ့ ကျန်းမာရေး အရေးပေါ်ကိစ္စတွေမှာ တံတားတစ်စင်းဟာ မရှိမဖြစ် လိုအပ်တယ်လို့ ခရစ်ယာန်ဘာသာရေးဆရာမ ဇာမဲခူရ်ဇီရမ်က ပြောပါတယ်။

“မိုးတွင်းဆို အရမ်းခက်ခက်ခဲခဲ သွားကြတယ်၊ အရမ်းကို အဆင်ပြေသွားတယ်၊ အရမ်းဝမ်းမြောက်ရတယ်ပေါ့ ဒီတံတား ဆောက်လုပ်ပေးတဲ့အတွက်။ ဒေသခံတချို့ ပြောတာကြားတယ်၊ ဒီလိုမျိုး လုပ်ပေးတဲ့အရာကို သူတို့ အရမ်းဝမ်းသာတယ်ဆိုပြီး ပြောနေကြတယ်။ ဒီမှာက ဆေးခန်းတွေနဲ့လည်း ဝေးတဲ့နေရာဆိုတော့ တော်တော်လေး အခက်အခဲဖြစ်တာကို တွေ့ရတယ်။ ဟိုတစ်လောက ဟိုဘက် တံတားပျက်တဲ့အချိန်မှာ ဆေးရုံသွားမယ့် သုံးဘီးတစ်စီးက လာတယ်၊ ဒါပေမဲ့ တံတား မကောင်းတဲ့အတွက် သူတို့ ထမ်းပြီးခေါ်သွားရတယ် အဲလိုမျိုး အခက်အခဲရှိတယ်”

မချမ်းဘော့မြို့နယ် ပန်ဆပ်ကျေးရွာမှာ ရိုးရိုးသစ်သားတံတားနဲ့ ကြိုးတံတားဆိုပြီး တံတားနှစ်စင်းကို ဆန်လုရမ်ဆိန်းက ဆောက်ပေးထားပါတယ်။

"အဲဒီဒေသကို ကူညီချင်တယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းစေချင်တယ်"

တံတားတည်ဆောက်ဖို့အတွက် လူမှုကွန်ရက်ပေါ်ကနေ အလှူငွေကောက်ခံ၊ ဒေသခံ ရဝမ်လူငယ်တွေ စုပေါင်းပြီး တည်ဆောက်ပေးနေတာပါ။ တစ်စင်းကို ကျပ် သိန်း ၃၀ နဲ့ သိန်း ၇၀၀ ကြားလောက် ကုန်ကျတဲ့ တံတားအစင်းပေါင်း ၆၀ နီးပါးကို ဒေသခံတွေအတွက် သူနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက တည်ဆောက်ခဲ့ပြီးပါပြီ။

ပန်ဆပ်ကျေးရွာသား ဦးအင်ထုရိန် က သူတို့ရွာမှာ မကြာခဏ ရေကြီးလေ့ရှိတဲ့အတွက် ကြိုးတံတားတစ်စင်းဟာ အလွန်တန်ဖိုးရှိတယ်လို့ RFA ကို ပြောပါတယ်။

“အရင်တုန်းက တံတားမရှိတဲ့အချိန်မှာ အရမ်းခက်ခဲတယ်။ တောင်ယာသွားတဲ့အချိန် ရေကကြီး၊ တံတားက မရှိ၊ အိမ်ကိုပဲ ပြန်ခေါက်လာရတဲ့အချိန်တွေလည်း ရှိတယ်။ အရင်တုန်းက ကျေးလက်ကနေ တံတားတစ်ခု ဆောက်ပေးတယ်။ သူ့သက်တမ်းကုန် တော့ ပျက်သွားတယ်။ ရွာကနေ ကိုယ်ထူကိုယ်ထဆောက်ထားတဲ့ တံတားလည်း တစ်နှစ်တောင် မခံဘူး၊ ပျက်သွားတယ်။ ဒါပေမဲ့ အခု အလှူရှင်တွေ ကြိုးတံတား လာဆောက်ပေးလို့ အများကြီးအဆင်ပြေတယ်။ အချိန်မရွေး သွားလာလို့ရလို့ ကျနော်တို့အတွက် အများကြီး အဆင်ပြေတယ်”

တံတားဆောက်တဲ့အခါ အသက်အန္တရာယ် မကြုံတွေ့ရပေမယ့် တစ်ခါတစ်ရံ ဒဏ်ရာ ကြီးကြီးမားမားရတာတွေရှိသလို ကားတွေ၊ ဆိုင်ကယ်တွေနဲ့ သွားလို့မရတဲ့ ကျေးရွာတွေ မှာဆိုရင် သံကြိုးတွေကို လူနဲ့ထမ်းပြီး ခက်ခက်ခဲခဲ သွားလုပ်ပေးခဲ့ရတယ်လို့ ဆန်လုရမ်ဆိန်း က ပြောပါတယ်။

တောင်စောင်းဘေးမှာ တံတားထိုးနေသည့် ပူတာအိုဒေသခံများကို ၂၀၂၀ ခုနှစ် မေလ ၁၅ ရက်နေ့မှာ တွေ့ရစဥ်
တောင်စောင်းဘေးမှာ တံတားထိုးနေသည့် ပူတာအိုဒေသခံများကို ၂၀၂၀ ခုနှစ် မေလ ၁၅ ရက်နေ့မှာ တွေ့ရစဥ်

သူတို့ဒေသဟာ ခက်ခဲလွန်းတာမို့ ဘယ်အစိုးရတက်တက် တာဝန်ရှိသူမှန်သမျှ သူတို့ဒေသ ကို လာကြည့်စေချင်တယ်၊ ကူညီစေချင်တယ်လို့ ဆန်လုရမ်ဆိန်းက ပြောသွားပါတယ်။

“အစိုးရအဆက်ဆက်ပေါ့ ဥပေက္ခာပြုထားတာ။ ဒါကြောင့် ကျနော်ပြောတာ ဘယ်အစိုးရတက်တက် ကျနော်တို့အတွက်တော့ ဘာမှ မဆိုင်သလိုပဲ။ အဲဒီဒေသကို ကူညီချင်တယ်။ ဖြစ်စေချင်တယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းစေချင်တယ်။ ဒီအစိုးရကလည်း မြို့ပြမှာပဲ လုပ်မယ့်အစား တစ်ခါတလေ အများကြီး မပြောလိုပါဘူး၊ တစ်ခါတလေ တောင်ပေါ်ဒေသကိုလည်း အရာရှိတွေလည်း လာပါ၊ ကူညီပေးပါ၊ ကြည့်ရှုပေးပါ။ ကျနော် အဲဒါ ပြောချင်တယ်။ ဘယ်အစိုးရတက်တက်၊ ကောင်းတဲ့ အစိုးရတက်တက်၊ မကောင်းတဲ့ အစိုးရတက်တက်၊ ကျနော်တို့အတွက်တော့ မထူးပါဘူး”

သူဟာ လက်ရှိမှာ စားဝတ်နေရေးအတွက် ရေခဲတောင် တောင်တက်လမ်းပြအဖြစ် လုပ်ကိုင်နေသလို ဒေသခံတွေအတွက် တံတားဆောက်ပေးတာအပါအဝင် ပရဟိတ လုပ်ငန်းတွေ လုပ်ကိုင်နေတာ ခုနစ်နှစ် နီးပါး ရှိနေပါပြီ။

တည်ဆောက်ခဲ့တဲ့ ကြိုးတံတားတွေအပေါ်မှာ ဒေသခံတွေ လုံလုံခြုံခြုံဖြတ်သန်း သွားလာနေတာကို မြင်ရတိုင်း ပီတိဖြစ်ပြီး နောက်ဆောက်မယ့် တံတားတွေအတွက် အင်အားဖြစ်ရတယ်၊ တတ်နိုင်သလောက် ဘဝတူတွေအတွက် ဒေသဖွံ့ဖြိုးရေး ဆက်လုပ်သွားမယ်လို့ ရေခဲတောင်ပေါ်က ပရဟိတလူသား ဆန်လုရမ်ဆိန်း က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။