အွန်လိုင်းငွေလိမ်ဂိုဏ်းအလုပ်မှ ရုန်းထွက်နိုင်ခဲ့သူ

RFA Burmese
2024.04.20
အွန်လိုင်းငွေလိမ်ဂိုဏ်းအလုပ်မှ ရုန်းထွက်နိုင်ခဲ့သူ အွန်လိုင်းငွေလိမ်ဂိုဏ်းမှ လွတ်မြောက်ခဲ့သူ ကိုမင်းသီရိလတ်။
RFA

အသက် ၂၄ နှစ်အရွယ် ဘွဲ့ရလူငယ်တစ်ဦးဖြစ်တဲ့ ကိုမင်းသီရိလတ်ဟာ ပြည်တွင်း ကုမ္ပဏီတစ်ခုမှာ စီမံခန့်ခွဲမှုနဲ့ ဝန်ဆောင်မှုအပိုင်းကို တာဝန်ယူ လုပ်ကိုင်နေသူတစ်ဦးပါ။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လုပ်ငန်းအဆင်မပြေတာကြောင့် အလုပ်သစ်တစ်ခုရှာရင်း လိုင်းပေါ်ကနေ အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းတစ်ခုကို စိတ်ဝင်စားခဲ့ပြီး ဆက်သွယ်မိခဲ့ပါတယ်။

” သူတို့ခေါ်တာက ကွန်ပျူတာ စာရိုက်ပြီး customer service လုပ်ရမယ်ဆိုပြီးတော့ခေါ်တာ။ ဘာလုပ်ရမလဲ ဆိုတာ မသိဘူး။ မသိဘဲရောက်သွားတာ။ ဟိုအထဲထဲရောက်တော့မှပဲ သိခဲ့ရတာ။ ဒီအလုပ်ကဘယ်လိုလုပ်ရမယ် ဆိုတာလဲ မသိခဲ့ဘူး။ ဒါပေမဲ့ ကွန်ပျူတာအလုပ်ဆိုတော့ လစာလည်းကောင်းတယ်ဆိုတော့ သွားလိုက်တာ။“

"တချို့တွေဆို အလိမ်ခံရလို့ ဘ၀ပျက်သွားတာတွေလည်း ရှိတယ်။ တချို့ကျတော့လည်း ကိုယ့်ကိုယ်ကိုယ်သတ်သေသွားလောက်တဲ့အထိ ရှိတယ်။“

ဒါပေမဲ့ သူဆက်သွယ်လိုက်တဲ့ အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းဟာ ကျားဖြန့်လို့ခေါ်တဲ့ ငွေလိမ်ဂိုဏ်းမှန်း သူမသိခဲ့ပါဘူး။ အွန်လိုင်းဝန်ဆောင်မှု လုပ်ရမယ်ဆိုပြီး အလုပ်သွားရောက်လျှောက်ထားလုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းမှာမှ ငွေလိမ်တဲ့အလုပ်ကို သူလုပ်နေရမှန်းသိတာပါ။

“ဟိုမှာလုပ်နေတဲ့ တောက်လျှောက်တောင်မှ ကျားဖြန့်ဆိုတာဘာမှန်းမသိဘူး။ ကြားလည်း မကြားဖူးဘူး။ အဲဒီအသုံးအနှုန်းကို သူများပါးစပ်က ထွက်တာလည်း မကြားဖူးဘူး။ ဒါပေမဲ့ လုပ်ပြီးတော့ နှစ်လ သုံးလ လောက်နေတော့မှ သူများတကာတွေက ကျားဖြန့်ဆိုတာမျိုးတွေ ပြောနေကြတော့ အဲတော့မှ ကိုယ်လည်း ကျားဖြန့်ဆိုတာ ဘာလဲဆိုပြီး လေ့လာလိုက်တော့ အဲတော့မှ ကိုယ်လုပ်နေတဲ့အလုပ်က ကျားဖြန့်ဆိုတာသိတာ။ စလုပ်လုပ်ချင်းမှာလည်း မသိသေးဘူး။ ဒီတိုင်းလူရှာတယ်။ သူတို့နဲ့ပုံမှန်စကားပြောတယ်။ အဲလိုပဲ သိသေးတာ။ နောက်ပိုင်းမှ အလုပ်လုပ်ရင်း ကြာလာပြီဆိုတော့မှ အဲတော့မှ ကိုယ်က လိမ်ခံလိုက်ရတယ်ဆိုတာ သိတာ။ သူတို့ပိုက်ဆံထည့်ပြီးမှ သူတို့ကို ပြန်မထုတ်ပေးတော့မှ အဲဒီအချိန်မှ လိမ်တယ်ဆိုတာကိုသိတာ။“

ဒီလုပ်ငန်းမှာလုပ်ကိုင်နေသူ အများစုက အသက် ၂၀ ကနေ အသက် ၃၀ ကြား လူငယ်တွေများပါတယ်။ သူတို့ဟာ မြ၀တီကိုကားနဲ့လာရပြီး ကျားဖြန့်လုပ်ငန်းက တာဝန်ရှိသူတွေက မြ၀တီကနေတဆင့် လုပ်ငန်းခွင် ရှိရာကို ကားနဲ့လာရောက်ခေါ်ဆောင်သွားခဲ့တာပါ။ လုပ်ငန်းခွင်ရောက်ဖို့ ကားအဆင့်ဆင့် စီးခဲ့ရတယ်လို့ ကိုမင်းသီရိလတ်က ဆိုပါတယ်။ လုပ်ငန်းခွင်ရောက်ရှိချိန်မှာတော့ တရုတ်လူမျိုးတစ်ဦးက အင်တာဗျူးလုပ်၊ ကိုဗစ်စစ်ပြီး အလုပ်ခန့်ခဲ့တယ်လို့ သူကပြောပါတယ်။

သူတို့ဟာ လူမှုကွန်ရက်ကနေတစ်ဆင့် တစ်ဖက်လူကို ခင်မင်ရင်းနှီးလာအောင်ပြောဆိုပြီးနောက် အယောင်ဆောင် လုပ်ငန်းတစ်ခုကို ဗန်းပြပြီး ရင်းနှီးမြှုပ်နှံ ငွေထည့်ချင်လာအောင် လိမ်လည်ကြတာပါ။

“လူတစ်ယောက်ကို ယုံကြည်မှုရအောင် လုပ်တယ်။ ပြီးရင် လိမ်ကြတာပဲ။ သူတို့အရမ်းယုံကြည်ရအောင်ပေါ့။ အဲလိုမျိုး သူနဲ့ ယုံကြည်မှု တည်ဆောက်တဲ့အခါမှာလည်း ကိုယ်ကသူ့ပိုင်ဆိုင်မှုဘယ်လောက်ရှိလဲဆိုတာ ကိုယ်က သိအောင်လုပ်ထားရတယ်။ အဲဒီခါကျမှ ကိုယ်က သူ့ကိုဘယ်လောက်ထိနွှာလို့ရမလဲ၊ သူ့ရဲ့ပိုင်ဆိုင်မှုဘယ်လောက် ထိရှိလဲ၊ ငါဘယ်လောက်ထိ သူ့ဆီက စုပ်ယူလို့ရမလဲ လေ့လာပြီးတော့မှ နောက်ဆုံးလုံး၀ ထပ်မထည့်နိုင်ချိန်မှာ သူနဲ့ အဆက်သွယ်ဖြတ်လိုက်တယ်။ တချို့တွေဆို အလိမ်ခံရလို့ ဘ၀ပျက်သွားတာတွေလည်း ရှိတယ်။ တချို့ကျတော့လည်း ကိုယ့်ကိုယ်ကိုယ်သတ်သေသွားလောက်တဲ့အထိ ရှိတယ်။“

"များများလိမ်နိုင်မယ်ဆိုရင် ဘတ်က သောင်းဂဏန်း၊ သိန်းဂဏန်းလောက် အထိရတယ်။ အဲလိုမဟုတ်ဘူးဆိုရင်တော့ ပုံမှန်အခြေခံလစာပဲ။"

လိမ်တဲ့အခါမှာလည်း အလုပ်ချိန် နှစ်ဆိုင်းရှိပါတယ်။ နေ့ဆိုင်းက အာရှကလူတွေကို လိမ်ရတာဖြစ်ပြီး ဥရောပနဲ့ အနောက်နိုင်ငံက လူတွေကို လိမ်မယ့်သူတွေကတော့ ညဆိုင်းအလုပ်ချိန်မှာ လုပ်ရပါတယ်။ ဒီအလုပ်ဟာ မြန်မာပြည်မှာထက်စာရင် လစာကောင်းမွန်တာကြောင့် အချို့လူငယ်အများစုဟာ ဒီအလုပ်ကနေ ရုန်းမထွက် နိုင်ကြပါဘူး။

“ဒီလ ဝင်ငွေများများရှာနိုင်တယ်။ များများလိမ်နိုင်မယ်ဆိုရင် ဘတ်က သောင်းဂဏန်း၊ သိန်းဂဏန်းလောက် အထိရတယ်။ အဲလိုမဟုတ်ဘူးဆိုရင်တော့ ပုံမှန်အခြေခံလစာပဲ။ ဒါပေမဲ့ အလုပ်လုပ်တဲ့အချိန်မှာ ဒဏ်ကြေးတွေ ရှိသေးတယ်။ အိပ်ငိုက်တာတို့၊ စာမှားပို့တာတို့ ၊ ပုံပို့တဲ့အချိန်မှာ တစ်ခုခုမှားသွားတာတို့ဆိုရင် ဒဏ်ရိုက်တာ တို့ရှိတယ်။ ပျှမ်းမျှကတော့ ဘတ် တစ်သောင်းခွဲ၊ တစ်သောင်း ခုနှစ်ထောင် အဲလောက်ရတယ်။ “

သူတို့ဟာ တစ်နေ့ကို လူ ငါးဦးကနေ ဆယ်ဦးကြား ရှာဖွေရပါတယ်။ တကယ်လို့ သူတို့သတ်မှတ်တဲ့စံနှုန်း မပြည့်မီတာ အလုပ်ချိန်အိပ်ငိုက်တာတွေရှိခဲ့ရင် ဒဏ်ပေးတာတွေ လုပ်ဆောင်တယ်လို့ ကိုမင်းသီရိလတ်က ဆိုပါတယ်။

“သူတို့ ရေဗုံးထမ်းပြီးတော့ လှေကားမှာ တက်ပြေးခိုင်းတာတို့၊ နေပူထဲမှာ ဒူးထောက်ခိုင်းတာတို့ ကျင်စက်နဲ့ တို့တဲ့အထိလောက်တော့ ကိုယ်တိုင် မတွေ့ဖူးဘူး။ အဲလိုမျိုးကလည်း သူတို့က လူတွေအများကြီးရှေ့မှာ မလုပ်ဘူး။ သူတို့ခေါ်သွားတယ်။ အိပ်ခန်းထဲမှာ လုပ်ရင်လုပ်တယ်။ လူတွေအများကြီးရှေ့မှာတော့ မလုပ်ဘူး။ “

"အထဲမှာလည်း ဒီလိုပဲ နေနေတဲ့အချိန်အတွင်းမှာ ပြန်ဖို့က သူတို့ကိုလျော်ရမယ့် ပိုက်ဆံကိုယ်လျော်နိုင်မလား။ ဒါတွေတွေးပြီး ရုန်းထွက်ဖို့က အများကြီး အချိန်ယူရတယ်။“

သူဟာ ဒီအွန်လိုင်းငွေလိမ်ဂိုဏ်းမှာလုပ်ကိုင်နေရင်း ရုန်းထွက်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ အလုပ်က ထွက်နိုင်ဖို့ အခွင့်မသာခဲ့ပါဘူး။ လက်နက်ကိုင်တွေနဲ့ တင်းကျပ်ထားတဲ့ လုံခြုံရေးတွေကြား နှစ်နှစ်ကျော်ခန့် အလုပ်လုပ်ခဲ့ရပြီးမှ ဒီအလုပ်က ထွက်လာနိုင်ခဲ့တာပါ။

“သူများတကာကို လိမ်ရတဲ့အလုပ်ကြီးဆိုတော့ မလိမ်ချင်ဘူး။ ဒါပေမဲ့ ကိုယ်ကလည်း ဒီအထဲရောက်လာပြီ။ ပြန်ထွက်ဖို့ဆိုတာလည်း လွယ်လွယ်ကူကူထွက်ဖို့မလွယ်ဘူး။ ပြီးတော့ အဲဒီချိန်မှာ ငွေကြေးအခက် အခဲဆိုတာကလည်း ရှိတယ်။ ကြားထဲမှာလည်း ထွက်ဖို့အစီအစဉ်ရှိတယ်။ အမျိုးမျိုးပဲ။ ဒါပေမဲ့ ပြန်တွေးကြည့်လိုက်ရင် ကိုယ့်အတွက် လုံခြုံမလား၊ မလုံခြုံဘူးလား။ အထဲမှာလည်း ဒီလိုပဲ နေနေတဲ့အချိန်အတွင်းမှာ ပြန်ဖို့က သူတို့ကိုလျော်ရမယ့် ပိုက်ဆံကိုယ်လျော်နိုင်မလား။ ဒါတွေတွေးပြီး ရုန်းထွက်ဖို့က အများကြီး အချိန်ယူရတယ်။“

ကရင်ပြည်နယ် မြဝတီမြို့အနီးက ကျားဖြန့်လုပ်ငန်းခွင်နေရာတစ်ခုအား မြင်တွေ့ရစဉ်။ (Photo: Citizen Journalist)
ကရင်ပြည်နယ် မြဝတီမြို့အနီးက ကျားဖြန့်လုပ်ငန်းခွင်နေရာတစ်ခုအား မြင်တွေ့ရစဉ်။ (Photo: Citizen Journalist)

ငွေကြေးအခက်အခဲကြောင့် ကျားဖြန့်ဆိုတဲ့ ငွေလိမ်ရတဲ့အလုပ်ကို လုပ်ကိုင်နေရပေမဲ့ ကိုယ့်ကြောင့် တစ်ဖက်လူ ဒုက္ခရောက် ဘ၀ပျက်သွားတာကို တွေးမိပြီး အိပ်မပျော်ဖြစ်ရတယ်လို့ သူကဆိုပါတယ်။

“စိတ်မကောင်းဘူး။ လူဆိုရင်တော့ ဘယ်သူပဲဖြစ်ဖြစ် ခံစားမိမှာပဲ။ ကိုယ်သူ့အပေါ်မှာ မကောင်းတာတစ်ခုခု လုပ်ပြီးတော့သူဒုက္ခရောက်သွားတယ်။ အနည်းဆုံးတော့ ဝမ်းနည်းမိတဲ့စိတ်တော့ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် လည်း လိပ်ပြာမလုံတော့ဘူး။ မကောင်းတာ လုပ်ထားတဲ့အတွက် ကိုယ်စိတ်က ဘယ်အချိန်ပဲဖြစ်ဖြစ် အမှတ်ရနေမှာပဲ။ ဘယ်လိုမှ ဖျောက်လို့မရဘူး။ ဒီအမဲစက်ကလည်း ဖျောက်လို့မရဘူး။ အဲလိုမျိုး ခံစားမိတယ်။ “

ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေကြောင့် အလုပ်အကိုင်ရှားပါးလာခြင်းက လူငယ်တွေအတွက် ဒီအလုပ်ကို သွားရောက်လုပ်ကိုင်ဖို့အတွက် တွန်းအားတစ်ခုဖြစ်စေခဲ့တာပါ။ ဒါပေမဲ့ ဘယ်လိုပဲ ခက်ခဲကျပ်တည်းပေမဲ့ တစ်ဖက်သားအပေါ် လိမ်လည်ပြီးမှ ရတဲ့လစာကို မလိုချင်တော့တာကြောင့် ကိုမင်းသီရိလတ်ဟာ အလုပ်က ရအောင် ရုန်းထွက်ပြီး နယ်စပ်မှာပဲ ရုန်းကန်စားသောက်ဖို့ကို သူဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။