စစ်ကောင်စီတပ်စခန်း ၅၀ ကျော်သိမ်းထားကြောင်း TNLA ပြော

RFA Burmese
2023.12.08
စစ်ကောင်စီတပ်စခန်း ၅၀ ကျော်သိမ်းထားကြောင်း TNLA ပြော မန်တုံမြို့နယ် ခိုမုန်း (မန်းနား) စစ်ကောင်စီတပ်စခန်းအား TNLA မှ တိုက်ခိုက်သိမ်းပိုက်ပြီး သိမ်းဆည်းခဲ့သည့် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်းပစ္စည်းများကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့စဉ်။
PSLF/TNLA

၁၀၂၇ စစ်ဆင်ရေး တစ်လကျော်အကြာ ဒီဇင်ဘာလ ၈ ရက်နေ့အထိ ရှမ်းပြည် မြောက်ပိုင်းမှာ စစ်ကောင်စီတပ်စခန်းပေါင်း (၅၃) ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့ညနေမှာ ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းစစ်ဒေသ (၃) မှာရှိတဲ့ မန်တုံမြို့နယ် ခိုမုန်း (မန်းနား) တပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ TNLA က ဒီဇင်ဘာ ၈ ရက် မနေ့ညမှာ ထုတ်ပြန်ပါတယ်။

တစ်ချိန်တည်းမှာပဲ တအာင်းစစ်ဒေသ အမှတ် (၂) ဖြစ်တဲ့ ကျောက်မဲမြို့နယ် လယ်ကြီးတပ်စခန်းကိုလည်း သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်းနှစ်ဦးနဲ့ ရဲသုံးဦး ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ခိုမုန်း (မန်းနား) တပ်စခန်းကနေ လက်နက်၊ ခဲယမ်းအမြောက်အမြား သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း ဒီဇင်ဘာလ ၉ ရက် ဒီနေ့မနက်ပိုင်း TNLA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၈ ရက်တိုက်ပွဲတွေအတွင်း နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်းဘက်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု (၁၈) ကြိမ်၊ မန်တက်နဲ့ နမ့်ဖက်ကာ တပ်စခန်းတွေကနေ လက်နက်ကြီးနဲ့ (၁၆) ကြိမ် ပစ်ကူပေးခဲ့တယ်လို့ TNLA က ပြောပါတယ်။

ဒါ့အပြင် ကွတ်ခိုင်မြို့နယ်ထဲက စစ်ကောင်စီရဲ့ ကွတ်ခိုင်ဗျူဟာတပ်စခန်းကိုလည်း TNLA က တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နမ့်ခမ်းမှာ တိုက်ပွဲတွေ ဖြစ်နေသလို အဲဒီ နမ့်ခမ်းစခန်းကို တိုက်နေတာ တစ်လကျော်လောက်ရှိပြီလို့ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေကနေ တစ်ဆင့်ပြောပေမယ့် စခန်းတွေ အသိမ်းခံရတာကို ထည့်ပြောသွားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။