တာချီလိတ်က ထိုင်းအလုပ်သမား တစ်ရာကျော် ထိုင်းဘက်ကို ပြန်ပို့
2020.12.11
မြန်မာနိုင်ငံ တာချီလိတ်မြို့မှာ တရားမဝင် အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံသား ၁၀၄ ဦးကို ဥပဒေအရ အရေးယူပြီးနောက် နယ်စပ်ချစ်ကြည်ရေး တံတားပေါ် ကနေ တရားဝင်လွှဲပြောင်းခဲ့ပါတယ်။ ဒီအထဲမှာ ကိုဗစ်ရောဂါကူးစက်သူ အတည်ပြုလူနာသစ်ထဲမှ ၅ ဦးပါဝင်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကိုဗစ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်ကနေ တရားမဝင်အလုပ်လုပ်ကိုင်သူ ၉၇ ဦးနဲ့ တရားဝင် လာရောက်လုပ်ကိုင်သူ ၇ ဦး အပါအဝင် အားလုံး ၁၀၄ ဦးကို ဒီဇင်ဘာလ ၁၁ ရက်နေ့က နှစ်နှိင်ငံတာဝန်ရှိသူတွေ ပထမဆုံးအကြိမ် တရားဝင် လွှဲပြောင်းပေးခဲ့ပါတယ်။
ထိုင်းနိုင်ငံသား ၉၇ ဦးကို တာချီလိတ်မြို့နယ် တရားရုံးမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့တဦးကို ဒဏ်ငွေ ကျပ် ၃ သိန်းကျခံပြီး တာချီလိတ်မြို့တဖက်ကမ်း မယ်ဆိုင်မြို့ဘက် နှစ်နိုင်ငံချစ်ကြည်ရေး တံတားအမှတ် (၂) ကနေ လွှဲပြောင်းပေးခဲ့တာ ဖြစ်တယ်လို့ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးက မြန်မာ-ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်းက ပြောပါတယ်။
“အခု နှစ်နိုင်ငံ ညှိနှိုင်းပြီးတော့ တရားဝင် ဝင်ရောက်ထားတဲ့ လူတွေလည်း အကြောင်းကြားမယ်။ စာရင်းပေးပါပေါ့နော်။ စာရင်းပေးပြီးလို့ ရှိရင် တရားရုံးကနေပြီးတော့ ဒဏ်ငွေချမှတ်တယ်။ ချမှတ်ပြီးတော့မှ အချိန်တိုအတွင်း ပြီးစီးအောင်လုပ်ပြီးတော့မှ ကျနော်တို့ ချက်ချင်း ပြန်လွှဲတယ်။ တရားမဝင် ဝင်ရောက်ထားတာက ၉၇ ယောက်၊ တရားဝင် ဝင်ရောက်ထားတာက ၇ ယောက် စုစုပေါင်း ၁၀၄ ဦးခင်ဗျ။ နောက်တခုက ရောဂါပိုးကူးခံထားရတာက ၅ ဦး မြန်မာဘက်ကလည်း ဆေးရုံကားနဲ့ ပို့တယ်။ ထိုင်းဘက်ကလည်း ဆေးရုံကားနဲ့ တခါထဲ ခေါ်သွားတယ်။ တရားမဝင် ဝင်ရောက်သူတွေကို တရားဝင်ပို့တာက ဒီတကြိမ် ပထမဦးဆုံးပေါ့”
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနဲ့ စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) ရဲ့ အတွင်းရေးမှူး ဦးစည်သူမောင်ကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ဒေသတွင်း ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်လာတဲ့နောက် ထိုင်းနိုင်ငံသားတွေ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ဝင်လာတာ များလာတဲ့အတွက် ထိုင်းမြန်မာ နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်ပြီး ဥပဒေအရ တရားဝင် လွှဲပြောင်းပေးဖို့ လုပ်ဆောင်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။
“အခုနောက်ပိုင်း ထိုင်းနိုင်ငံကို ပြန်တဲ့လူတွေက တဖြည်းပြီးတဲ့ များလာတဲ့အခါကြတော့ တချို့လည်း တရားမဝင်တဲ့လူတွေက ရေကြောင်းကနေ ခိုးပြန်တဲ့ လူတွေရှိတယ်။ ရေကြောင်းက ခိုးပြန်တဲ့လူတွေက ဟိုဘက်(ထိုင်းဘက်)မှာ ကိုဗစ်ကူးစက်မှုတွေ ထပ်မံတွေ့ရှိတဲ့အခါကြတော့ ဒီလို တရားမဝင် ခိုးမကူးနိုင်အောင် ဆိုပြီးတော့ နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်ပြီးတော့မှ သုံးရက်အတွင်း ချက်ချင်း အမြန်ဆုံး ဆောင်ရွက်ပေးနိုင်တာပေါ့”
မြန်မာဘက်က တာချီလိတ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ခရိုင်လဝကမှူး၊ ဒုတိယ ညွန်ကြားရေးမှူး ဦးဆွေမြင့် လဝကဌာနခွဲ ၆ က လ/ထ ညွှန်မှူး ဦးမောင်မောင်မြင့်နဲ့ CNCMC နဲ့ မြန်မာ-ထိုင်းနယ်ခြား ကော်မတီ (TBC ) တို့က ထိုင်းအမှတ် ၃ စစ်တိုင်းမှူးချုပ် လက်အောက်ခံ စစ်ကြောင်း၊ ချင်းနိုင်ခရိုင် လဝကတို့မှ တာဝန်ရှိသူတွေကို လွှဲပြောင်းပေးခဲ့တယ်လို့ ဦးစည်သူမောင်က ပြောပါတယ်။
ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၅ ဦးကို တာချီလိတ်မှ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေးအဖွဲ့က ဒေါက်တာ ကျော်စွာမြင့် ဦးစီးပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ တံတားထိပ်ထိ လူနာတင်ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လကနေ စပြီး နှစ်နိုင်ငံနယ်စပ်ဂိတ်တွေ ပိတ်ထားခဲ့ပြီးနောက် တာချီလိတ်မြို့မှာ အလုပ် လာလုပ်တဲ့ ထိုင်းနိုင်ငံသားတွေကို တရားဥပဒေအရ အရေးယူပြီး ပြည်နှင်ခွင့် အမိန့်နဲ့ လွှဲပြောင်းပေးတာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဦးစည်သူမောင်က ပြောပါတယ်။ ဒါပေမဲ့ တရားဝင် ယာယီ နယ်စပ်ဖြတ်သန်းခွင့် border pass နဲ့ ဝင်လာတာ၊ ထိုင်းသံရုံးရဲ့ ခွင့်ပြုချက်၊ သံရုံးရဲ့ ထောက်ခံစာတွေနဲ့ ပြန်လည် လွှဲပြောင်းပေးတာက ၆၉၀ ဦးကျော်သွားပြီ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် နှစ်နိုင်ငံချစ်ကြည်ရေးတံတားပေါ်ကနေ တာချီလိတ်မြို့ တဖက်ကမ်း မယ်ဆိုင်ဘက်ကို တပတ်မှာ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တွေမှာ ထိုင်းနိုင်ငံသားတွေ နေရပ်ပြန်သူတွေကို ပို့ပေးနေ တာပါ။ တာချီလိတ်မြို့က ဟိုတယ်တွေမှာ ဖျော်ဖြေရေးလုပ်ငန်း၊ ကာစီနို လောင်းကစားရုံးတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံသားတွေ တရားမဝင် နယ်စပ်ဖြတ်ကျော်လာပြီး ကိုဗစ်ရောဂါပိုး တွေ့ရှိမှုတွေ များပြားလာတာ ဖြစ်ပါတယ်။
ဒီဇင်ဘာလလ ၁၁ ရက်နေ့ထုတ် ဘန်ကောက်ပိုစ့် အွန်လိုင်း သတင်းမှာ ကိုဗစ်ရောဂါ အတည်ပြုလူနာ ၁၁ ဦးရှိပြီး အဲဒီထဲက ၃ ဦးဟာ မြန်မာနိုင်ငံ တာချီလိတ်ကနေ ပြန်လာသူတွေ ဖြစ်တယ်လို့ ဒီဇင်ဘာလ ၁၁ ရက်နေ့က ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလ ၁၁ ရက်နေ့ ကိုဗစ်ရောဂါ ကူးစက်ခံရသူပေါင်း ၄ ထောင် ကျော်ရှိပြီး သေဆုံးသူ ၆၀ ရှိပါတယ်။