ခင်ဦး မြို့သစ်ရွာတိုက်ပွဲ PDF တပ်ဖွဲ့ဝင် ၁၄ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြို့သစ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တို့ ဖေဖော်ဝါရီလ ၁၇ ရက် မနေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှာ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ၁၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် တွေက ပြောပါတယ်။
အချိန် ၄ နာရီကျော်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး တွေနဲ့ အချက် ၄၀ ခန့်ပစ်ခတ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
"စစ်ကောင်စီက စစ်ကြောင်းထိုးလာတော့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ကြတာ။ နှစ်ဖက်တိုက်ပွဲဆိုပေမယ့် စစ်ကောင်စီဘက်က အားသာတာပါ။ တိုက်ဖို့က လက်နက် အင်အား ချင်းကလည်း မမျှဖြစ်သွားတယ်။ အသက် ၁၅ နှစ်ကလေးတွေ ပါတယ် ဆိုတာကလည်း သူတို့အိမ်တွေလည်း မီးရှို့ခံရတဲ့အထဲ ပါသွားတော့ မခံစားနိုင်တော့ ရရာလက်နက်စွဲ တိုက်ကြတော့တာပေါ့"
သေဆုံးသွားသူတွေဟာ အသက် ၁၅ နှစ်၊ ၁၈ နှစ်၊ ၁၉ နှစ်အရွယ် လူငယ်တွေ အများစု ပါဝင်ပြီး မနေ့က သင်္ဂြိုဟ်လိုက်တယ်လို့ ဆိုပါတယ်။
မနေ့ကတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တရားဝင် ထုတ်ပြန်တာ မရှိသေးပါဘူး။
ဒီနေ့မှာတော့ စစ်ကောင်စီတပ်သားတွေဟာ ခင်ဦးမြို့ပေါ်ရပ်ကွက်တွေကို ဝင်ရောက် စစ်ဆေးတာ၊ ဖမ်းဆီးတာတွေ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင် ၈၀ ကျော်လောက်ဟာ ခင်ဦးမြို့ပေါ်နဲ့ ကျေးရွာအချို့မှာ တပ်စွဲထားပြီး လှည့်ပတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် မြို့သစ်၊ သာဂရ၊ ကံကြီးကုန်း၊ ရွှေယမင်းနဲ့ သိမ်တောင် စတဲ့ ကျေးရွာ ငါးရွာက ဒေသခံ ၅၀၀၀ ကျော်ဟာ နီးစပ်ရာ ဘုန်းကြီးကျောင်း တွေနဲ့ အခြားကျေးရွာတွေမှာ ထွက်ပြေး တိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။