KIO ဌာနချုပ် သေဆုံးသူတွေထဲမှာ ABSDF အဖွဲ့က၂ ယောက်ပါဝင်


2014.11.19

ကေအိုင်အို ဌာနချုပ် အနီးရှိ ဗိုလ်လောင်းသင်တန်းကျောင်းကို အစိုးရတပ်က မနေ့က လက်နက်ကြီးနဲ့ ပစ်ခတ် လို့ ကေအိုင်အို ဗိုလ်လောင်း ၂၀ ကျော်သေဆုံးသွားခဲ့ရာမှာ၊ အဲ့ဒီမှာသင်တန်းတက်နေတဲ့ ABSDF မြောက် ပိုင်းကျောင်းသားတပ်မတော်အဖွဲ့ က ၂ ယောက်လည်း ပါဝင်တယ်လို့ သတင်းရရှိပါတယ်။

မနေ့နေ့လည်ပိုင်းက လိုင်ဇာမြို့အရှေ့ဖက် ကေအိုင်အို ဗိုလ်လောင်း သင်တန်းကျောင်း ကို စကခ ၃ လက်အောက် ခံတပ်တွေ နေရာယူထားတဲ့ ခါယာတောင်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ သင်တန်း စစ်ရေးပြချိန်အတွင်း ပစ်ခတ်တာကြောင့် ၂၂ ဦး သေဆုံးပြီး၊ ၁၅ ဦးဒဏ်ရာ ရကြောင်း၊ သေဆုံးသူတွေ ထဲမှာ ကေအိုင်အို နယ်မြေမှာ အခြေစိုက်ထားတဲ့ ABSDF မြောက်ပိုင်း ကျောင်းသား တပ်မတော် အဖွဲ့က ဗိုလ်လောင်း သင်တန်းတက်နေတဲ့သူ၂ ယောက်လည်း ပါသွားကြောင်း မြောက်ပိုင်း ကျောင်းသားခေါင်းဆောင် ရဲဘော်လဆိုင်း က ပြောပါတယ်။

"ကျွန်တော်တို့ ဆီက ၂ ယောက်ပါသွားတယ်၊ စစ်ရေးပြနေတဲ့ အချိန်မှာ လာကျတာဆိုတော့ လူကတော့ ထိတာပေါ့၊ အခုတော့ အဲ့မှာ စကခ ၃ လက်အောက်ခံ တပ်တွေ နေရာယူထားတယ် "

ဒဏ်ရာရရှိသူ ၁၅ ဦးကို လိုင်ဇာ ဆေးရုံမှာ ကုသနေတယ်လို့ သိရပါတယ်။KIA ပြောခွင့်ရသူဦးလနန်း ကလည်း ဒီတိုက်ခိုက်မှုဟာ တစ်ကြိမ်တည်းနဲ့ ဆုံးရှုံးမှု အကြီးမားဆုံးဖြစ်တယ်လို့ AFP သတင်းကို ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကေအိုင်အေက ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြထားတယ်လို့လည်း သိရပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာ MPC က ဦးလှမောင်ရွှေ ကဒီသတင်း အစိုးရဆီကို ပို့ထားကြောင်း၊ ဒီလို တိုက်ပွဲတွေ အရှိန်လျှော့အောင် ကြိုးပမ်းနေကြောင်း ပြော ဆိုတယ်လို့ အခုအချိန်ဟာ အစိုးရအနေနဲ့ ကေအိုင်အို အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတွက် ဆွေးနွေးနေချိန်လည်း ဖြစ်ပါ တယ်။ အစိုးရတပ်နဲ့ KIA အကြား အပစ် အခတ်တွေ ငြိမ်သက်နေ ရာက ဒီရက်ပိုင်းအတွင်း ပစ်ခတ်သံတွေ ပြန် ကြားလာ ခဲ့ရပြီး၊ မန်စီ နဲ့ ဟိုပင် မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ KIO ဟာ ၁၉၉၄ ခုနှစ်က စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ပါတယ်။ ဦးသိန်းစိန် အစိုးရတက်လာပြီးတဲ့နောက် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ ရာမှာ သုံးနှစ်ကျော်အတွင်း ကချင် စစ်ပြေးဒုက္ခသည် ၁ သိန်းကျော် ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။