မန္တလေးအစိုးရရဲ့ ရသုံးမှန်းခြေ စာရင်းက ကျပ်သိန်းပေါင်း သုံးသောင်းကျော်ကို တိုင်းလွှတ်တော် ဖြတ်တောက်


2016.12.09
mdy-parliament-dec9-620.jpg ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးကို ဒီဇင်ဘာလ ၈ ရက်နေ့ကကျင်းပစဉ်
Photo: Hset Paing Toe/RFA

မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ် အရအသုံးခန့့်မှန်းခြေ လျာထားချက်စာရင်းနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က သုံးစွဲဖို့တောင်းဆိုထားတဲ့ ကျပ်သိန်းပေါင်း သုံးသောင်းကျော်ကို လွှတ်တော်က ဖြတ်တောက်လိုက်ပြီး ပြည်သူအကျိုးပြုလုပ်ငန်းတွေမှာ အသုံးပြုဖို့ ဒီနေ့ အတည်ပြုပေးခဲ့တယ်လို့ ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)က လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး က ပြောပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့က စွန်ရဲအင်းကန် အကြီးစားပြင်ဆင်မယ့်ကိစ္စ၊ ဌာနဆိုင်ရာရုံးတွေကို ဆောက်လုပ် မယ့်ကိစ္စ၊ အုပ်ချုပ်ရေးရုံးအတွက် ကားတွေဝယ်ယူမယ့်ကိစ္စတွေမှာ ကျပ်သိန်းပေါင်းသောင်းချီအသုံးပြုမှာ ကို ဖြတ်တောက်လိုက်ပြီး ကျေးလက်မီးလင်းရေး၊ လမ်းပြုပြင်ရေး စတဲ့ ပြည်သူအကျိုးပြုလုပ်ငန်းတွေမှာသာ သုံးစွဲဖို့လွှတ်တော်က အတည်ပြုခဲ့တယ်လို့ ဦးမြင့်အောင်မိုး က ပြောပါတယ်။

"အများဆုံးဖြတ်တောက်တာဆိုရင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက တင်ထားတဲ့ ခရိုင်မြို့နယ်ရုံး နှစ်ရုံး ကျပ်သိန်းပေါင်း သုံးသောင်းပေါ့ ဒါအများဆုံးပေါ့၊ တင်ပြထားတဲ့အထဲမှာလည်း ဘယ်ခရိုင် ဘယ်မြို့နယ် ဆိုတာ အသေးစိတ် မတင်ပြထားပါဘူး၊ မန္တလေးတိုင်းတစ်တိုင်းလုံးမှာလည်း မြို့နယ်ရုံးတွေက ရှိပြီး သားဖြစ်တဲ့အတွက် မလိုအပ်တဲ့အတွက် ဖြတ်တောက်တာပါ၊ ဖြတ်တောက်လိုက်တဲ့ သိန်းပေါင်း သုံးသောင်းကို ကျေးရွာပေါင်းတစ်ရာ မီးလင်းရေးလုပ်လို့ရပါတယ်၊ အဲဒီကိစ္စတွေမှာ ခေါင်းစဉ်ပြောင်း သုံးဖို့ကိုလည်း လွှတ်တော်က အတည်ပြုပေးထားပါတယ်" လို့ လွှတ်တော်မှာ ဘတ်ဂျတ်ကိစ္စနဲ့ ပတ်သက်ပြီး အဆိုတင်ဆွေနွေးခဲ့တဲ့ ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)က ဦးမြင့်အောင်မိုး က ပြောပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က တိုင်းဒေသကြီးအဆင့် ဌာန ၂၄ ခုရဲ့ ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေစာရင်းအနေနဲ့ ကျပ် ၁၀၈ ဘီလီယံ ကျော်တောင်းခံခဲ့တဲ့အပေါ် ဒီနေ့ ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးက ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် တိုင်းဒေသကြီးအသီးသီးရေးဆွဲရမယ့် ဘတ်ဂျက်ဘဏ္ဍာရေးမူအရ အသုံး စာရင်းတွေကို ပြည်ထောင်စုအစိုးရကို ဒီလ ၁၀ ရက်နေ့ နောက်ဆုံးထားပေးပို့ရမှာဖြစ်လို့ မန္တလေးတိုင်းဒေသကြီး ရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မူလအရအသုံးခန့်မှန်းခြေ လျာထားချက်စာရင်းကို ဆွေးနွေးအတည်ပြုနိုင်ဖို့ ဒီလ ၈ ရက်နဲ့ ၉ ရက်နေ့မှာ တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။