တိုင်းရင်းသားဒေသ ရွေးကောက်ပွဲ ဖျက်သိမ်းမှုကို HRW ဝေဖန်
2020.10.28
ရွေးကောက်ပွဲကော်မရှင်က တိုင်းရင်းသားလူမျိုးစုဒေသ အများအပြားမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဘူးဆိုပြီး ကြေညာလိုက်တာဟာ ပွင့်လင်းမြင်သာမှု မရှိတဲ့အပြင် လူနည်းစု မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေးကို လျစ်လျူရှုရာ ရောက်တယ်လို့ HRW အဖွဲ့ရဲ့ အောက်တိုဘာ ၂၈ ရက်နေ့ ဒီကနေ့ ရက်စွဲတပ် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တွေကို ကြေညာရာမှာ ဒေသခံတွေ၊ ဒေသအခြေစိုက် အဖွဲ့အစည်းတွေ၊ ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ တိုင်ပင်ဆွေးနွေးမှု လုံးဝမရှိခဲ့ဘူးလို့လည်း ထောက်ပြထားပါတယ်။
ကော်မရှင်ဆုံးဖြတ်ချက်က ပွင့်လင်းမြင်သာမှု နည်းနည်းလေးမှ မရှိပါဘူး။ ပြည်သူတွေ သူတို့ရဲ့ ကိုယ်စားလှယ်ကို ရွေးကောက်နိုင်ခွင့် ထိခိုက်စေတယ်လို့ HRW ရဲ့ အာရှရေးရာ ဒုတိယ ဒါရိုက်တာ Phil Robertson က ဝေဖန်လိုက်ပါတယ်။
“မြန်မာပြည်က ဒေသတချို့မှာ လုံခြုံရေးပြဿနာ အကြီးအကျယ် ကြုံနေရတယ်ဆိုရင်လည်း အာဏာပိုင်တို့အနေနဲ့ တတ်နိုင်သမျှ ကြိုးပမ်းသင့်ပါတယ်၊ ဒါမှ မဲပေးခွင့်ရှိသူတွေ မဲပေးလို့ ရမှာပါ” လို့ Robertson က ပြောပါတယ်။
ရွေးကောက်ပွဲ ဖျက်သိမ်းခံလိုက်ရတဲ့ မဲဆန္ဒနယ်တွေမှာ မဲဆန္ဒရှင် ၁.၃ သန်း ကျော် မဲပေးခွင့် ဆုံးရှုံးသွားတယ်လို့ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာနေတဲ့ တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့ အမှုဆောင် ဒါရိုက်တာ ကိုရဲမျိုးဟိန်းက ရွေးကောက်ပွဲကော်မရှင်ဟာ အဲဒီနယ်မြေမှာရှိနေတဲ့ အင်အားစုတွေ၊ ဒေသခံတွေနဲ့ တိုင်ပင်ခဲ့သင့်တယ်လို့ သုံးသပ်ပါတယ်။
“တကယ်ဆို ရွေးကောက်ပွဲကော်မရှင်က အဲဒီဒေသကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တစ်ခုခု ဆုံးဖြတ်မယ်ဆိုရင် သက်ဆိုင်ရာဒေသမှာ ပါဝင်တဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့လိုတယ်။ အဲဒီမှာ ဝင်ရောက်ရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ မြေပြင်အခြေအနေကို ညှိနှိုှုင်းဆွေးနွေး ဆောင်ရွက်ဖို့ လိုတယ်လို့ မြင်တယ်။ အဲဒီလိုဆောင်ရွက်ခဲ့တာ မရှိဘူးလို့ ကြားရတယ်။ ဒါကတော့ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့ မြင်ပါတယ်”
ရခိုင်ပြည်နယ်က မြို့နယ် ၉ မြို့နယ်၊ ရှမ်းပြည်နယ်က မြို့နယ် ၆ မြို့နုယ် စုစုပေါင်း ၁၅ မြို့နယ်မှာ ရွေးကောက်ပွဲကို ဖျက်သိမ်းလိုက်ပြီး အဲဒီပြည်နယ်တွေအပြင် ကချင်၊ ကရင်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းက မြို့နယ် ၄၂ မြို့နယ်အတွင်းက ရပ်ကွက်ကျေးရွာအုပ်စု ၄၀၀ ကျော်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ UEC က အောက်တိုဘာ ၁၆ ရက်နေ့မှာ ကနဦး ကြေညာခဲ့ပါတယ်။
အဲဒီနောက် နယ်မြေအေးချမ်းပြီး ရွေးကောက်ပွဲ ကျင်းပနိုင်တယ်လို့ အောက်ခြေသက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေရဲ့ ပြန်လည်ပြောဆိုချက်တွေအရ ရှမ်းပြည်နယ်က မူဆယ်၊ လားရှိုး၊ ကွမ်းလုံ မြို့နယ်တွေက ကျေးရွာအုပ်စု တစ်ခုစီ၊ ရခိုင်ပြည်နယ် ကျောက်ဖြူက ကျေးရွာအုပ်စု ၃ ခု၊ အမ်းမြို့နယ်က ကျေးရွာအုပ်စု ၄ ခုတို့မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ အောက်တိုဘာ ၂၇ ရက် မနေ့က UEC က ထပ်မံကြေညာလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ဖျက်သိမ်းခံလိုက်ရတဲ့ မဲဆန္ဒနယ်တွေနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ညှိနှိုင်းပြောဆိုတာမျိုး မရှိခဲ့ဘဲ ကြေညာချက် ထုတ်ပြီးနောက်မှ နိုင်ငံရေးပါတီတွေက တင်ပြလို့ အစည်းအဝေးခေါ်ယူ ဆွေးနွေးခဲ့တယ်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောပါတယ်။
“ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့နေရာတွေနဲ့ ပတ်သက်ပြီးတော့ ANP ပါတီက ပြန်လည် သုံးသပ်ဖို့ ပြည်နယ်ကော်မရှင်ကို တင်ပြလာတာ တနလာၤနေ့က ကော်မရှင် စေ့စပ်ညှိနှိုင်းရေးကော်မတီက အစည်းအဝေးခေါ် ဆွေးနွေးတယ်။ သူတို့ကတော့ မကျင်းပဘူးလို့ ဆုံးဖြတ်တဲ့ ၉ မြို့နယ်ကို သုံးသပ်ပေးဖို့ တင်တာပေါ့။ လုပ်လို့ရနိုင်မယ်လို့ ကိုယ်စားလှယ်အများစုက တင်ပြတဲ့နေရာတွေကို ကော်မရှင်က ပြန်လည်တင်ပြပေးမယ်လို့ ဆုံးဖြတ်လိုက်တာ။ တင်လည်းတင်ပြလိုက်ပါတယ်”
ရွေးကောက်ပွဲကော်မရှင်ရဲ့ မနေ့က သတင်းထုတ်ပြန်ချက်မှာ တပ်မတော်က နယ်မြေအေးချမ်းမှု မရှိဘူးလို့ မှတ်ချက်ပေးထားတဲ့ ပလက်ဝမြို့နယ်က ကျေးရွာအုပ်စု ၉၄ အုပ်စုမှာ ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်ပါတယ်။ ပလက်ဝမြို့နယ်မှာ ကျေးရွာအုပ်စု ၈ ခုလောက်မှာသာ ရွေးကောက်ပွဲ ကျင်းပနိုင်တော့မှာဖြစ်ပြီး မူလက မဲပေးခွင့်ရှိသူ ၆ သောင်းကျော်ထဲမှာ အခုဆိုရင် ၁ သောင်းဝန်းကျင်သာ မဲပေးခွင့်ရတော့မှာပါ။
ပလက်ဝလိုနေရာမျိုးမှာ ရွေးကောက်ပွဲကို ရနိုင်သမျှ ဖြစ်အောင် ကျင်းပတာ တွေ့ရတယ်လို့ ရခိုင်အမျိုးသားပါတီ ANP က ဗဟိုကော်မတီဝင် ဦးဖေသန်းက ဝေဖန်ပါတယ်။
“ပိတ်တဲ့နေရာ အားလုံးလိုလိုဟာ တိုင်းရင်းသားပါတီတွေ အနိုင်ရတဲ့ နေရာတွေကြီးပဲ တွေ့ရတယ်။ ရခိုင်ပြည်နယ်မှာ ဆိုရင် ၉ မြို့နယ်လုံး ANP က အနိုင်ရတဲ့ နယ်မြေတွေချည်းပဲ။ ပလက်ဝမြို့နယ်လို နေရာမျိုးကြတော့လည်း သူတို့က နိုင်ခြေရှိတော့ လုပ်တယ် ကျေးရွာအုပ်စု အများစုကို ဖြုတ်လိုက်တယ်။ မဲဆန္ဒနယ် မပျက်ဘူး၊ မြို့ပေါ်အပါအဝင် တချို့နေရာတွေ လုပ်တယ် ကိုယ်စားလှယ်လောင်းတွေ ပျက်ယွင်းတဲ့အထိ မဖြစ်ဘူး။ မလုပ်ချင်တဲ့ကြားက လုပ်နေရတဲ့ ကျောက်ဖြူတို့ အမ်းတို့ မြို့ပေါ်ပဲ လုပ်တယ်။ အဲဒီလို လုပ်မယ်ဆို ဒီဖက်က ပိတ်ထားတဲ့ မြို့နယ် ၉ မြို့နယ် အကုန်လုံး လုပ်လို့ရတယ်”
ရွေးကောက်ပွဲကို ရွှေ့ဆိုင်းတာတွေနဲ့ ပတ်သက်ပြီး UEC ဟာ တပ်မတော်၊ အစိုးရနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ သဘောထား မှတ်ချက်တွေ တောင်းခံခဲ့ပြီး ဆုံးဖြတ်ခဲ့တာလို့ အောက်တိုဘာ ၂၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
HRW ကတော့ ဒီလိုရွှေ့ဆိုင်းလိုက်ရတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘယ်လိုစံနှုန်း သတ်မှတ်ချက်တွေနဲ့ ညှိစွန်းလို့ ရွေးကောက်ပွဲကို မကျင်းပဖို့ ဆုံးဖြတ်တယ်ဆိုတာကို ပွင့်လင်းမြင်သာစွာ ချပြပြောဆိုတာ မရှိဘူးလို့လည်း ထောက်ပြထားပါတယ်။
အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီအဖွဲ့ဝင် မုံရွာ အောင်ရှင်ကတော့ ကော်မရှင်က ဒီကိစ္စပြန်သုံးသပ်ပေးမယ်လို့ ပြောထားတာကြောင့် စောင့်ကြည့်ရမယ်လို့ မှတ်ချက်ပြုပါတယ်။
“ဒီကိစ္စက UEC က တိုက်ရိုက်လုပ်တဲ့ကိစ္စဆိုတော့ ကျွန်တော်တို့ ပါတီအနေနဲ့ရော၊ အစိုးရအနေနဲ့ရော ဘာမှစွက်ဖက်ခွင့် မရှိဘူးဗျ။ တချို့နေရာဒေသတွေမှာ တိုက်ပွဲလည်း နည်းတယ်ပေါ့လေ၊ နည်းပြီးတော့ ကျင်းပခွင့်မရတာထဲမှာ ထည့်ထားတဲ့အတွက်ကြောင့် တိုင်းရင်းသားပါတီတွေက ပြောလာကြတာပေါ့ဗျာ။ ဒါတွေကို တစ်နေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ UEC က ဒါ ပြန်ပြီးသုံးသပ်ပေးပါမယ်လို့ ပြောထားတာရှိတယ်။ ကျွန်တော်တို့ အဲဒါကို စောင့်ကြည့်ရမှာပါပဲဗျ" လို့ RFA ကို အောက်တိုဘာ ၂၃ ရက်နေ့က ပြောပါတယ်။
သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ ရခိုင်ပြည်နယ်မှာ မြို့နယ် ငါးမြို့နယ်မှာ တစ်မြို့နယ်လုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲ မကျင်းပသင့်တဲ့ နယ်မြေအဖြစ် သတ်မှတ်သင့်ကြောင်း အစိုးရအဖွဲ့လက်အောက်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အကြံပြုခဲ့တာလို့ အောက်တိုဘာလ ၂၃ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကချင်ပြည်နယ် ပြည်သူ့ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ဒွဲဘူကတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ဆုံးဖြတ်ချက်တွေဟာ လွတ်လပ်မှုမရှိဘူးလို့ စွပ်စွဲလိုက်ပါတယ်။
“လက်ရှိ လုပ်ဆောင်နေတဲ့အနေအထားမှာ UEC က လွတ်လပ်တဲ့ အနေအထား မရှိဘူးလို့ ဒီလိုပဲ သုံးသပ်တယ်။ အစိုးရရဲ့ လမ်းညွှန်မှုအောက်မှာပဲ ရှိတယ်လို့ ဒီလိုပဲ မြင်တယ်။ တချို့ကိစ္စတွေဆို အစိုးရက ကြိုသိနေတာ ထုတ်ပြောနေတာ ရှိတယ်။ UEC ကအောက်ခြေနဲ့ ဆွေးနွေးတာမရှိဘဲ အစိုးရ လမ်းညွန်ချက်အတိုင်း အစိုးရနဲ့ ပြည်ထဲရေး တွဲနေတာလားဘာလား မသိဘူး သူတို့ပဲသိမယ်”
ဖျက်သိမ်းခံလိုက်ရတဲ့ မဲဆန္ဒနယ်တွေဟာ တိုင်းရင်းသားပါတီတွေ လွှမ်းမိုးတဲ့ မဲဆန္ဒနယ်တွေဖြစ်တဲ့အတွက် လက်ရှိ NLD အစိုးရဟာ UEC နဲ့ ပူးပေါင်းပြီး ရွေးကောက်ပွဲ မကျင်းပဖို့ ဆုံးဖြတ်တာလို့ စွပ်စွဲချက်တွေလည်း ရှိနေပါတယ်။
“အခုကတော့ ဖြစ်စဉ်ကိုကြည့်လိုက်ရင် အားလုံး သဘောပေါက်မှာပါ UEC က ထုတ်ပြန်လိုက်တယ်။ တပ်မတော်က ပြန်ပြောတယ်။ သူတို့အကြံပြုသလို မဟုတ်ပါဘူးဆိုပြီး ပြီးရင် အစိုးရက ပြန်ရှင်းတယ်။ ပြီးရင် UEC က ပြန်ရှင်းတယ်။ အဖြစ်အပျက်တွေကို ကြည့်လိုက်ရင် ကွင်းကွင်းကွက်ကွက် ပေါ်တယ်။ ဘယ်သူက ဘယ်သူ့အပေါ် ဖိအားပေး လုပ်ဆောင်နေတယ်ဆိုတာ ကွင်းကွင်းကွက်ကွက် ပေါ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဘက်လိုက်ခဲ့ရင် မဟုတ်မမှန်လုပ်ရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ သမိုင်းပဲ။ သူတို့ပဲ တာဝန်ခံရမှာ”
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးစိုင်းကျော်ညွှန့် ပြောသွားတာပါ။
အာဏာရ NLD ပါတီအပေါ် ဒီလိုစွပ်စွဲပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ပါတီဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်နဲ့ ဗဟိုအောင်နိုင်ရေးကော်မတီ ပြောခွင့်ရှိသူ ဒေါက်တာမျိုးညွန့်တို့က အစဉ်တစိုက် ငြင်းဆိုခဲ့ကြတာပါ။
ရွေးကောက်ပွဲ ဖျက်သိမ်းခံလိုက်ရတဲ့နေရာတွေက မဲပေးခွင့် ဆုံးရှုံးသွားတွေထဲမှာ လူနည်းစု တိုင်းရင်းသားတွေ ပါဝင်နေပြီး သူတို့တွေ မဲပေးခွင့် ရရှိနိုင်ရေးအတွက် ရွေးကောက်ပွဲ ကျင်းပနိုင်အောင် UEC နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက အတတ်နိုင်ဆုံး ကြိုးပမ်းသင့်တယ်လို့လည်း HRW က တိုက်တွန်းထားပါတယ်။
ရွေးကောက်ပွဲ မကျင်းပနိုင်တော့တဲ့ နေရာတွေမှာ ဘေးကင်းလုံခြုံတဲ့အချိန် ဆက်ကျင်းပသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် က အောက်တိုဘာ ၂၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)