ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ငြိမ်းချမ်းရေးညီလာခံ အချိန်ရွှေ့ဆိုင်း

နေမျိုးထွန်း
2020.04.22

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မြန်မာနိုင်ငံမှာ ရာဂဏန်းရှိလာတာကြောင့်  မေလဆန်းပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို အချိန်ရွှေ့ဆိုင်းလိုက်ရပါတယ်။

၂၁ ရာစု ပင်လုံညီလာခံကို   မေလဆန်းမှာ ပြန်လည်ကျင်းပနိုင်ဖို့ အစိုးရနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ သဘောတူညီထားပေမယ့် မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နေ့စဉ်တိုးလာတာကြောင့် အချိန်ရွှေ့ ဆိုင်းထားတယ်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက RFA ကို ပြောပါတယ်။

“တာဝန်ယူနေတဲ့ ခေါင်းဆောင်အားလုံးက မနားမနေ ကြိုးစားနေကြတာ တွေ့ရပါတယ်။ ဒီကပ်ရောဂါဘေး လွန်တာနဲ့ ဆက်တိုက်တစ်ခုပြီးတစ်ခု စီမံဆောင်ရွက်သွားဖို့ သူတို့ အဆင်သင့်ရှိပါတယ်။ ဒါကြောင့် ဘယ် အစီအစဉ်မှ ပျက်သွားတာ မရှိဘူး။ သို့သော် အချိန်ရွှေ့သွားတာတော့ ရှိပါတယ်။ ကျွန်တော်တို့ ကပ်ရောဂါလွန် သြဂုတ်လ မတိုင်ခင်မှာတော့ မူလအစီအစဉ်အတိုင်းပဲ လုပ်ဖြစ်မယ်လို့ မျှော်မှန်းထားပါတယ်”

လက်ရှိအခြေအနေအရ တွေ့ဆုံဆွေးနွေးဖို့ အခြေအနေ မပေးတာကြောင့် ကွန်ပြူတာ အင်တာနက်ကနေ ချိတ်ဆက်ဆွေးနွေးပွဲတွေ လုပ်နေရတာမှာ ကျေကျေလည်လည် အပြန်အလှန်ပြောဆိုဖို့ ခက်ခဲတယ်လို့လည်း ဆိုပါတယ်။

ပင်လုံညီလာခံ ရွှေ့ဆိုင်းထားမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

ငြိမ်းချမ်းရေး ကိစ္စတွေမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ အမည်မဖော်လိုသူတစ်ဦးကတော့ လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအခြေအနေအရ လာမယ့် မေလမှာ ပင်လုံညီလာခံကျင်းပနိုင်မှာ မဟုတ်ကြောင်းနဲ့ ပြန်လည်ကျင်းပနိုင်ရေး ဆက်လက်ဆွေးနွေးနေကြောင်း RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်ထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM က ထုတ်ထားတဲ့ သဘောတူချက်နဲ့ ရှေ့လုပ်ငန်းစဉ်တွေကတော့ အပြောင်းအလဲမရှိဘဲ အစိုးရ၊ တပ်မတော်၊ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေအားလုံး တစ်ညီတညွတ်တည်း သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ အဆင်သင့်ရှိတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု  ရပ်စဲရေး သဘောတူ စာချုပ် (NCA) မှာ လက်မှတ်ထိုးထားကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေဟာ ကမ္ဘာ့ကပ်ရောဂါကြောင့် ဘယ်သူမှ ရုံးမထိုင်နိုင်ကြသလို တခြားအဖွဲ့ တွေနဲ့လည်း အွန်လိုင်းကနေပဲ ဆွေးနွေးနေကြရတာကြောင့် ညီလာခံအတွက် ပြင်ဆင်တာမျိုးပဲ လုပ်ဆောင်နိုင် မယ်လို့ ရခိုင်လွတ်မြောက်ရေးပါတီ ALP က ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

“ဧပြီ သို့မဟုတ် မေလဆန်းမှာ ကျင်းပမယ်လို့ ကျွန်မတို့ စဉ်းစားခဲ့တဲ့ ၂၁ ရာစု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဟာဆိုရင် သတ်မှတ်ထားတဲ့ ကာလအတွင်းမှာ ဖြစ်ဖို့က လုံးဝမသေချာတော့ပါဘူး။  ဒါပေမဲ့ ကျွန်မတို့ဘက်က ပြင်ဆင်မှုတွေ လုပ်နေသလို အစိုးရဘက်ကလည်း လုပ်နေလိမ့်မယ်လို့ ထင်ပါတယ်။ ပြီးရင် NCA ရဲ့ အကောင်အထည်ဖော်မှုကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတဲ့ အချက်တွေကို အစိုးရနဲ့ ကိုယ်စားလှယ်အဖွဲ့လွှတ်ပြီး ဆွေးနွေးနေတာရှိပါတယ်”

တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ရန်ကုန်မြို့က ဦးမောင်မောင်စိုးကတော့  ဒီနှစ်ထဲမှာ ၂၁ ရာစု ပင်လုံညီလာခံလုပ်ဖို့ ခဲယဉ်းတယ်လို့ သုံးသပ်ပါတယ်။

“Covid-19 ရဲ့ ကာလအနားသတ်က ဘယ်တော့လဲဆိုတာ ကျွန်တော်တို့ ဘယ်သူမှ မပြောနိုင်ဘူး။ ဒီငြိမ်းချမ်းရေးညီလာခံ ပြန်စဖို့ဆိုတာကတော့ နည်းနည်းခက်လိမ့်မယ်လို့ ထင်ပါတယ်။ တချို့မျှော်မှန်းတဲ့ ဇူလိုင်၊ သြဂုတ်လောက်မှာ လုပ်နိုင်မလားဆိုတာ ကျွန်တော်တော့ သိပ်မထင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနှစ်ထဲမှာ ရွေးကောက်ပွဲရှိတာကိုး။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အာရုံစိုက်ရမယ့် အချိန်ကာလတွေ ရှိတာကြောင့် ဒီနှစ်ထဲမှာ ၂၁ ရာစု ပင်လုံညီလာခံစဖို့ အတော်လေး ခဲယဉ်းလိမ့်မယ် ထင်ပါတယ်။ ဒါ့အပြင် NCA လက်မှတ်ရေးထိုးမထားတဲ့ မြောက်ပိုင်းအဖွဲ့တွေ ပါဝင်လာဖို့ အလားအလာ နည်းနေတယ်လို့ မြင်ပါတယ်”

ပင်လုံညီလာခံ ပြန်လည် အစပြုဖို့ ပြင်ဆင်ရာမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ  ကျင်းပဖို့ခွင့်ပြုလိုက်တာ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ကောင်းတဲ့အလားအလာ ဖြစ်တယ်လို့လည်း ဦးမောင်မောင်စိုးက ပြောပါတယ်။

နေပြည်တော်မှာ မတ်လက ပြုလုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC အစည်းအဝေးမှာ တစ်ကြိမ်မှ မကျင်းပနိုင်သေးတဲ့ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို လင်းခေးမြို့နဲ့ ရန်ကုန်မြို့တွေမှာ ကျင်းပဖို့ သဘောတူညီထားကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လမှာကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံမှာ ပြည်ထောင်စု သဘောတူညီချက် ၁၄ ချက်ရခဲ့ပေမယ့် ပြည်နယ်တွေ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ဆိုင်တဲ့ ကိစ္စ၊ DDR/SSR လို့ခေါ်တဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းတဲ့ကိစ္စ၊ ပြည်ထောင်စုက ခွဲမထွက်ရေး၊ တစ်ခုတည်းသော တပ်မတော် စတဲ့ အရေးကြီးတဲ့ကိစ္စတွေကို ပြီးပြတ်အောင် မဆွေးနွေးနိုင်ခဲ့ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။