ခင်ဦးမြို့နယ် မြို့သစ်ရွာက နေအိမ် ၄၀၀ ခန့်မီးရှို့ခံရပြီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာပြင်းထန်
2023.04.29

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မြို့သစ်ရွာမှာ ဧပြီလ ၂၆ ရက်နဲ့ ၂၇ ရက်နေ့က အိမ်ခြေ ၄၀၀ ဝန်းကျင် မီးရှို့ခံခဲ့ရပြီး ဒေသခံတစ်ဦး မီးထဲပါသေဆုံးခဲ့သလို အဖမ်းခံရပြီး ပြန်လွတ်လာတဲ့ အမျိုးသမီးတစ်ဦးလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၅၅ နှစ်အရွယ် ဦးထွန်းဝင်းက မီးလောင်သေဆုံးခဲ့ပြီး ပြန်လွတ်လာတဲ့ အသက် ၅၀ ဝန်းကျင် ဒေါ်သန်းခိုင်က ဒဏ်ရာပြင်းထန်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့ခေါ်သွားပြီးတော့ သေနတ်ဒင်နဲ့ဆောင့်ပြီးတော့ ရိုက်နှက်ထားတာ ခေါင်းတွေတော့ ဖုနေတယ်။ သေမလားတော့ မသိဘူး။ နားပန်းမှာလည်းသွေးတွေနဲ့ သူက နဂိုကတည်း စိတ်ကလည်း သိပ်မမှန်တော့ ဘာမှလည်း မေးလို့မရဘူး။ တစ်ယောက်ကတော့ အိမ်ထဲပိတ်ရှို့သွားတာ အရိုးစုတော့ တွေ့ပြီးသွားပြီ”
စစ်ကြောင်းဝင်လာလို့ တောတွေထဲပုန်းခိုနေရတဲ့ ဒေသခံ တစ်ရာကျော်ဟာလည်း ဧပြီ ၂၇ ရက်နေ့ညက မိုးရွာသွန်းတာကြောင့် ဒုက္ခရောက်ကြတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မြို့သစ်ရွာခံတွေဟာ နီးစပ်ရာရွာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရပြီး ထောက်ပံ့ကူညီမှုတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့သစ်ရွာဟာ ခင်ဦးမြို့နဲ့ ရေဦးမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းဘေးကရွာဖြစ်ပြီး အိမ်ခြေ ၆၀၀ ခန့်နဲ့ အိမ်ထောင်စုပေါင်း ၇၀၀ ခန့်၊ လူဦးရေနှစ်ထောင်ကျော် နေထိုင်ကြတယ်လို့ ဒေသခံတွေ ဆိုပါတယ်။
မြို့သစ်ရွာ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ မတ်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၄၇,၇၇၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။